အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးတဲ့ ၉ နှစ်မြောက်နှစ်ပတ်လည်နေ့ဆိုပြီး အောက်တိုဘာ ၁၅ ရက်နေ့ကမိန့်ခွန်းပြောတာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကတိကဝတ်တွေချိုးဖောက်ခဲ့တယ်လို့စွပ်စွဲပါတယ် ။ ဒါအပြင်စစ်တပ်က ငြိမ်းချမ်းရေးလုပ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်သီးခြားနယ်မြေတွေရဖို့ အကြမ်းဖက်လုပ်ငန်းတွေလုပ်ခဲ့တယ်လို့လည်းစွပ်စွဲခဲ့ပါသေးတယ် ။ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံးKNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ကို လူထုနွေဦးသတင်းဌာနက အောင်တိုဘာ ၁၇ ရက်မှာ NCA စာချုပ်ကိုဘယ်သူဖျက်ခဲ့တာလဲ ၊ စစ်တပ်အာဏာသိမ်းမှုကြောင့်NCA စာချုပ်က ပျက် မပျက်၊ KNUက စစ်ရေးသတင်းထုတ်ပြန်မှု တွေသိပ်မလုပ်တော့တဲ့အကြောင်း ၊ အာရှလမ်းမကြီးအရေး စတာတွေကို မေးမြန်းထားပါတယ်။
နေ့သစ်/People’s Spring
မေး- အာဏာသိမ်းခေါင်းဆောင်က NCA ၉ နှစ်ပြည့်ဆိုတဲ့မိန့်ခွန်းမှာ ထုံးစံအတိုင်းပဲ မဲလိမ်လို့ စစ်တပ်က ဝင်ထိန်းလိုက်တယ် ။အဲဒီအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အခွင့်အရေးယူပြီး သီးခြားနယ်မြေတွေရဖို့အတွက် စစ်တပ်ကို ပြန်တိုက်တယ်ဆိုပြီးတော့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အပြစ်ပုံချ သွေးခွဲပြီး ပြောသွားတာ သတိထားမိပါတယ်။ အဲဒီအတွက် KNU ရဲ့သဘောထား မှတ်ချက်ပြောပေးပါလား။
ဖြေ- အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံး ပြောချင်တာက အဲဒါ တွေက လုံး၀ မဟုတ်ကြောင်းငြင်းဆိုတယ်။ ဘာဖြစ်လို့ ပြောရလဲဆို သိတဲ့အတိုင်းပဲ ဒီဖြစ်စဉ်တစ်ခုလုံးကို အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးမှာထဲထဲ ဝင်ဝင်နဲ့ စိတ်ရော ကိုယ်ပါ အကုန်လုံး ရှိသမျှ ဉာဏ်စွမ်း ကိုယ်စွမ်း အကုန်လုံးနှစ်ပြီးတော့ အလုပ်လုပ်ခဲ့တယ်။ ကျနော်တို့ အာသီသက ဒီတိုင်းပြည်ကို တကယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပြသနာတွေရှိ ပင်ရှိသော်ငြားလည်း ဘာပဲဖြစ်ဖြစ် စားပွဲပေါ်မှာ အသေအချာ ထိုင်ပြီး ဆွေးနွေးတယ်ဆိုရင် ရလဒ်ကောင်းထွက်နိုင်တယ်ဆိုတာ ကျနော်တို့ ခံယူချက်နဲ့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ သိလာရတဲ့အကြောင်းအရာက ဘယ်လိုပဲ ကြိုးစားကြိုးစား စစ်တပ်ဘက်က သူတို့ရဲ့ တွေးခေါ်မျှော်မြင်မှုတွေတခြားသူအပေါ်မှာ အထူးသဖြင့် တိုင်းသူပြည်သားအပေါ်မှာ ဗိုလ်ကျ စိုးမိုးတဲ့ အလေ့အကျင့် တစ်ခုက တစ်ချက်မှ မပြောင်းဘူး။ နောက်ဆုံး ကျနော်တို့ သေချာ သိနိုင်တာက အာဏာကို လုံး၀ မစွန့်လွှတ်နိုင်ဘူး။ ကျနော်တို့ နောက်ဆုံး ကြိုးစားခဲ့တာရဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ အေးအေးချမ်းချမ်းနဲ့ ဒီတိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်၊ စစ်တပ်ဟာ နိုင်ငံရေးက တဆင့်ပြီး တဆင့် ဆုတ်ခွာရမယ်ဆိုတာ ကျနော်တို့ရဲ့ ကြိုးစားမှုပဲ။သို့သော်သူတို့က အဲဒါကို သိလာတဲ့အခါမှာ နောက်ဆုံးကျတော့ လက်မခံနိုင်ဘူး။ နောက်ဆုံး ကျနော် သေချာရှင်းရှင်းလင်းလင်းမြင်နိုင်တာက အဲဒါကို လက်မခံနိုင်တဲ့အတွက် အာဏာသိမ်းတာပဲ။ အဓိကအဲဒါပဲ။ ဆိုတော့ အာဏာသိမ်းပြီးတယ်ဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် ကြိုးစားတဲ့အခါမှာ အကြမ်းဖက်တဲ့နည်းနဲ့လုပ်တဲ့ဟာက ကျနော်တို့ ဘယ်လိုမှ သည်းခံလို့မရဘူး။ အဲဒါ ကျနော်တို့ရဲ့ Red Line လို့ခေါ်တယ် ။ဒါနောက်ဆုံးစည်းပဲ။ ဒီစည်းကို ကျော်လို့ကတော့ ကျနော်တို့ ဘယ်လိုမှ သည်းခံလို့မရဘူး။ ဒီအပေါ်မှာ ကျနော်တို့ကတော့ အဲဒီ ကတည်းက စစ်ကောင်စီကို ပြန်တိုက်တာပဲ။ အဲဒါ ရှင်းရှင်းလေးပဲ။

Public Service Announcement
ဘာကြောင့်တိုက်ရသလဲဆိုရင် တစ်တိုင်းပြည်လုံးလည်းသိတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့ ကြေညာမောင်းခတ်ပြီးတော့ တိုက်ချင်တဲ့သူလာခဲ့ ကျနော်တို့ လက်ခံမယ် ကျနော်တို့နဲ့အတူ တိုက်မယ် ဆိုပြီး ဒါကျနော်တို့ ကြေညာပြီးသား။ အဲဒါကြောင့်မို့လို့ ဘာမှ ပြောစရာမရှိဘူး။သူ အဲဒီလို စည်းဖောက်လို့ အဲဒီလို ဖြစ်လာတာ။ အခုက စည်းဖောက်တဲ့သူက အသံကောင်းဟစ်ပြီးတော့ ဘယ်လိုခေါ်မလဲ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ အဲဒါ တကယ့်အစစ်။ ဆိုတော့ ကျနော်တို့က ဒီအချိန် ဒီကာလမှာ သူဘယ်လိုပဲ အာ၀ဇွန်းရွှန်ရွှန်နဲ့ ကမ္ဘာကြီးရှေ့မှာ လူလုံးထွက်ပြပြီးတော့ တခါခေါ်လည်းမရ ၊နှစ်ခါခေါ်လည်းမရနဲ့ နောက်ဆုံးကျတော့ ကျနော်တို့ တစ်ခုပဲ ပြောချင်တာက အထူးသဖြင့် သတင်းမီဒီယာတွေ တင်ဆက်ပုံ တင်ဆက်နည်းက အဲဒါ သတိထားဖို့လိုတယ်။ တချို့တွေ တင်ဆက်ပုံတင်ဆက်နည်းက မမှန်တော့ နိုင်ငံတကာမှာ ရောက်နေတဲ့ သူတွေက ဘယ်လိုနားလည်သလဲဆိုတော့ စစ်ကောင်စီက ငြိမ်းချမ်းရေး လိုချင်လွန်းအားကြီးလို့ ခေါ်ပေမယ့် ကျနော်တို့ လုံး၀ မလိုက်ဘူးဆိုဆိုတာ အဲဒီလို ဖြစ်လာတာ။ဒါတွေက လုံး၀မဖြစ်သင့်တဲ့ဟာ တကယ်တန်းကျတော့ဒီတိုင်းပြည်မှာတခြားဟာတော့ မပြောတော့ဘူးစစ်အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးတွေချိုးဖောက်တာ အိမ်တွေ မီးရှို့လိုက်တာကလည်း သိန်းကျော်သွားပြီ။ နောက် လူသတ်တယ်ဆိုတာကလည်း ထောင်ဂဏန်းကျော်သွားပြီ ၅၀၀၀၊ ၆၀၀၀ မကဘူးမှတ်တမ်းတွေအရ။ ထောင်ထဲမှာ အကျဉ်းချတာကလည်း နှစ်သောင်းကျော်။ နောက် ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူသားတွေ တိုင်းသူ ပြည်သားတွေကလည်း သုံးသန်းနဲ့ လေးသန်းမှာရှိတယ်။ ပြည်သူလူထုကို ဒီလောက်ညှင်းဆဲ သတ်ဖြတ်နေတဲ့သူက ကျနော်တို့ အပေါ်မှာ ပြန်ပြီးတော့သူခိုးကလူပြန်ဟစ်ပြီး အသံကောင်းဟစ်နေတဲ့ဟာကိုကျနော်တို့ဘယ်လိုမှလက်ခံလို့ မရဘူး။ ဒါတွေက နိုင်ငံတကာကလည်း သတိပြုပါ သတင်းမီဒီယာတွေကလည်း သတိပြုပါ။ စစ်ကောင်စီအတွက် ပြန်ပြီးတော့ နမိတ်ကောင်း၊သရုပ်သဏ္ဍန်ကောင်းစေတဲ့ အချက်အလက် တင်ပြပုံတင်ပြနည်းတွေသတိထားကြပါလို့ပြောချင်တယ်။
မေး- ငြိမ်းချမ်းရေးဆွေးနွေးခဲ့တုန်းကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို တကယ်တန်းအနှောက်အယှက်ပေးခဲ့တာ စစ်ခေါင်းဆောင်တွေပဲလို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကပြောခဲ့ဖူးပါတယ် ။ NCA လမ်းကြောင်းကနေဆွေးနွေးခဲ့တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကိုဖျက်ဆီးခဲ့တာကဘယ်သူပါလဲ။
ဖြေ- အဲဒါက ရှင်းရှင်းလေးပဲ။ အထူးသဖြင့် NCA လက်မှတ်ရေးထိုး ပြီးပြီ ဆိုကတည်းက အဲဒီ ကတိ ခံယူချက်နဲ့ကျနော်တို့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး အဲဒီအတိုင်းကို ကျနော်တို့ လိုက်နာရမယ် ။ ဆိုလိုတာက ကိုယ့်တပ်တွေကိုလည်း ဒီလိုဒီလိုရှိပါတယ်ဆိုတာ ညွှန်ကြား။ သူတို့ တပ်ကို လုံး၀ မပြောဘူး။ အောက်ခြေက တပ်တွေဘာမှ နားလည်မဘူး။သူ(မင်းအောင်လှိုင်)ကိုယ်တိုင်လည်း တာဝန်မယူဘူး။ အဲဒါ သူ့မှာ လုံး၀ တာဝန်ရှိတယ်။အဲဒါကြောင့်မို့ ဖြစ်ချင်တိုင်း ဖြစ်နေတယ်ဆိုတာ တပ်မဟာ(၃)တို့ တပ်မဟာ(၅)တို့မှာ လမ်းတွေ ဖောက်ချလာတယ်။ ဒါက လမ်းတွေဖောက်ချင်တယ်ဆိုဗမာပြည်မှာ ဖောက်စရာ တစ်ပုံကြီး ရှိတယ်လေ။လမ်းမရှိတဲ့ရွာတွေ နည်းတာမှမဟုတ်ဘဲတခြားဖောက်စရာတွေ ဒီလောက်ရှိတယ်။ ကျနော်တို့ အတွင်းစည်း ရှိတဲ့နေရာကိုပဲ လာလာဖောက်နေတယ်။ အဲဒါ သေချာကို သဘောတူညီချက်ကို ချိုးဖောက်နေတာ။ ဒါ တနိုင်ငံလုံးမှာ ငါ့ရဲ့ နယ်မြေပဲ ဆိုတာ သွားပြောလို့မရဘူး။ ကျနော်တို့ အုပ်ချုပ်လာတာ နှစ်ပေါင်း ၅၀ မကဘူး။ကိုယ့်လက်ထဲမှာရှိတဲ့ဟာဒါဖောက်စရာမလိုဘူး။ဖောက်စရာရှိ ကိုယ့်ဟာကိုယ်ဖောက်မယ် အဲဒါ ပြောလို့မရဘူး နင်းကန်ဖောက်တယ်။ မင်းတို့ ပြောတာလည်း ငါနားမထောင်ဘူးဆိုပြီးဘယ်လောက်ထိ မိုက်မိုက်ကန်းကန်း ကျနော်တို့ကို ပြောလဲဆို ငါတို့ အင်အားတွေ ဒီလောက်မရှိတဲ့အချိန်မှာ မင်းတို့ နယ်စပ်တကြောမှာ ရှိတဲ့ တပ်စခန်းတွေ ငါတို့ အရ သိမ်းပိုက်နိုင်တယ်ဆိုတော့ အခုကတော့ မင်းတို့ ဘာပြောပြော ဂရုမစိုက်ဘူး ဖောက်စရာရှိ ဖောက်မှာ ဒီလောက်အထိ အပြောခံရတာ။ အဲဒီလောက် မိုက်ရိုင်းတဲ့ သူတွေနဲ့ကျနော်တို့က ရှေ့ဆက်လို့ မရဘူးဗျ။ အဲဒါကြောင့် ၂၀၁၈ ခုမှာ အဲဒီ ဆွေးနွေးပွဲက ကျနော်တို့ ခဏ ရပ်နားပြီးတော့ ပုံမှန် လမ်းကြောင်းမှန် ပြန်ရောက်ဖို့ ကြိုးစားတာ အလွတ်သဘော ဆွေးနွေးပွဲ ၈ကြိမ်လောက် အစိုးရနဲ့ ပြန်ပြီးဆွေးနွေးတယ်။ အစိုးရ နဲ့ အဲဒီတုန်းက NLD အစိုးရပေါ့နော်။ကျနော်တို့ဆွေးနွေးတာ လမ်းကြောင်းမှန် ပြန်ရောက်တယ် ပြန်ဆွေးနွေးမယ် ၂၀၂၀ မှာ ပြန်ပြီးတော့ ဆွေးနွေးတယ်လေ။ ၂၀၂၀ ပြီးတော့ ကျနော်တို့ ရလာတဲ့ သဘောတူညီချက် ပြည်ထောင်စု သဘောတူညီချက် အမှတ်(၃) အဲဒီဟာက ကျနော်တို့ ရှင်းရှင်းပြောရရင် အနှစ်သာရက ဘာလဲဆိုတော့ကျနော်တို့ ဆက်ဆွေးနွေးရမှာ အသေးစိတ်ရှိတယ် အနှစ်သာရက စစ်တပ် နိုင်ငံရေးကနေ တဆင့်ချင်း တဆင့်ချင်း ဆုတ်ခွာလာရမယ်ဆိုတာ အဆင့်သုံးဆင့်နဲ့ ကျနော်တို့ ထားတာ။ အဲဒီ ပရိုပိုဇယ် ကျနော်တို့ တင်လိုက်ပြီးတော့ NLD အစိုးရ သဘောတူပြီး ကျနော်တိုဆက်ဆွေးနွေးတာ။အဲဒါကိုအကြမ်းအားဖြင့်သဘောတူညီခဲ့ပြီး အသေးစိတ် ဆက်ဆွေးနွေးဖို့ပဲ လိုတယ်။ရှင်းရှင်း ပြောရရင် ဗျာ ၂၀၂၀ ကနေ ၂၀၂၅ အထိ ဘယ်နှစ်ရာခိုင်နှုန်းရွှေ့မယ် ၊ ၂၀၂၅ ကနေ ၂၀၃၀ အထိ စစ်တပ်က နိုင်ငံရေးကနေဘယ်နှစ်ရာခိုင်နှုန်းရွှေ့မယ် နောက်ဆုံးအကုန်လုံး ၁၀၀ ရာခိုင်နှုန်းဆုတ်ခွာရမယ်ဆိုတာ သူတို့လက်မှတ်ရေးထိုးတယ်နော်။ ဒါပေမဲ့ သူတို့ အဲဒါ ကောင်းကောင်း သိသွားတဲ့အခါ စစ်တပ်က နိုင်ငံရေးမှာဝင်ရှုပ်လို့ မရတော့ဘူး ။ဒါကြောင့် အာဏာရရှိရေး အတွက် ဆက်ပြီးတော့ အာဏာသိမ်းပစ်လိုက်တာပဲ။ ဒါကရှင်းရှင်းလေးပဲ။ အဲဒါကြောင့် ဒီနေ့ ဒီအချိန်မှာ သူဘာပြောပြော တခုမှ နားမဝင်တော့ဘူး။ပြောလည်း ပြောစရာမရှိဘူး။ ကျနော်တို့လည်း လက်ခံစရာ အကြောင်းကိုမရှိတာ။ ဒီစစ်ကောင်စီမရှိမှ ကျနော်တို့ တိုင်းပြည်ကရှင်းမှာ။
မေး- စစ်တပ်ကခြေဥ ကိုဖောက်ဖျက်ပြီးအာဏာသိမ်းကတည်းက NCA စာချုပ်ကပျက်ပြီလို့ KNU က အရင်ပြောဖူးပါတယ် ။ စစ်ကောင်စီကတော့ NCA လုပ်ငန်းစဥ်ကဆက်ရှိနေသေးသယောင် ပြည်တွင်းကိုရော နိုင်ငံတကာကိုရော ပြောဆိုလုပ်ကိုင်နေပါတယ် ။ တကယ်က NCA လုပ်ငန်းစဥ်ကပျက်ပြီလား ရှိပါသေးလား။
ဖြေ- ဒါက ရှင်းရှင်းလေးပဲ။ နိုင်ငံရေးကိုရော တော်လှန်ရေးဘက်ကိုရော နည်းနည်းပါးပါး အခြေခံ ရှိတဲ့သူက သိနေတာပဲ။ တိုင်းပြည်တပြည် အာဏာသိမ်းပြီးကတည်းက အဲဒီတိုင်းပြည်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကပျက်ပြီ။ ဒါက ရှင်းရှင်းလေး။ အခုဟာက အာဏာလည်းသိမ်းတယ်။ အာဏာသိမ်းတာကိုတောင် သိမ်းတယ်လို့ ရဲရဲ မပြောတဲ့ ဒီသူတောင်းစား ပုံစံနဲ့ ကျနော်တို့က ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါသာမန်လူတောင်သိတယ်။ နိုင်ငံရေး အခြေခံ နည်းနည်းပါးပါးရှိရင်တောင် သိတယ်။ အာဏာသိမ်းပြီးကတည်းက ဖွဲ့စည်းပုံ အခြေခံက ပျက်ပြီဆိုတာ ။ အဲဒါကြောင့်အခု ၂၀၀၈ ကို လာလာပြောတယ်ဆိုတာ တော်တော်လေးကို ရယ်စရာကောင်းတယ်။ အဲဒါကြောင့် ဘယ်လိုမှ လက်ခံလို့ မရတော့ဘူး။ ကျနော်တို့ လိုချင်တာက အဲဒီ ၂၀၀၈ကို လာပြောမနေနဲ့တော့ ဘာမှ အကျိုးမရှိဘူး။ ကျနော်တို့ ပြောချင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို လက်ခံရမယ်။ စစ်တပ် နိုင်ငံရေးက ဆုတ်ခွာရမယ်။ ကိုယ်ကျူးလွန်ခဲ့တဲ့ ပြစ်မှု အားလုံးတာဝန်ခံပါ။ အဲဒါ မှ ကျနော်တို့ စကား ပြောဖို့ ဆိုတာ ခေါင်းထဲ စဉ်းစားလိုက်မယ်။ အခုလိုဆို ဆောရီးပဲ လုံး၀ပဲ။
မေး- KNU နယ်မြေတွေမှာ စစ်ဆင်ရေးတွေလုပ်နေပေမယ့်အခုနောက်ပိုင်းသတင်းထုတ်ပြန်တာသိပ်မလုပ်တော့တာသတိထားမိပါတယ် ။ စွယ်တော်ကုန်းဗျူဟာကိုတိုက်ခဲ့တဲ့တောက်လျှောက်မှာလည်းသတင်းမထုတ်ပြန်ခဲ့သလို သိမ်းပြီးတော့လည်းသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။စစ်ရေး သတင်းတွေဘာကြောင့် မထုတ်ပြန်တာပါလဲ။
ဖြေ- အဲဒါကလည်း ကိုယ့်အတွေ့အကြုံအပေါ် ပဲ။ အတွေ့အကြုံဆိုတာ ကိုယ့်ရဲ့ ဆရာကောင်းပဲလေ။ ကျနော်တို့ ဘာပဲ ပြောပြော ကျနော်တို့က ခေတ်လူငယ်တွေနဲ့ လက်တွဲရတယ်ဆိုတာ ကျနော်တို့ ခေတ်တုန်းကနဲ့ လုံး၀မတူဘူး။ ကျနော်တို့ တော်လှန်ရေးထဲ ဝင်လာတယ်ဆိုတာ သတင်းနားထောင်စရာ ရေဒီယိုပဲ အားကိုးနေရတာ။ ခုကတော့ ဖုန်းတွေက နေရာတကာ ရှိနေတဲ့အခါလုပ်ရကိုင်ရခက်တယ်။ ဒါပေမဲ့ ကျနော်တို့က နားလည်တယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ကာလ တစ်ခုကို စောင့်ရမှာပဲဖြစ်တယ်။ အဲဒါက ဘာဖြစ်လဲဆိုတော့ စိတ်ရှည်မှုက အရေးကြီးတယ်။ အဲဒါကြောင့်မို့ အခုက သတိထားမိမှာပါ။ အခု စစ်ရေးသတင်းတွေ အာရှလမ်းမကြီး မှာ ဖြိုချလိုက်တဲ့ဟာတွေ၊ ခဏ ခဏ ဖြစ်နေတာ ဒါပေမဲ့ ကျနော်တို့ သတင်းလုံး၀ မထုတ်ပြန်တော့ဘူး။ အဲဒီတနေရာတည်းမဟုတ်ဘူး တခြားနေရာတွေမှာရော အများကြီးဖြစ်တယ်။ ကျနော်တို့ တိုက်ပွဲပေါင်းက တစ်လတစ်လ နည်းတာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ လုပ်နေတဲ့ စစ်ရေးက သူများနဲ့ မတူဘူး။ ကျနော်တို့က ခြွေစစ်နဲ့သွားနေတာ။ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ဟာပဲ လုပ်တာ။ ဒီခြွေစစ်ကဘာလဲကျနော်တို့ဘယ်အပေါ်မှာ လဲဆို ကျနော်တို့ KNU ရဲ့ စစ်ရေး လမ်းစဉ်နဲ့ တိုက်ပွဲလမ်းညွှန်အပေါ်မှာပဲ မူတည်တယ်။ အဲဒီ စစ်ရေးလမ်းစဉ်က ကျနော်တို့ မြို့သိမ်းမှာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ အခြေအနေ အခွင့်အခါပေးလာမယ်ဆို ကျနော်တို့ သိမ်းမယ်။ အခုလက်ရှိ စစ်ရေးလမ်းစဉ်နဲ့ တိုက်ပွဲလမ်းညွှန်က ကျနော်တို့က ခြွေစစ်နဲ့ပဲ သွားမှာ ။ အဲဒီ ခြွေစစ်ကတစ်လတစ်လ တိုက်ပွဲတွေ အများကြီးဖြစ်တယ်။ အဲဒီလို ဖြစ်နေတဲ့ အနေအထားမျိုးက ဘာပဲဖြစ်ဖြစ် နှေးရင်နှေးမယ် ဒါပေမဲ့ တရွေ့ရွေ့ တော့ ရွေ့နေတယ်ဆိုတာ သိတယ်။ ဘာလို့ အဲဒီလို ဖြစ်ရလဲဆိုတာက ကျနော်တို့ ရည်မှန်းထားတာက စစ်ရေးနဲ့ အနိုင်ယူတာထက် အဲဒီ ရလာတဲ့ နယ်မြေတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုအုပ်ချုပ်မလဲဆိုတာ သိပ်ပြီး အရေးကြီးတယ်။ အခုက လက်တွေ့ပြနေပြီ နေရာတိုင်းမှာ တည်တည်ငြိမ်ငြိမ် မအုပ်ချုပ်နိုင်ဘူး ဆိုရင် နောက်ဆုံး ဘယ်သူပဲ ဒုက္ခရောက်လဲဆိုရင် လူထုပဲ ဒုက္ခရောက်မယ်။ အဲဒါကို ကျနော်တို့က ဘာပဲ ဖြစ်ဖြစ် အဆို အဆဲခံရတဲ့ အချိန်ကာလမှာ ကျနော်တို့ ခံတယ်ငြိမ်ခံတယ်။ ဒါပေမဲ့ တနေ့ကျရင် လူထုက ပိုပြီးတော့ နားလည်လာမှာပါ။ အခုကတော့ ဘာမှ မဖြစ်သေးပါဘူး။
ကျနော်တို့ ဖြတ်သန်းမှုကနှစ် ၇၀အတွင်းမှာ အမျိုးမျိုး ဖြတ်သန်းပြီးဒီလို ရပ်တည်နိုင်သေးတယ်ဆိုတာ ဒါ ကျနော်တို့ရဲ့ ဆရာကောင်းတွေပဲ ဒီအတွေ့အကြုံက။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို နားလည်လာနိုင်မယ်ဆိုတာ တဖြေးဖြေးနဲ့ ကျနော်တို့ မျှော်လင့်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက ကျနော်တို့ လက်ထဲမှာပဲရှိတယ်။ ဒီစစ်ကောင်စီ စစ်အာဏာရှင်စနစ်ဘယ်အာဏာရှင်စနစ်မှ ဘယ်လိုမှ မတည်မြဲဘူးဆိုတာ ကျနော်က အသေအချာပြောရဲတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ရည်မှန်းချက်က ဒီတိုင်းပြည်ကို စနစ်အသစ်နဲ့ သွားမှာ။ အုပ်ချုပ်သူ ပြောင်းလဲရေး ဆိုပြီး အပေါ်ယံလာပြောင်းလဲတဲ့ဟာက ကျနော်တို့အတွက် လုံး၀မလိုချင်တော့ဘူး။
မေး- အခု စွယ်တော်ကုန်းဗျူဟာသိမ်းလိုက်ပြီဆိုတော့လေးကေ့ကော်မြို့သစ်ကိုလုံးလုံးထိန်းနိုင်ပြီလို့ပြောရလား။ စွယ်တော်ကုန်းဗျူဟာက စစ်ရေးအရဘယ်လောက်အရေးကြီးပါလဲ။
ဖြေ- အဲဒါက ကျနော်က စစ်ရေးဘက်မှာမကျွမ်းကျင်ဘူးလေ။ ပြောစရာလည်း မလိုဘူး။ သို့သော် မျက်လုံးနဲ့ ကြည့်ပြီး မြင်နေရတာက အခုက လေးကေ့ကော်ရော၊ မြ၀တီရော ဘေးနားမှာ ဘာမှမရှိဘဲနဲ့ တခါတည်း မြ၀တီမြို့ကြီးက ဟိုး လဟာပြင်စျေးကြီးလိုဖြစ်နေတာ။ ဘေးနားမှာ ဘာမှမရှိတော့ဘူး။ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်။
မေး- ဘန်ကောက်ပိုစ်သတင်းစာမှာ ထိုင်းအစိုးရအနေနဲ့ အာရှအဝေးပြေးလမ်းမကြီးပြန်ဖွင့်ဖို့ KNU အပါအဝင် ကရင်တော်လှန်ရေးအဖွဲ့တွေနဲ့ရော စစ်ကောင်စီ နဲ့ရောဆွေးနွေးတယ်။ KNU ကအာရှလမ်းမကြီးပြန်ဖွင့်ပေးဖို့ သဘောမတူဘူးလို့ရေးသားဖော်ပြပါတယ် ။ အဖြစ်မှန်ကိုရှင်းပြပေးပါလား။
ဖြေ- အဲဒါကြောင့်မို့လို့ ကျနော်တို့က ပြောတာပေါ့။ ကျနော်တို့ စစ်ရေး ဆင်နွှဲတယ်ဆိုတာ ကျနော်တို့ ခြွေစစ်နဲ့သွားတယ်။ ကျနော်တို့ KNU ရဲ့ စစ်ရေးလမ်းစဉ်နဲ့ တိုက်ပွဲလမ်းညွှန်အတိုင်း ကျနော်တို့ သွားတယ်။ တည်တည်ငြိမ်ငြိမ်တဲ့သွားတဲ့အခါ ကိုယ့်ရဲ့ အခြေအနေနဲ့ လိုက်ဖက်ညီအောင် ကျနော်တို့ လုပ်တဲ့အခါမှာကျတော့ နှေးတယ်။ သူများတွေလောက်မမြန်နိုင်ဘူး။ အဲဒီလောက်ပဲ ပြောတယ်ဆိုပေမယ့် တကယ့်အခရာကျတဲ့ ကျနော်တို့ တိုင်းပြည်မှာ သတိပြုမိဖို့ပါ။ ဒီနယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ရင် အခုလက်ရှိ အာရှလမ်းမကြီးကို ကျနော်တို့ ထိန်းချုပ်ထားနိုင်ပြီ။ သူတို့ ဘာမှ လုပ်လို့မရတော့ဘူး။ ကျနော်တို့ လက်ထဲမှာ။ ဟိုးဒီဇင်ဘာလကတည်းက ပြတ်တောက်သွားပြီ။ ဆိုတော့ အဲဒီအပိုင်းမှာ ဆိုရင် ဒါအာရှလမ်းမကြီး ။ ထိုင်းဘက်က ဖော်ပြတဲ့ စာရင်းဇယားအရဆိုရင် တစ်နှစ်ကို ၁ဒသမ ၁ဘီလီယံ ။ ဒါဟာ သန်း ၁၁၀၀နဲ့ ညီမျှတဲ့ ငွေကြေး။ဒါက အမေရိကန်ဒေါ်လာကိုပြောတာ။ ဒီလောက်ရရှိတဲ့ ငွေကြေး တွေ အခုက လုံး၀ ပြတ်တောက်သွားပြီ။ သူတို့ လက်ထဲကို မရောက်တော့ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် လူထုအတွက် စားဖို့သောက်ဖို့ မပြတ်တောက်ရေးအတွက် နည်းနည်းပါးပါးတော့ ခွင့်ပြုထားတဲ့ဟာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆို သိတဲ့အတိုင်းပဲ ကျနော်တို့ တိုင်းပြည်က ဘာမှ မထွက်ဘူး။ အကုန်လုံးက ထိုင်းကို မီခိုပြီးသွင်းနေရတဲ့ဟာ ကြက်ဥကအစ။ ဆိုတော့ အဲဒီဟာက ကျနော်တို့ နားလည်မှုတစ်ခုနဲ့ရှိတယ်ဆိုပေမယ့်လို့ အဓိက အာရှ ကုန်သွယ်ရေးလမ်းကြောကြီးကိုတော့ လုံး၀ ပိတ်ဆို့ပစ်လိုက်ပြီ။ ပိတ်ဆိုတဲ့အပေါ်မှာကတော့ မြို့ကို သိမ်းသည်ဖြစ်စေ မသိမ်းသည်ဖြစ်စေ လမ်းမကြီးကတော့ ကုန်သွယ်ရေးက လုံး၀ ရစရာမရှိတော့ဘူး။ အဲဒီအပိုင်းမှာ လာပြီးတော့ တစ်ဖက်နိုင်ငံကလည်း ကျနော်တို့ဘက်နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်တာတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက ကျနော်တို့ ဖြစ်နေတဲ့ ပြဿနာက အခုမှ မဟုတ်ဘူး။ နှစ် ၇၀ ကျော်ပြီ။အဲဒီ ၇၀ ဖြစ်တဲ့ ပြဿနာက အာရှလမ်းမကြီး တစ်ခုတည်း ဖြစ်တာမဟုတ်ဘူး။ အကုန်လုံးဖြစ်နေတဲ့ ပြဿနာကြီးကို အရင်းအမြစ်ကနေ လှန်ပစ်ရမယ်။ အဲဒါ ပြဿနာရဲ့ အရင်းကို ကျနော်တို့ ဖော်ထုတ်ပြီးတော့ ဒီဟာကိုဖြေရှင်းရမယ်။ ဒီလမ်းကို သွားပြီး ဖြေရှင်းလိုက်မယ်ဆိုရင် မင်း ၅၀စား၊ ငါက၃၀ စား ၊ မင်းက ဘယ်လောက်ပဲစား အဲဒီလို ဝေစုဆိုတာ ဘယ်လိုမှ ရေရှည်မခံဘူးခဏလေး ပြန်ဖြစ်မှာပဲ။ အဲဒီလိုဟာမျိုးရေတိုဖြေရှင်းနည်းကို ကျနော်တို့ မလိုချင်ဘူး။ကျနော်တို့ လိုချင်တာက ဒီတိုင်းပြည်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကို လိုချင်တဲ့အတွက်ကျနော်တို့ ပြောတာ ခဏလေး စောင့်ပါအုံး။ ကျနော်တို့ လုပ်စရာ ရှိသေးတယ် ကျနော်တို့ ဆက်လုပ်မယ်။ ပြီးရင် အဲဒီ အတွက် သေချာ တိုင်ပင်ဆွေးနွေးမယ်။ အခုလောလောဆယ်က ခဏလေးစောင့်ပါအုံး။
(မေးမြန်းခန်း ဒုတိယပိုင်းကိုဆက်လက်ဖော်ပြပါမယ်)
