Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နေဝန်းနီအရှုံးကို စစ်​ကောင်စီအာရုံ​ပြောင်း​နေ

စစ်ကောင်စီသည် အကြီးအကျယ်စစ်ရှုံးလာတိုင်း၊ စစ်တပ်​ထောက်ခံသူများကို လှည့်စားရန် ၊ တော်လှန်ရေးတပ်များကို ပြည်သူများ အထင်လွှဲပြီးမထောက်ခံစေရန် လူမျိုးရေး ၊ဘာသာရေး ဇာတ်လမ်းများဖန်တီး၍ ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်လေ့ရှိသည်။

ကိုပုဂံ/People’s Spring

စစ်တပ်အတွက် စစ်အတိုက်ရဆုံး စစ်တိုင်းတစ်တိုင်းဖြစ်သော ‘နေဝန်းနီ’ဌာနချုပ် လက်လွှတ်ဆုံးရှုံးရအပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီက ၎င်းတို့လုပ်နေကြအရာတစ်ခု ​​ကောက်ကာငင်ကာ ထလုပ်ပြန်သည်။

စစ်ကောင်စီလက်အောက်ရှိ စစ်တိုင်း ၁၄ ခုအနက် တတိယမြောက် အင်အားအတောင့်တင်းဆုံးဖြစ်ပြီး စစ်အုပ်စုတွင် ​သမိုင်းတ​လျှောင်​အောင်ပွဲအလီလီရဖူးသည်ဆိုကာ ‘နေဝန်းနီ’ဟု ဂုဏ်ယူလေ့ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျဆုံးပြီးချိန်တွင် စစ်အုပ်စုသြဇာခံ အမျိုးသားရေးအစွန်းရောက်များ လမ်းပေါ် ထပ်ထွက်လာကြခြင်း ဖြစ်၏။ ၁၀၂၇ ပထမလှိုင်းတွင်စစ်ရှုံးပြီး ​လောက်ကိုင်​ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)ပင်အသိမ်းခံရပြီး​နောက် ၂၀၂၄ ဇန်နဝါရီလကလည်းစစ်ရှုံးသည်ကိုအာရုံ​ပြောင်းရန် စစ်တပ်​ထောက်ခံ​သူများနှင့် အမျိုးသား​ရေးအစွန်း​ရောက်များဆန္ဒပြခဲ့ကြသေးသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကွပ်ကဲမှုအောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ သုံးဖွဲ့၊ လှုပ်ရှားစစ်ဗျူဟာအဖွဲ့နှစ်ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆)ရင်းအား ရှမ်းမြောက် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် အပိုင်း(၂)တွင် ကိုးကန့်တပ် (MNDAA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၅ရက်က ပြန်လည်စတင်ခဲ့သော ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းတွင်တော့ MNDAA ပူးပေါင်းတပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့ကို ဇူလိုင် ၃ရက်က စတင်တိုက်ခိုက်ခဲ့သည်။ တစ်လပြည့်သည့်နေ့ သြဂုတ်၃ရက်မှာပင် ရမခအပါအဝင် လားရှိုးမြို့အား အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

အားအထားရဆုံးတိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံးအကြိမ်ဆုံးရှုံးလိုက်ရအပြီး ဗိုလ်ချုပ်အဆင့်အထိ ဖမ်းဆီးခံထားရချိန်တွင် စစ်အုပ်စုတစ်ခုလုံးတုန်လှုပ်​ရှောက်ခြားသွားသည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ် ၅ရက်တွင် မိန့်ခွန်းထွက်ပြောကာ နောက်တစ်ရက် တွင် အမျိုးသားရေးအစွန်းရောက်များဖြစ်သော မဘသ နှင့် စစ်တပ်​ထောက်ခံသူများက ထုံးစံအတိုင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် နေပြည်တော်တို့၌ စုဝေးပြီး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယခုတစ်​ခေါက်​ခေါင်းစဥ်မှာ လားရှိုးမြို့ရှိ စစ်တပ်၏ ကုတင်၁၀ဝဆေးရုံကို MNDAAက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀၀ကျော်ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှုအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲဟုဖြစ်သည်။

ထို့အပြင် ရှမ်းမြောက်စစ်ပွဲအား တရုတ်၊ ယူနန်အစိုးရက ကူညီအားပေးခဲ့သည်ဟုဆိုကာ ယခုတစ်ကြိမ်တွင်တော့ တရုတ်ဆန့်ကျင်ရေးများပါ ထည့်သွင်းလာသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ဆက်တိုက်ရှံးနေပြီး အားအထားရဆုံး စစ်တိုင်းတစ်ခုနှင့် နိုင်ငံတစ်ဝန်း အနည်းဆုံး မြို့ပေါင်း ၇၆ မြို့ကို လက်လွှတ်ဆုံးရှုံးပြီးချိန်တွင်တော့ ၎င်းအား ထောက်ခံသူများ အပါအဝင် ပြည်သူများအား လူမျိုးရေး ခုတုံးလုပ်ကာနည်းအမျိုးမျိုးဖြင့် လှည့်စားစည်းရုံးရန် ကြံစည်နေခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်အချို့နှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်သူအချို့က ပြောသည်။

ရန်ကုန်မြို့ဆန္ဒပြပွဲတတ်ရောက်မည့်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBSယာဉ် ၉၁စီး ပြေးဆွဲ ပေးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီက ဩဂုတ် ၅ရက် ရက်စွဲဖြင့် ညွှန်ကြားခဲ့သည်။

စစ်ကောင်စီသည် အကြီးအကျယ်စစ်ရှုံးလာတိုင်း၊ စစ်တပ်​ထောက်ခံသူများကို လှည့်စားရန် ၊ တော်လှန်ရေးတပ်များကို ပြည်သူများ အထင်လွှဲပြီးမထောက်ခံစေရန် လူမျိုးရေး ၊ဘာသာရေး ဇာတ်လမ်းများဖန်တီး၍ ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်လေ့ရှိသည်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၁)အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ (လောက်ကိုင်)တစ်ခုလုံးရှိ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုများ စုစုပေါင်း ၄၀၀၀ ခန့် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တွင် စံချိန်တင်လက်နက်ချပြီး မြို့အား MNDAAက သိမ်းပိုက် ထိန်းချုပ် လိုက်သည်။ သမိုင်းတွင်​​သော စစ်ရှုံးမှုကြီးကိုစစ်ကောင်စီက ဖုံးကွယ်ရန် ဘာသာ​ရေး ပဋိပက္ခဖြစ်​စေရန် ကြိုးစား​တော့သည်။

လောက်ကိုင်မြို့နယ် ဆီအောကျေးရွာအနီး ဆင်ဦးကင်းတောင်ကုန်းပေါ်ရှိ စေတီတစ်ဆူကို MNDAA ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက တူဖြင့် ထုနှက်နေသည့် ရုပ်သံဖိုင် ဇန်နဝါရီ ၈ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ စက္ကန့်ပိုင်းမျှသာကြာသောထိုရုပ်သံဖိုင်အတိုလေးကိုစစ်ကောင်စီက အခွင့်ကောင်းယူကာ စစ်တပ် သြဇာခံ မသသများကိုပွဲထုတ်၍ MNDAAက ဗုဒ္ဓဘာသာအပေါ် စော်ကားဖျက်ဆီးသည်ဟုဆိုကာ MNDAA ကိုဆန့်ကျင်သော ဆန္ဒပြပွဲများဆက်တိုက် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်ပြည်သူများမှာ စစ်ကောင်စီ၏ လူမျိုးရေး၊ ဘာသာရေးထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့ပြီး စစ်ကောင်စီ အကြံအထမမြောက်ခဲ့ပေ။

ယခုတစ်ကြိမ်တွင်လည်း တရုတ်၊ ယူနန်အစိုးရက ရှမ်းမြောက်စစ်ပွဲအား ကူညီအားပေးသည်ဟုစွပ်စွဲပြီး တရုတ်ဆန့်ကျင်ရေးနှင့် MNDAAက အပြစ်မဲ့ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည် ၊ လားရှိုးမြို့ပေါ်တွင် ဗမာလူမျိုးများအား လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများပြုလုပ်နေသည်စသဖြင့် လူမျိုး​ရေး အမုန်းပွား​ရန် ဇာတ်လမ်းများဖန်တီးလာကြခြင်းဖြစ်သည်။ သြဂုတ် ၆ ရက် စစ်တပ်​ထောက်ခံသူနှင့် ဘာသာ​ရေးအစွန်း​ရောက်များ ဆန္ဒပြနေချိန်တွင် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီချန်နယ်များကလည်း တပြိုင်တည်း လူမျိုး​ရေးပဋိပက္ခဖြစ်​စေရန် လှုံ့ဆော်ရေးသားနေသည်။

မှိုင်းဝေအမည်ဖြင့် တယ်လီဂရန်ချန်နယ်ကလည်း “တရုတ်နိုင်ငံထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်တိုက်ခိုက်နေသည့် အကြမ်းသမား MNDAA ကိုးကန့်နှင့် ယူနန်အဖွဲ့များ/TNLA အဖွဲ့များကို အလိုမရှိကြောင်း ရန်ကုန်မြို့ရှိ ပြည်သူများမှ ဆန္ဒဖော်ထုတ်”ဟု ရန်ကုန်မြို့ ၊ခန်းမရှေ့၌ ဆန္ဒပြနေသည့်ပုံနှင့် ဖော်ပြထားသည်။

ရှမ်းမြောက်၌ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေမှာ တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကသြဂုတ် ၅ရက်က ပြောသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ – တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများတည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

“တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းမီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာကိုလည်း သိရှိရပါတယ်။ အဲ့ဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို လက်နက်ခဲယမ်း

မီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာ အင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာက ရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှလည်း ဖြစ်ပါတယ်”ဟု မင်းအောင်လှိုင်က ပြောသည်။

MNDAA ၏တိုက်ခိုက်ရေး ဒရုန်းများကို ပြင်ပကြေးစားနည်းပညာရှင်များက အကူအညီပေးကာ အဆင့်မြှင့်ထားသည်ဟု မင်းအောင်လှိုင်က စွပ်စွဲထားသည်။

“MNDAAနဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်စပ်အဖွဲ့တွေ သုံးနေတဲ့ Drop Bombတွေ၊ ရော့တိုက်ဒုံးတွေဟာ နည်းပညာအရ အဆင့်မြှင့်တင်ပြင်ဆင် ထားတဲ့ ပစ္စည်းများဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ သူတို့ သုံးစွဲနေတဲ့ Dropတွေဟာ ပြည်ပစျေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစားနည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တာတွေ တိုက်ပွဲမှာ ပိုမို အသုံးဝင်အောင်ပြုပြင်ထားတာတွေကို လည်း တွေ့ရှိရပါတယ်”ဟု ၎င်းက တရုတ်ကူညီ​နေသည်ဟု သွယ်ဝိုက်၍ ​ပြောခဲ့သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များကလည်း ရှမ်း​မြောက်တွင် စစ်ရှုံး​နေရမှုများကို တရုတ်ကျူး​ကျော်မှုဟု ဝါဒဖြန့်​နေကြသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်​သော ​ကျော်စွာက “တရုတ် ကျူးကျော်နေတဲ့ အချိန်မှာနီပိတ် စောက်ရူးတွေက သူတို့တော်လှန်ရေးပဲအောင်မြင်နေသလိုလို အခု သိမ်းတဲ့မြေတွေက အမိနိုင်ငံမြေတွေ ရသွားတာက တရုတ် ။ဘယ် ခွေးပဒက် ‌တော်လိမ်ရေးနဲ့ ဘာမှကို မပက်သက်တာ။

ကိုယ့်နိုင်ငံကနယ်နိမိတ်ကို တရုတ်က ရသွားတာ ခွေးပဒက်က ကျွန်အဆင့်လောက်နဲ့အောင်ပွဲခံချင်နေသေးတာ”ဟု သြဂုတ် ၆ရက်တွင် ဝါဒဖြန့်​နေသည်ကို​တွေ့ရသည်။ ထိုသို့​ပြောဆို​ရေးသားမှုမှာနမူနာတစ်ခုသာဖြစ်ပြီး ဆယ်နှင့်ချီ​သောစစ်တပ် ဝါဒဖြန့်တယ်လီဂရန်များက တရုတ်ကျူး​ကျော်မှုဟုဆိုကာ တရုတ်မုန်းတီး​ရေး ၊ စစ်ရှုံးမှုအ​ပေါ် ​အာရုံ​ပြောင်း​ရေး ၊ ရှုံးပွဲဆက်​နေ​သော စစ်သားများစစ်တိုက်လိုစိတ်ရှိရန် ဝါဒဖြန့်​နေကြခြင်းဖြစ်သည်။

ထိုအပြင် မင်းအောင်လှိုင်က လားရှိုးစစ်ဆေးရုံကို MNDAAက Drop Bombများ အဆက်မပြတ် ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ မိသားစုဝင်များ၊ ကလေးငယ်နှင့်လူနာများကို ဖမ်းခေါ်​ဆောင်သွား​ခဲ့ကြောင်း ၎င်း၏ ဝါဒဖြန့် မိန်းခွန်း၌ ပြောဆိုခဲ့​သေးသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ရမခ အသိမ်းခံရ​သော သြဂုတ် ၂ ရက်နှင့် ၃ ရက်တွင် ဖြန့်ချီခဲ့​သော ​ကောလဟလကိုပင် မင်း​အောင်လှိုင်ကပါ မိန့်ခွန်း၌ ထည့်​ပြောခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရုပ်​သေး အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ ပန်းချီပန်းပု၊စာရေးဆရာ အပြင် အခြားသော အသင်းများကလည်း MNDAA အပေါ် ကန့်ကွက်ကြောင်း အချိန်ကိုက် ထုတ်ပြန်ခဲ့ကြသည်။

ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ သုံးနေကျ ဘာသာရေး၊လူမျိုးရေးအရေခြုံ လူထုမျက်လှည့်ပြပွဲ တစ်ခုဖြစ်ပြီး ထုံစံအတိုင်း စစ်ကျွန်လူမှုအသင်းအဖွဲ့အစည်းများပါ ထုတ်သုံးလာခြင်းဟု နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

သို့​သော် မြေပြင်၌ လားရှိုးစစ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်သူမှာ စစ်ကောင်စီကိုယ်တိုင်ဖြစ်ကြောင်း MNDAAနှင့် စစ်ဆေးရုံမှ ဆရာဝန်အချို့က ပြောသည်။လားရှိုးမြို့၌ တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း စစ်ဆေးရုံ၌ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ဩဂုတ် ၃ရက်တွင်မှ ခွဲစိတ်ဆောင်ဘက်သို့ ဗုံးတစ်လုံးကျခဲ့ကြောင်း ယင်းဆေးရုံမှ အရိုးအထူးကုပါရဂူက ပြောသည်။

ထို့အပြင် စစ်ဆေးရုံမှ ဆရာဝန် ၊ သူနာပြုနှင့် လူနာများကို သြဂုတ် ၃ရက်တွင် MNDAA တပ်ဖွဲ့ဝင်များက ခေါ်ထုတ် ပေးခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုအပါအဝင် ဆေးနှင့်လိုအပ်သည့် ပစ္စည်းများကို MNDAAက ထောက်ပံ့ပေးခဲ့သည်ဟု အထက်ပါ ပါရဂူက ပြောသည်။

” ကျနော်ကိုယ်တိုင် လည်း လူနာတွေကို ထမ်းခေါ်ခဲ့ရတာရှိပါတယ်။ ခေါ်ထုတ်ပြီးတော့မှ ကျနော်တို့ကို သက်ဆိုင်ရာ ကားတွေနဲ့ပေါ့နော်။ အရင်ဆုံးလူနာတွေကို ဦးစားပေးပါတယ်။ ဦးစားပေးပြီးကားတွေနဲ့ အရင်သယ်ပါတယ်။ ထို့နောက် မိသားစုတွေ ဆရာဝန်တွေ ဝန်ထမ်းတွေကို ကားတွေနဲ့ သယ်ပြီးတော့မှ ကျနော်တို့ကို နီးစပ်ရာဌာနတစ်ခုမှာ ထားရှိပါတယ်။ ကျနော်တို့ ဆေးဝန်ထမ်းတွေကိုလည်း သီးသန့်ထားရှိပါတယ်။ လူနာတွေလည်း သီးသန့်ထားရှိပါတယ်။ အဲဒီမှာမှ အရေးကြီးတဲ့ လူနာ အသက်အန္တရာယ် ရှိတဲ့လူနာတွေဆို ဦးစားပေး ရွှေ့ပြောင်းမှု လုပ်ပေးပါတယ်။ အဲဒီဌာနမှာပဲ ကျနော်တို့နဲ့အတူ MNDAA တပ်မတော်မှာရှိတဲ့ ဆရာဝန် သူနာပြုတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ ထားရှိတဲ့သူတွေထဲက ဒဏ်ရာရနေတဲ့သူတွေ အနာဆေးထည့်ဖို့လိုတဲ့သူတွေ ဆေးဝါးကုသမှု ခံယူဖို့လိုတဲ့သူတွေ ကိုယ်ဝန်ဆောင်တွေ အများကြီးပေါ့ဗျာ အဲဒါတွေကို ဆက်လက်ပြီး ကုသမှုတွေလုပ်ခဲ့ပါတယ် ပူးပေါင်းပြီးတော့မှ”ဟု လားရှိုး စစ်ဆေးရုံမှ ပါရဂူက ပြောသည်။

တောင်းဆိုသည့် ဆေးဝါးများကို MNDAAက ဆက်လက်ထောက်ပံ့ပေးခဲ့၊ မိသားစုဝင်များကိုလည်း လိုက်အပ်သည့် ထောက်ပံ့မှု ပေးခဲ့သည်ဟု ထိုပါရဂူက​ပြောသည်။

“ဒီလို စစ်ပွဲကာလတစ်ခုအတွင်းမှာ ၊ ကျနော် ဆရာဝန်တစ်ယောက်ပေါ့ဗျာ။ ကျနော့်အတွက်က အရေးကြီးဆုံးက လူနာတွေရဲ့ အသက်ရှင် ကျန်းမာရေးက အရေးကြီးဆုံးပါပဲ ဘယ်နေရာရောက်ရောက်ပေါ့။ အဲဒီလို ကာလကြီးတစ်ခုအတွင်းမှာ ကျနော်တို့ မိသားစုဝင်တွေနဲ့ ဒီစစ်သားတွေ၊ ဒဏ်ရာရ လူတွေကို သနားညှာတာပြီးတော့ ထောက်ထားပေးခဲ့တဲ့အတွက် ဒါ ကျနော် မမျှော်လင့်ခဲ့တဲ့ အရာတစ်ခုပေါ့။ ဒီ MNDAA တပ်မတော်ကို အရမ်းကျေးဇူးတင်ပါတယ်”ဟုလည်း လားရှိုးစစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူက ပြောသည်။ ထို​​ကြောင့် အစုလိုက် အပြုံလိုက်သတ်သည်ဟု စစ်တပ် ဝါဒဖြန့်​နေ​သော်လည်း အဖြစ်မှန်မှာ ဘယ်လိုဖြစ်ခဲ့သည်ကို ပြည်သူများအမြန် သိရှိခွင့်ရကြသည်။

ထို့အပြင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လားရှိုးမြို့ တပ်မတော်ဆေးရုံတွင် ချန်ထားခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ဩဂုတ် ၁ ရက်တွင် MNDAAတပ်ဖွဲ့ဝင်များအနေဖြင့် ရမခအတွင်း၌ ကျန်ရစ်နေသောရန်သူများအား ဆက်လက်တိုက်ခိုက်ချေမှုန်းချိန်တွင် တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးရုံဝန်ထမ်းများသည် ဆုတ်ခွာသွားရာ ဒဏ်ရာရရှိသူအများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇၀ကျော်ကို စစ်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့ခြင်းဖြစ်သည်ဟု ဓါတ်ပုံ ၊ ဗီဒီယိုဖိုင်များနှင့်တကွဖော်ပြခဲ့သည်။

အများစုမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ၎င်းတို့၏ အထက်အရာရှိများနှင့် ရဲဘော်၊ ရဲဘက်များက ယင်းတို့အား ရက်ရက်စက်စက်စွန့်ပယ်ခဲ့ပြီး ထွက်ခွာသွားခြင်းဟု MNDAAက အသိပေးထားသည်။

MNDAAနှင့် စစ်ဆေးရုံပါရဂူ တို့က အဖြစ်မှန်အား ထုတ်ပြောခဲ့၍ စစ်ကောင်စီနှင့် ၎င်း၏ သြဇာခံများက လိမ်လည်ထုတ်ပြန်မှုမှာ အလုပ်မဖြစ်ခဲ့ပေ။

“တဖက်ကို ပုံချချင်တဲ့သဘောလို့ ယူဆတယ်။ ဆေးရုံပေါ်က ပြည်သူကို သတ်တာလည်း MNDAAပေါ့ဗျာ။ သူတို့ကို တော်လှန်တဲ့အဖွဲ့အစည်းတွေက သတ်တယ်ဆိုတဲ့ ပုံရိပ်ဖြစ်အောင် လုပ်တယ်လို့ပဲ ယူဆပါတယ်။ သူတို့ကတော့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲမှာပဲ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

သို့သော် ပြည်သူများမှာ အမှားအမှန်ကိုကောင်းစွာသိနေပြီးဖြစ်ပြီး ၊အထူးသဖြင့် နွေဦးတော်လှန်ရေးတွင် လူငယ်များမှာ အသိဥာဏ် ပွင့်လင်းနေပြီဖြစ်၍ စစ်အုပ်စု၏ အကွက်ဟောင်းမှာ အသုံးတည့်မည်မဟုတ်ကြောင်း တော်လှန်ရေးတွင် ပါဝင်နေသူများက ပြောသည်။

“စစ်ကောင်စီကတော့ဗျာ စစ်ရှုံးရင်၊ အထိနာရင် အဲလိုပဲ သူတို့ နောက်ဆွဲတွေနဲ့ လိမ်ညာဝါဒဖြန့်တာလုပ်နေကြပါ။ အညာမှာဆိုလည်း PDFက မီးရှို့ပါတယ်ဆိုပြီး ပြောင်းပြောင်းတင်းတင်း လိမ်ညာဝါဒဖြန့်ခဲ့တာတွေရှိတာပဲ။”ဟု ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးကလည်းတရုတ်အစိုးရအနေဖြင့် သူ​၏ အကျိုးစည်းပွားကြည့်ရှု့ပြီး နိုင်မည့်မြင်းအား လောင်းသည့် သဘောဟု ပြောသည်။

” တရုတ်အနေနဲ့လည်း နှစ်ဖက်စလုံးကို ဆက်ဆံနေတဲ့အနေအထားဖြစ်နေတယ်။ အကြမ်းဖက်စစ်ကောင်စီလိုလားတာက တရုတ်က သူတို့ကို လိုလိုလားလားထောက်ခံ၊ သူတို့ဘက်ကိုရပ်တည်တာကို လိုလားတယ်။ ဖြစ်လာမှာမဟုတ်ဘူး။ တရုတ်အနေနဲ့က နိုင်မြင်းကိုပဲရွေးလောင်းမှာ။ ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီက တရုတ်အပေါ်ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေလုပ်တယ်လို့မြင်တယ်”ဟုကိုပီတာကြီးက သူ​၏အမြင်ကို ပြောသည်။

ယခုကဲ့သို့ စစ်အာဏာရှင်ကြီးစိုးရေး၊ စစ်ကြီးစိုးရေးအတွက် ဝါဒမှိုင်းတိုက်ပြီး ဘာသာရေး ပဋိပက္ခတွေ၊ လူမျိုးရေး ပဋိပက္ခများဖြစ်ပေါ်စေရန် ပြုလုပ်ခဲ့သည်မှာ ၁၉၆၂ ဗိုလ်နေဝင်း ခေတ်ကတည်းက ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ခြင်းဟု ဦးထွန်းကြည်ကလည်း ပြောသည်။

“ဒီသြဇာခံတွေ၊ စစ်ကျွန်တွေ ထုတ်သုံးလာတာတွေက အလုပ်မဖြစ်တော့ဘူး”ဟု ဦးထွန်းကြည်က ပြောသည်။ ။

ဆက်စပ်သတင်းများ