Scorpio/People’s Spring
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့က အညာရဲ့မိုးသားတွေဟာ ကြည်ကြည်လင်လင်မရှိသေးဘူး။ ဝန်းကျင်ကတော့ တိတ်ဆိတ်နေတယ်။ အဲဒီအချိန် ရွှေဘိုခရိုင်ထဲက ရွာလေးတစ်ရွာက နေအိမ်ခြံဝင်းထဲကို PDF ရဲဘော်တွေ ဝင်ရောက်လာခဲ့ကြတယ်။
ဝင်းထဲက ထန်းလက်မိုးတဲအိမ်လေးထဲကနေ သက်ကြီး ဇနီးမောင်နှံနှစ်ယောက်ထွက်လာပြီး PDF ရဲဘော်တွေကိုမြင်တော့ ဝမ်းသာအားရ ကြိုဆိုကြ၊ နေရာထိုင်ခင်းပေးကြတယ်။ ရဲဘော်လေးတွေက သီတင်းကျွတ်မို့ လာကန်တော့တာပါတဲ့။ ဇနီးမောင်နှံနှစ်ယောက်လုံး အံ့သြဝမ်းသာဖြစ်သွားကြတယ်။ ပြီးတော့ အိမ်ထရံပေါ်မှာချိတ်ထားတဲ့ ဓါတ်ပုံမှန်ဘောင်လေးဆီ လှမ်းကြည့်မိကြတယ်။ တခဏတော့ အားလုံးတိတ်ဆိတ်သွားတယ်။ ဘာစကားမှ မပြောနိုင်ကြဘူး။
သီတင်းကျွတ်လာကန်တော့ကြတဲ့ PDF ရဲဘော်တွေက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်လေးတွေပါ။ သူတို့လာကန်တော့တာ သူတို့မိဘတွေတော့မဟုတ်ပါဘူး။၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့မိဘတွေကိုပါ။ ကျဆုံးရဲဘော်တွေရဲ့ ကိုယ်စား လာကန်တော့ကြတာပါ။

Public Service Announcement
တစ်နှစ်တိတိ ပြည့်ခဲ့ပြီးဖြစ်တဲ့ အောင်ပွဲများစွာ ရရှိခဲ့တဲ့ ၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေးမှာ တိုင်းရင်းသားတပ်တွေအပြင် အညာက PDF တပ်ဖွဲ့ဝင်တွေပါ ပါဝင်အားဖြည့် တိုက်ခိုက်ခဲ့ကြတယ်။
ရှမ်းမန်းစစ်ဆင်ရေးမှာ မန္တလေး PDFနဲ့အတူ ကျောက်ဆည် ခရိုင်တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ ရွှေဘို ခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဥ့်ကိုင် တော်လှန်ရေးတပ်၊ တလုပ် PDF၊ တမူး NLA ၊ SSTF ရဲ တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ခဲ့တယ်။

ဇွန် ၂၅ ရက်စတဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေး မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ မဟာမိတ်တပ်တွေဟာ စဥ့်ကူးမြို့နယ် ကိုသိမ်းပိုက်နိုင်ခဲ့သလို မတ္တရာမြို့နယ်က စစ်စခန်း ၃၀ ကျော်ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ TNLA ဦးဆောင်တဲ့ မဟာမိတ်တွေကလည်း နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊ ကျောက်မဲ ၊သီပေါ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့သလို MNDAA ဦးဆောင်တဲ့မဟာမိတ်တွေကလည်းအရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။
၁၀၂၇ ပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ မြို့ပေါင်း ၂၀ ကျော်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ် ။ဒါအပြင် ရှမ်းမန်းစစ်ဆင်ရေးနဲ့ တချိန်တည်းမှာပဲ တကောင်းမြို့ နဲ့ သပိတ်ကျင်းမြို့တွေကို ဒေသခံPDF တွေ ပကဖတွေ နဲ့ မဟာမိတ်တပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသေးတယ်။
အောင်ပွဲတွေရရှိခဲ့သလို ပေးဆပ်ရမှုတွေလည်း များခဲ့တယ်။ အဲဒီ ရှမ်းမန်းစစ်ဆင်ရေးမှာဒေါင်းနီ PDF(DNPDF)တပ်ဖွဲ့က ဒုစစ်ရေး တာဝန်ခံ တစ်ဦး၊တပ်ခွဲမှူး နှစ်ဦး၊ တပ်စိတ်မှူး တစ်ဦးနဲ့ ရဲဘော် ငါးဦး စုစုပေါင်း ကိုးဦးတိတိ ကျဆုံးခဲ့ရတာပါ။ အရွယ်တွေကလည်း အကြီးဆုံးဆိုလို့ ၃၁ နှစ်သာ ပါတယ်။ ကျန်တာ နှစ်ဆယ်ကျော်၊ နှစ်ဆယ်အောက် တကယ့်အရွယ်ကောင်းလေတွေ။ အဲဒါအပြင် မြေပြန့်မှာလည်း ရဲဘော်တစ်ဦးကျဆုံးခဲ့တာကြောင့် စုစုပေါင်း ဒေါင်းနီ PDF တပ်ဖွဲ့က ၁၀ ဦးအထိ ကျဆုံးခဲ့တာပါ။

အဲဒီကျဆုံးရဲဘော်တွေရဲ့မိဘတွေဆီကို အောက်တိုဘာ ၁၈ ရက်နဲ့ ၂၂ ရက်နေ့က သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ဒေါင်းနီPDFတပ်ဖွဲ့က ရဲဘော်တွေက ငွေကျပ်တစ်သိန်းစီနဲ့ လိုက်လံကန်တော့ခဲ့ကြတာပါ။ နယ်မြေအနေအထားအရ ၂ ဦးရဲ့မိဘတွေဆီကိုတော့ မရောက်နိုင်ခဲ့ပါဘူး။
ကျဆုံးရဲဘော်တွေရဲ့မိဘတွေဟာသားဓာတ်ပုံလေးကို ကိုင်ဆောင်ရင်း ဝမ်းသာဝမ်းနည်းနဲ့ ကန်တော့ခံကြပါတယ်။
သားဆုံးရှုံးခဲ့တဲ့ မိခင်တစ်ယောက်က ဆို့နင့်နေတဲ့အသံနဲ့ ဆုပေးတယ်။ “သာဓုသာဓုသာဓုတော်။ ငါ့သားလေးတွေ ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။ အန္တရာယ်ကင်းဘေးရှင်းပါစေ။ တိုက်ပွဲတိုင်းအောင်ပါစေ၊ နိုင်ပါစေ။”တဲ့။
လာကြည့်ကြတဲ့ ရွာသူရွာသားတွေ တအိအိနဲ့ ငိုကြတယ်။ ဖျင်တဘက်ကလေး ပခုံးပေါ်တင်ထားတဲ့ အညာသူအဒေါ်ကြီးတစ်ဦးကတော့ ခေါင်းငုံ့ရင်း တဘက်ကလေးနဲ့ မျည်ရည်တွေကို သုတ်နေတယ်။
ရဲဘော်တွေလည်း မိဘတွေရဲ့မျက်ရည်စတွေမြင်တော့ ငိုချချင်စိတ်တွေ ပေါ်ကြတယ်။ သို့ပေမယ့်အားတင်းထားကြတယ်။
“ညီအကိုတတွေရှမ်းမြောက်ကိုတက်သွားကြတယ်။ အောင်မြင်မှုတွေအများကြီးရခဲ့တယ်။ အောင်မြင်မှုရဲ့နောက်ကွယ်မှာ ပေးဆပ်ရတဲ့ရဲဘော်တွေရှိတာပေါ့။ တာဝန်ချိန်ကလည်း ပြီးမြောက်တော့မယ်၊ ပြန်ရတော့မယ်ဆိုတဲ့အနေအထားလေးတွေ နီးသထက်နီးလာတယ်ပေါ့နော်။ အိမ်ပြန်ဖို့အခွင့်အရေးတွေ ရှိလာတယ်ဆိုတော့ သူတို့တတွေက ပြန်ပါမလာနိုင်တော့ဘူးဗျ။ ကျွန်တော်တို့တတွေ အများကြီးစိတ်မကောင်းဖြစ်ရတယ်။”လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ရေးဗိုလ် ကိုလေးလုံးက ပြောပါတယ်။

ဆုတွေပေးပြီးတော့ မိဘတွေ မျက်ရည်စတွေနဲ့ ပြုံးရှာတယ်။ မိဘတွေဟာ သူတို့သားတွေကို ကြည်ကြည်ဖြူဖြူနဲ့ ဒီတော်လှန်ရေးကြီးမှာ ပူးပေါင်းပါဝင်ဖို့ ခွင့်ပြုခဲ့ကြတယ်။ သူတို့သားမရှိတော့ပေမယ့် ငါ့သားတို့ဟာ သူတို့သားတွေပါပဲတဲ့။ သားတို့ကြိုးစားနေတာမြင်ရတော့ ဝမ်းသာတယ်တဲ့။ နောက်ပြီး ငါ့သားတို့ လိုအပ်တာရှိရင် အချိန်မရွေးခေါ်ဖို့ မိဘတွေက မှာရှာတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့ အညာကပြည်သူတွေဟာ တော်လှန်ရေးအတွက် ယုံကြည်ချက်ခိုင်မာတယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ရေးဗိုလ် ကိုလေးလုံးက ပြောပါတယ်။
“သူတို့သားသမီးက ဒီတော်လှန်ရေးကို ပြီးဆုံးအောင် မလုပ်နိုင်သွားခဲ့ပေမယ့် သူတို့အနေနဲ့ဆက်ပြီး ပူးပေါင်းပါဝင်ပေးမယ်လို့ ပြောတယ်။”လို့ ကိုလေးလုံးက ပြောတယ်။
ကျဆုံးရဲဘော်တွေရဲ့ မိဘတွေ စကားဟာ အပေါ်ယံ ကြားကောင်းအောင် ပြောကြတာမဟုတ်ပါဘူး။အဲဒီမိဘတွေက သူတို့ဆီကို ရိက္ခါလိုရင်ရိက္ခါ ရအောင်ပို့ပေးတတ်တယ်တဲ့။ ဒါ့အပြင် ကျဆုံးသွားတဲ့ ဒုစစ်ရေးတာဝန်ခံရဲ့မိဘနှစ်ပါးဆိုရင် ကျန်တဲ့သားနဲ့သမီးကိုပါ PDF အဖွဲ့ထဲ လာပို့ပါသတဲ့။ ဒေါင်းနီတပ်ဖွဲ့က တာဝန်ရှိသူတွေ ပျာပျာသလဲ တားရပါတယ်။
“ဒီတစ်ယောက်ပေးဆပ်ပြီးသွားပြီ။ တာဝန်ကျေပြီဆိုတဲ့အကြောင်း ကျန်ခဲ့တဲ့ ကျွန်တော်တို့ညီအစ်ကိုတွေကပဲ ဒီတာဝန်ကို ပခုံးပေါ်ထမ်းပြီး ကြိုးစားပါ့မယ်လို့ သေချာလေးပြောပြီး ပြန်လွှတ်လိုက်ရတယ်။”လို့ ကိုလေးလုံးက သူဖြောင်းဖျခဲ့ရတာကို ပြန်ပြောပြတယ်။
ကျဆုံးရဲဘော်တွေရဲ့မိဘတွေဟာ လိုအပ်တာအချိန်မရွေးပြောဖို့သာ တတွတ်တွတ်မှာတယ်။ ဒီဘက်ရောက်လည်း ဝင်ပါထွက်ပါတဲ့။
“သူတို့ကပိုပြီး Strong(သန်မာ)နေတယ်လို့ ခံစားရတယ်။ သူတို့ရဲတော်လှန်ရေးအပေါ်ထားတဲ့စိတ်က ကျွန်တော်တို့ကို တက်ကြွစေတယ်။ ကျွန်တော်တို့ပိုပြီးအားရှိတယ်။ ကျန်တဲ့ရဲဘော်တွေ ဒီထက်ပိုပြီး ကြိုးစားဖို့ ခွန်အားတွေဖြစ်စေတယ်။ ကျွန်
တော်တို့ဒီထက်ပိုပြီး အလုပ်တွေလုပ်ရဦးမယ်။ဒီ့ထက်ပိုပြီးကြိုးစားရဦးမယ်လို့ယုံကြည်သွားတယ်” လို့ကိုလေးလုံးက ပြောပြခဲ့ပါတယ်။
(ကျဆုံးရဲဘော်များ၏ မိဘများအား လိုက်လံကန်တော့နေစဥ်။ ဓာတ်ပုံ-DOUNG NI People Defence Force-DNPDF)
