“အဲ့ကာလမှာ ညတိုင်းသစ်တောကြိုး၀ိုင်းမှာဆိုရင် ချိန်းဆောသံပဲကြားရတယ်။ ကျေးငှက်တွေ ပုဇင်းအော်သံတွေ ဆိုရင် ပျောက်ကွယ်လုနီးနီးကို ဖြစ်ခဲ့တယ်။” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစော(အမည်လွှဲ)က ပြောပြတယ်။
သူနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ထဲက အလောင်းတော်ကဿပ သစ်တောကြိုး၀ိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် သစ်ခိုးထုတ်မှုတွေရှိနေပြီး အခုဆိုရင် သစ်ပင်တွေက ကုန်သလောက် နီးပါးရှိနေပြီလို့လည်း ကိုစောက ဆိုပါတယ်။
စစ်ကိုင်းတိုင်းက မင်းကင်း၊ ကနီနဲ့ ယင်းမာပင် မြို့နယ်တွေနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဒီအလောင်းတော်ကသပ သစ်တောကြိုးဝိုင်းကြီးဟာ ကိုလိုနီခေတ်ကတည်းက ထိန်းသိမ်းရေးကြိုးဝိုင်းဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်သလို အာဆီယံအမွေအနှစ်စာရင်းဝင်တဲ့ သစ်တောလည်း ဖြစ်ပါတယ်။

Public Service Announcement

ဒီအမွေအနှစ်သစ်တောကြီးမှာ တရားမဝင်ခိုးထုတ်မှုတွေ၊ ရောင်းဝယ်မှုတွေကို မည်သူတွေကမှလည်း ထိထိရောက် ရောက် တားဆီးနိုင်တာ မရှိတဲ့အတွက် သစ်တောပြုန်းတီးမှုဟာ အလွန်ပဲဆိုးရွားခဲ့တာလို့ သူက ဆိုပါတယ်။
ဒါကြောင့် အလောင်းတော်ကဿပသစ်တောကြိုး၀ိုင်းမှာ “သစ်ကတော့ တကယ်ကုန်သလောက်ဖြစ်သွားပြီ။ ကုန် သလောက်ကို ဖြစ်သွားပြီ။ ထိန်းသိမ်းတာထက် ကျနော်ကတော့ဒီသစ်တောကြိုး၀ိုင်းထဲမှာ နောက်ထပ် သစ်ပင် တွေပေါ့၊ ထပ်ပြီးတော့ စိုက်ပျိုးသင့်ပြီလို့ ယူဆတယ်။” လို့ သူက ဆိုပါတယ်။
သူလည်း ဒီလိုကိစ္စတွေကိုတားဆီးနိုင်တဲ့သူမဟုတ်တာကြောင့် ဒီတိုင်းစိတ်ပျက်လက်ပျက်ကြည့်နေခဲ့ရတယ်လို့ သူက ဆိုတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးတာကြောင့် နောက်ဆုံးမှာပြည်သူတွေက လက်နက်ဆွဲကိုင် တော်လှန်လာတာ အခုဆိုရင် လေးနှစ်နီးပါးကိုရောက်လာပြီလည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်နီးပါးအတွင်း မြန်မာနိုင်ငံဟာ အဖက်ဖက်ကနေ ယိုယွင်းပျက်စီးခဲ့ရပါတယ်။ ဒီထဲမှာ သစ်တောတွေ ပြုန်း တီးမှုလည်း အပါအဝင်ပါ။ သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်အဖြစ်လည်း ရာသီဥတုဖောက်ပြန်မှုတွေကို လက်ရှိ မှာ ကြုံတွေ့နေကြရပါပြီ။

▪︎ဆိုးရွားနေတဲ့ သစ်တောပြုန်းတီးမှု
သဘာ၀ပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူဖြစ်ပြီး လေ့လာစောင့်ကြည့်နေသူလည်းဖြစ်တဲ့ ဦးဝင်းမျိုးသူက တော့ အရင်က သစ်တောပြုန်းတီးမှုဟာ တစ်နှစ်ကို ပျှမ်းမျှ ဧကတစ်သန်းလောက်ရှိတယ်လို့ဆိုပါတယ်။ ရွေးကောက်ခံအရပ်သား အစိုးရလက်ထက်မှာတော့ စီးပွားဖြစ်သစ်ထုတ်မှုတွေကို ရပ်ဆိုင်းလိုက်တာတွေကြောင့် သစ်တောပြုန်းတီးမှု ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သစ်တောပြုန်းတီးမှုတွေ ပြန်လည် မြင့်တက်လာနေပြီး အတိအကျ ကိန်းဂဏန်းတွေရဖို့ကတော့ လုံခြုံရေးအခြေအနေတွေကြောင့် ဒီအချိန်မှာခက်ခဲနေတယ်လို့ သူကဆိုပါတယ်။
“အခုကတော့ ဂြိုလ်တုဓါတ်ပုံတွေကို ဆွဲလိုက်လို့ရတယ်။ ဒါပေမဲ့အောက်ခြေမှာ ဘယ်လောက်သွားလဲဆိုတာကို စစ်ဆေး ကြည့်ဖို့လိုသေးတာပေါ့။ အဲဒါမရှိဘဲပြောရင် အရမ်းကြမ်းတာပေါ့နော်။ ဆိုတော့ အဲဒါမျိုးစစ်ဆေးဖို့က မလုပ်နိုင်တော့ဘူးလေ။ မလုပ်နိုင်တော့ ပြောရရင် သစ်တောဦးစီးဌာနက ငါးနှစ်တစ်ကြိမ် သစ်တောပြောင်းလဲမှု ကိုတိုင်းတာပြီးတော့ FAO ကို အစီရင်ခံရတယ်ပေါ့။ သူတို့ပုံမှန်ငါးနှစ်တစ်ကြိမ် အစီရင်ခံမယ်ဆိုတဲ့ Forest Resources Assessment (FRA) အဲ့ဒါလည်း သူတို့ မလုပ်နိုင်တော့ဘူးလို့ထင်တယ်။ သူတို့တင်ပြတာလည်း ရှိပုံ မရဘူး။ အဲ့တော့ သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ဟာကတော့ ရှိမနေဘူးပေါ့။” လို့ ဦးဝင်းမျိုးသူက ရှင်းပြပါတယ်။
သစ်တောဦးစီးဌာနကအငြိမ်းစားသစ်တောအရာရှိတစ်ဦးကတော့ မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုဟာ နှစ်စဉ် တိုးပွားနေပြီး ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုက နိုင်ငံတော် ဧရိယာရဲ့ ၇၅ ရာခိုင်နူန်းရှိရာမှ ၁၉၇၅ မှာ ၆၂ ရာခိုင်နူန်း၊ ၁၉၉၀ မှာ ၅၇ ဒသမ ၉၀ ရာခိုင်နူန်း၊ ၂၀၀၀ ပြည့်နှစ်မှာ ၅၂ ဒသမ ၂၈ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၄၂ ဒသမ ၁၉ ရာခိုင်နူန်းသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

သစ်တောပြုန်းတီးမှု ရာခိုင်နူန်းမှာလည်း ၁၉၈၈ မှာ ၀ ဒသမ ၂၅ ရာခိုင်နူန်းသာရှိရာမှ ၂၀၁၀ မှ ၂၀၁၅ အတွင်း ၂ ရာခိုင်နူန်း ဧရိယာအားဖြင့် ဧက ၁ ဒသမ ၃၀ သန်းကျော်ပြုန်းတီးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဖိုးတန်သစ် များကို ခိုးယူခုတ်ထွင်ခြင်းကြောင့်လည်း သစ်တောတန်ဖိုးကျဆင်းနေတယ်လို့ဆိုပါတယ်။
ကမ္ဘာမှာ ဘရာဇီးနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ တတိယမြောက် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အဆိုပါသစ်တောအရာရှိက ဆိုပါတယ်။
ကမ္ဘာတစ်ဝန်းကသစ်တောပြုန်းတီးမှုတွေကိုစောင့်ကြည့်လေ့လာနေတဲ့ Global Forest Watch ရဲ့ဆန်းစစ်ချက် တွေအရ ၂၀၂၃ မှာ မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု ဟက်တာသုံးသိန်းနီးပါး (ဧကခုနစ်သိန်းကျော်) ရှိတယ်လို့ ဖော်ပြထားပါတယ်။
သစ်တောပြုန်းတီးမှု အဆိုးဆုံးပြည်နယ်ဟာရှမ်းပြည်နယ်ဖြစ်ပြီး ဟက်တာတစ်သိန်းကျော်(ဧကနှစ်သိန်းခွဲနီးပါး) ရှိပါတယ်။ သူ့နောက်မှာတော့ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့ပဲ ဖြစ် ပါတယ်။
၂၀၀၂ မှ ၂၀၂၃ ကာလအတွင်းဆိုရင် မြန်မာနိုင်ငံမှာ သစ်တော ၇၅၂,၀၀၀ ဟက်တာ (ဧကနှစ်သန်းနီးပါး)ကို ဆုံးရှုံး ခဲ့ပြီး သစ်တောဧရိယာ ၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သစ်တောပြုန်းတီးမှု အချက်အလက်တွေမှာတော့ Global Forest Watch ရဲ့ထုတ်ပြန်ချက်နဲ့ သစ်တောဦးစီး ဌာနက အငြိမ်းစားသစ်တောအရာရှိရဲ့ အချက်အလက်တွေက အနည်းငယ် ကွဲလွဲမှုတော့ရှိနေပါတယ်။
အငြိမ်းစား သစ်တောအရာရှိရဲ့ အချက်အလက်တွေမှာ သစ်တောပြုန်းတီးမှု အများဆုံးပြည်နယ်က ပဲခူးတိုင်းဒေသ ကြီးဖြစ်ပြီး သူ့နောက်မှာတော့ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ပဲဖြစ်ပါတယ်။

▪︎သစ်တောတွေ ဘာကြောင့်ပြုန်း
သစ်တောပြုန်းတီးမှုတွေကို ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ လူဦးရေ တိုးပွားလာတာနဲ့အမျှ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ ပြည်တွင်းမှာ ထင်းမီးလောင်စာ ထုတ်ယူသုံးစွဲမှု များပြား လာခြင်း၊ နိုင်ငံရဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ တိုးပွားလာခြင်း၊ သစ်တောနယ်မြေများ တွင် သထ္ထုတူးဖော်ခြင်းလုပ်ငန်းများ တိုးတက်များပြားလာခြင်း၊ သစ်တောမြေများတွင် ရာဘာနှင့်ဆီအုန်းစိုက် ပျိုးမှုများပြားလာခြင်းနဲ့ ရွှေ့ပြောင်းတောင်ယာခုတ်ခွင်ခြင်းတွေကြောင့်ဖြစ်တယ်လို့ အငြိမ်းစားသစ်တော အရာရှိ က ရှင်းပြပါတယ်။
သစ်တောပြုန်းတီးမှုအကြောင်းအရာတွေကိုကြည့်လိုက်ရင် ပြုန်းတီးမှုအများဆုံး အကြောင်းအရာတွေထဲမှာ ထိပ်ဆုံးက ရှိနေတာက သစ်တောထွက်ပစ္စည်းထုတ်ယူမှုနဲ့ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲမှုလို့ ဦးဝင်းမျိုးသူက ဆိုပါ တယ်။
သတ္ထုတူးဖော်မှုလို ကျန်တဲ့ အကြောင်းအရင်းတွေကြောင့် သစ်တောပြုန်းတီးတာဟာ ရာခိုင်နူန်းနည်းပါးတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင်သစ်တောပြုန်းတီးမှုကိုဖြစ်စေတဲ့ အချက်တစ်ချက်လည်းရှိနေပါသေးတယ်။ အဲဒါကတော့ ပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေရဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေ များလာတာကြောင့်လည်း ဖြစ်တယ်လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
အထူးသဖြင့် ကရင်နီပြည်(ကယားပြည်နယ်)ဘက်မှာ ပိုပြီးဆိုးတယ်လို့ ဆိုပါတယ်။ ၂၀၂၁ လောက်က ကရင်နီ ပြည်နယ်ဘက်ကို ဂြိုလ်တုဓါတ်ပုံတွေနဲ့ လေ့လာဆန်းစစ်မှု လုပ်တဲ့အခါမှာ စစ်မဖြစ်တဲ့နေရာမှာ သစ်တော အထူးအထွေပြောင်းလဲတာတွေ သိပ်မရှိဘဲ စစ်ဖြစ်ရာဒေသတွေမှာတော့ သစ်တောတွေပြောင်းလဲသွားတယ်လို့သူက ဆိုပါတယ်။
“ရွှေ့ပြောင်းနေထိုင်သူတွေ သိန်းချီရှိတဲ့အခါကျတော့ သူတို့နေဖို့ထိုင်ဖို့ တိုင်တွေ၊ မျောတွေခုတ်ရတာတွေ၊ နောက် တစ်ခုက လောင်စာဆီ သူတို့ချက်ပြုတ်စားသောက်ဖို့ ထင်းခုတ်ရတာတွေ အစရှိသဖြင့်ပေါ့နော်။ ဒီလိုမျိုး သစ် တောကို မှီခိုရတာတွေ များတဲ့အတွက်ကြောင့်မို့ အဲနေရာမှာတော့ ဆိုးဆိုးဝါးဝါး ဂြိုလ်တုဓါတ်ပုံမှာ ပေါ်တယ် ပေါ့နော်။ မြေပြင်အခြေအနေကလည်း သတင်းအချက်အလက်ကလည်းရတယ်။”လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရလက်ထက်မှာ ချမှတ်ခဲ့တဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများစွာနဲ့ သစ်တောတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေဟာလည်း ရပ်တန့်ခဲ့ရပါတယ်။

ဥပမာအားဖြင့် ၂၀၁၉ မှာ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀) ဆိုရင်လည်း အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရပါတယ်။ ဒီဗျူဟာရဲ့ရည်ရွယ်ချက်မှာ “ရည်ရှည်တည်တံ့သော၊ ကြွယ်ဝ ချမ်းသာမှု ရှိသော၊ အားလုံးပါဝင်သော၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန် (ထုတ်လွတ်မှု) လျော့နည်းသော လူမှုအဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာစေရန်” ဆိုပြီး ဖော်ပြထားပါတယ်။
▪︎တရားမဝင် သစ်ခိုးထုတ်မှုတွေ
လတ်တလောမှာတော့ နောက်ထပ်သစ်တောပြုန်းတီးမှုကို အကြီးအကျယ်ဖြစ်စေတာက သစ်ခိုးထုတ်မှုတွေပါပဲ။ ပဲခူးရိုးမမှာဆိုရင်လည်း သစ်တွေ ခိုးထုတ်နေကြတာဟာ ပွဲတော်တမျှ စည်ကားနေတယ်လို့ ပဲခူးရိုးမနားက မြို့ နယ်တစ်ခုမှာ အခြေစိုက်လူပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ လုံခြုံရေးကြောင့် သူ့နာမည် နဲ့ တပ်ဖွဲ့အမည်ကိုတော့ မဖော်ပြဖို့ မေတ္တာရပ်ခံပါတယ်။
ပဲခူးရိုးမမှာ တစ်နေ့တစ်နေ့သစ်ကားအစီးရေရာနဲ့ချီထွက်ရှိပြီး ရိုးမထဲမှာလည်း သစ်ပင်ကြီးတွေက ကုန်သ လောက် ဖြစ်နေပြီလို့ သူကဆိုပါတယ်။
” အခုက သစ်ကိုအစီးရေ ရာနဲ့ချီပြီးကို ရိုးမထဲမှာ ခုတ်နေကြတာ။ အတွင်းထဲမှာ သစ်ခုတ်ဖို့အတွက် PDF ကို ပေးကြရတယ်။ အောက်ဘက်ရောက်လာရင် စစ်ကောင်စီကို ပေးကြရတယ်။ဒီလိုပေါင်းလုပ်နေကြတယ်။ ပြီးခဲ့တဲ့ နှစ်လောက်ကစပြီး အဲဒီ ကိစ္စက အတော်လေးဆိုးရွားစွာဖြစ်လာတယ်။ ” လို့ သူက ဆိုပါတယ်။
သစ်ခိုးထုတ်မှုမှာ ပဲခူးရိုးမထဲက NUG လက်အောက်ခံ PDF တချို့လည်း တပ်ရင်းရန်ပုံငွေအတွက်ဆိုပြီးတော့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်လို့လည်း သူကပြောပြပါတယ်။ တချို့ဆိုရင် သစ်ရဲ့အကျိုးအမြတ်ရတာကြောင့် စစ်တိုက်ဖို့ မဟုတ်တော့ဘဲနဲ့ လက်နက်ကိုင်ပြီးတောထဲမှာ သာယာနေတဲ့ အဖွဲ့အစည်းလို ပုံစံမျိုးဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။
”တပ်ရင်းရန်ပုံငွေဆိုပြီး ခေါင်းစဉ်ပြခုတ်နေကြတာ။ တောင်ငူခရိုင်ထဲက တောတွေဆိုရင် ကတုံးတွေဖြစ်ကုန်ပြီ ခင်ဗျ။”
ဒါကြောင့်လည်း ပဲခူးရိုးမရဲ့သစ်တော အခြေအနေဟာ “တော်လှန်ရေးမပြီးခင် ကုန်ပါတယ်လို့ပဲ ပြောရမှာပေါ့။” လို့ သူက စိတ်ပျက်လက်ပျက်နဲ့ ဆိုတယ်။
သူကတော့ သစ်တောနဲ့ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး သူတစ်ယောက်တည်း သဘောထားနဲ့ လည်း ဒီလိုကိစ္စတွေကို တားဆီးနိုင်ဖို့ အင်အားမရှိပါဘူး။ ဒါကြောင့်လည်း သစ်ခိုးထုတ်မှုတွေကို မီဒီယာကနေ တဆင့် ဖော်ပြနိုင်အောင် ထုတ်ဖော်ပြောဆိုတာလို့ ဆိုပါတယ်။

”စစ်ခွေးတွေကတော့ ရသမျှပေါင်းစားတာလေ။ ကျနော်တို့ဘက်က ထိန်းသိမ်းရမှာ။ အခုအဲဒီသစ်ထုတ်တဲ့ ကိစ္စ ကြောင့်ပဲ တော် လှန်ရေးအဖွဲ့တွေ အချင်းချင်း ရိုးမထဲမှာ ပစ်ကြခတ်ကြတွေ ဖြစ်တာတွေရှိပါတယ်။ ဒီကရတဲ့ အကျိုးအမြတ်က တစ်နှစ်၊ တစ်နှစ်နည်းတဲ့ပမာဏမဟုတ်ဘူးလေ။ အခုနိုဝင်ဘာဆိုရင် သစ်ထုတ်သမားတွေ တက်လာကြတော့မယ်။”လို့ သူကဆိုပါတယ်။
သစ်ထုတ်လုပ်ရေးက ရရှိတဲ့ငွေကြေးတွေဟာ တစ်နှစ် တစ်နှစ်ကို ကျပ်သိန်းပေါင်းသောင်းနဲ့ချီရရှိနေပြီး ဒီငွေကြေး တွေဟာ “တပ်ရင်းတပ်ဖွဲ့တွေမှာ လက်နက်တပ်ဆင်မယ်ဆိုရင်လည်းပဲ လုံလောက်တဲ့ ငွေကြေးပမာဏလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လူမှုဖူလုံရေး ကိစ္စရပ်တွေကို ဆောင်ရွက်မယ်ဆိုရင်လည်း အတော်အသင့်ပြောင်းလဲပေးလို့ရတဲ့ ငွေကြေးပမာဏလို့ ပြောလို့ရတယ်ပေါ့။ အဲ့ငွေကြေးတွေဟာ ဒီအချိန်မှာ ကွယ်ပျောက်နေဆဲပဲဖြစ်တယ်။” လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ယင်းမာပင်ခရိုင်ထဲက အလောင်းတော်ကဿပ သစ်တောကြိုး၀ိုင်းအနီးမှာ နေထိုင်တဲ့ ကိုစောက လည်း သူတို့ဒေသမှာလည်း သစ်ခိုးထုတ်တဲ့ဖြစ်စဉ်တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်ပတ် သက်နေတယ်လို့ ဆိုပါသေးတယ်။
“အလောင်းတော်ကဿပကြိုး၀ိုင်းထဲမှာအဖွဲ့အစည်းတွေက တော်တော်များတယ်။ သစ်တွေသယ်မယ်ဆို တစ်နေရာကနေ တစ်နေရာကိုဖြတ်ရတယ်။တပ်တွေနေရာကို အဲ့လိုဖြတ်တဲ့အချိန် PDF တပ်ဖွဲ့က ဖမ်းလိုက်တယ် ဆိုပါစို့။ ဒီပစ္စည်းတွေက ဘယ်နေရာမှာရှိတဲ့ တပ်ဖွဲ့ရဲ့ပစ္စည်းတွေပါလို့ပြောလိုက်ရင် ဖမ်းတဲ့အဖွဲ့ကစောက်ရူးဖြစ် သွားတယ်။
ပြန်လွှတ်ပေးရတယ်။ ဘာလို့ လွှတ်ပေးရလဲဆိုရင် ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ဟာနဲ့ လွှတ်ပေး ရတယ်။” လို့ အဲ့ဒီဒေသက သစ်ထုတ်လုပ်ရေးလုပ်ကိုင်နေကြတဲ့ အခြေအနေတွေကို သူကရှင်းပြပါတယ်။
သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးဖို့၊ ခိုးမထုတ်ဖို့ စာထုတ်ကြတာတွေကလည်း ထိရောက်မှုမရှိလှဘဲ တချို့ ဖမ်းဆီးတဲ့ ကိစ္စတွေဟာလည်း လွဲမှားနေတယ်လို့ သူကဆိုပါတယ်။
ဒေသခံတစ်နိုင်တပိုင် သစ်ခုတ်သူတွေကိုသာ ဖမ်းဆီးနေကြပြီး မြို့ပေါ်မှာရှိတဲ့ သစ်စက်တွေ၊ လက်ကြီးသမားတွေ သစ်ခွဲသားတွေကိုတော့ အရေးယူတာတွေ မရှိဘူးလို့ သူကဆိုပါတယ်။
ဒါ့အပြင် သစ်ကိစ္စဟာ အင်မတန်မှထိလွယ်ရှလွယ်ကိစ္စဖြစ်တဲ့အတွက် ဒီကိစ္စတွေကို တားဆီးချင်ရင်တောင် တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တည်းက ဆောင်ရွက်လို့မရနိုင်ပါဘူး။ အဖွဲ့အစည်းပေါင်းစုံက ပါဝင်ပတ်သက် နေတဲ့အတွက် ဒီလိုကိစ္စတွေကို ဖြေရှင်းချင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိပေမယ့်လည်း ခက်ခဲနေဆဲပဲလို့ ကိုစောက ဆိုပါတယ်။
သစ်မှောင်ခိုသမားတွေမှာလည်း လက်နက်တွေ ကိုင်ဆောင်ထားတာတွေတောင်ရှိနေပြီး တားဆီးတဲ့ PDF တစ် ယောက်ကို သစ်မှောင်ခိုသမားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုတောင်ဖြစ်ပွားခဲ့တယ်လို့ သူက ပြော ပြပါတယ်။
ဒါကြောင့် သစ်ခိုးထုတ်တဲ့ ကိစ္စတွေဟာ မြေပြင်မှာ ဆက်လက်ဖြစ်ပွားနေပြီး အလောင်းတော်ကဿပ သစ်တော ကြိုး၀ိုင်းထဲမှာဆိုရင် သစ်ပင်ကြီးတွေမရှိသလောက်တောင်ဖြစ်နေပြီလို့သူကပြောပါတယ်။
သစ်ပို့တဲ့လမ်းကြောင်းတွေဆိုရင် ယင်းမာပင်-မုံရွာကနေတစ်ဆင့် မန္တလေးကို သက်ဆိုင်ရာလမ်းကြောင်းတွေနဲ့ ပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။
ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကို မဏ္ဍိုင်သတင်းဌာနက အီးမေးကနေတစ်ဆင့် မေးမြန်း ခဲ့ပေမယ့် တစ်လကျော် ကြာသည်အထိ အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
NUG ၊ သယံဇာတနဲ့သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လစဉ်ထုတ်ပြန်တဲ့ သတင်းလွှာတွေထဲက တရား မဝင် သစ်ဖမ်းဆီးရရှိမှုတွေကို စာရင်းပြုစုလိုက်တဲ့အခါမှာတော့ ၂၀၂၂ ဖေဖော်ဝါရီလကနေ ၂၀၂၄ မတ်လ အထိ စုစုပေါင်း သစ်ဖမ်းဆီးရရှိမှုဟာ တန်သုံးထောင်ကျော် (၃၂၈၈ ဒသမ ၅၀၈၃) ရှိတယ်လို့တွေ့ရှိရပါတယ်။
သစ်အမျိုးအစားတွေမှာ ကျွန်းသစ်က အများဆုံးဖြစ်ပြီး သစ်မာ၊ အင်၊ ပိတောက်၊ သစ်စေး၊ သစ်ရာ တို့လည်း ပါဝင်ပါတယ်။
ဖမ်းဆီးရရှိတဲ့နေရာတွေမှာ စစ်ကိုင်းတိုင်းဒေသကြီးကအများဆုံးဖြစ်ပြီး မကွေးတိုင်းနဲ့ မန္တလေးတိုင်းက အနည်း ငယ် ပါဝင်ပါတယ်။ ဖမ်းမိတဲ့တရားခံ စုစုပေါင်း ၁၀၅ ဦးရှိပြီး ၂၀၂၂ မှာဖမ်းမိတဲ့ ၅၀ ဦးကို ဒဏ်ရိုက်ကာ ပြန်လွှတ် ပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ခုနှစ်ဦးကို ဖမ်းဆီးအရေးယူတယ်လို့ဖော်ပြထားပြီး ကြားကာလလုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်တယ်လို့ပဲ ဖော်ပြထားပါတယ်။ တရားခံတွေ ဘယ်သူ ဘယ်ဝါတွေဆိုတာတော့ ဖော်ပြထား ခြင်း မရှိပါဘူး။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်နဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ၊ အမျိုးမျိုးသော လုပ်ငန်းနည်းလမ်း များကို ထောက်ပံ့ခြင်းဖြင့် ကမ္ဘာအနှံ့မှ သဘာဝစနစ်များကို ကာကွယ်ရန်ဖွဲ့စည်းထားတဲ့ Forest Trends ရဲ့ အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ ထုတ်ဝေထားတဲ့ သစ်တောမူဝါဒ၊ ကုန်သွယ်မှုနဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာ အစီရင်ခံစာမှာတော့ EU ၊ UK ၊ US ဆွစ်ဇာလန်နဲ့ ကနေဒါတို့က ပိတ်ဆို့အရေးယူထားသော်လည်း စစ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံမှ သစ်ထွက်ကုန် ကုန်သွယ်မှုတွေ ဆက်လက်တည်ရှိနေတယ်လို့ဆိုထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှ နိုဝင်ဘာအတွင်း မြန်မာနိုင်ငံမှ သစ်ထွက်ကုန်များကို တင်သွင်းခြင်းမှ စစ်ကောင်စီအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁၉၀ ရရှိစေခဲ့ပြီး ထိုအချက်အလက်တွေအရ နိုင်ငံတကာကလည်း မြန်မာ နိုင်ငံက သစ်တောထွက်ကုန်များကို ဆက်လက်ဝယ်ယူနေမှုကို ပြသနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ တရားဝင်ထုတ်ပြန်သိရှိရတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာတော့ သစ်ခိုးထုတ်မှုတွေကြောင့် ဒီထက်မက အဆပေါင်းများစွာ ရှိနေမယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
“ တရားဝင်ထုတ်တဲ့ Data (အချက်အလက်)တွေက သေးသေးလေးပဲလေ။ သန်း ၁၀ ဂဏန်းနဲ့ ရာလောက်ပဲရှိတယ်။တကယ်သွားနေတာက အောက်ခြေကသွားနေတာက အများကြီး။” လို့ သူကဆိုပါတယ်။
ဒါ့အပြင် “ တစ်ကမ္ဘာလုံးသစ်ခိုးဂိုဏ်းတွေက လုပ်စားနေကြတာပဲ။ ကျွန်းပို့တဲ့ကုမ္ပဏီကချမ်းသာနေတာပေါ့။ ဒီ အချိန်မှာတော့ ပွဲတော်ကြီးဖြစ်နေတာပေါ့။” လို့လည်း သူကဆက်ပြောပါတယ်။
▪︎ဥပဒေမဲ့ သယံဇာတ တူးဖော်မှုများ
သစ်တောပြုန်းတီးမှုတွေဖြစ်ပေါ်စေခြင်းအတွက် ရာခိုင်နူန်းနည်းသော်လည်း ဒေသခံတွေရဲ့လူမှုစီးပွားရေးကို ထိခိုက်စေတဲ့ သယံဇာတတူးဖော်မှုတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဥပဒေမဲ့ ကျယ်ပြန့်စွာဖြစ်ပေါ် နေတယ်လို့ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Myanmar Resources Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ရှိ သယံဇာတတူးဖော်ရေး လုပ်ငန်းများကို အဓိကမီးမောင်း ထိုးတင်ပြထား ပါတယ်။
မူလကတည်းကသယံဇာတ စီမံအုပ်ချုပ်မှုနဲ့ ထိန်းကျောင်းမှုအားနည်းတဲ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီး နောက်ပိုင်း ကိုယ်ကျိုးစီးပွားအတွက် ဥပဒေမဲ့ သယံဇာတတူးဖော်မှုတွေ နှိင်ငံအနှံ့မှာ ပေါ်ပေါက်လာတယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေး၀၊ မော်လိုက်၊တမူးမြို့တို့တွင် ကျောက်မီးသွေးတူးဖော်မှု၊ကချင်ပြည်နယ်အတွင်း မြေရှား တူးဖော်မှုနဲ့ ရွှေတူးဖော်မှုတွေ ၊ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း၊ ဥရုချောင်း၊ ချင်းတွင်မြစ်ကြောင်း တစ် လျှောက်မှာလည်း ဥပဒေမဲ့ ရွှေတူးဖော်မှုတွေရှိနေပြီး သစ်တောပြုန်းတီးခြင်းကဲ့သို့ သဘာ၀ပတ်ဝန်း ကျင်ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးရွားစွာဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သစ်တောပြုန်းတီးမှုနဲ့ သဘာ၀ပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်စေနိုင်တယ်လို့ သဘာ၀ပတ်ဝန်းကျင် အရေးဆောင်ရွက်နေသူတွေ ထောက်ပြထားကြတဲ့ မြေရှားသထ္ထုတူးဖော်ရေးလုပ်ငန်းတွေဟာ လတ်တလောမှာ တော့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က မြေရှားသတ္ထုတွေ အဓိကထွက်ရှိတဲ့ ပန်ဝါ ၊ ချီဖွေ ၊ဆော့လော် ၊ဖီမော်၊ ကန်ပိုက်တီ ဒေသတွေကို သိမ်းပိုက်လိုက်တာကြောင့် ရပ်နားထားရပါတယ်။
မြေရှားသတ္ထုတွေကို တရုတ်တွေက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဆီကနေခွင့်ပြုချက်ယူ တူးကြတာဖြစ်ပြီး ပန်ဝါဒေသ တစ်ခုလုံးကို KIA ကသိမ်းပိုက်ပြီးချိန်မှာ မြေရှားတူးဖော်တာတွေလည်း ရပ်နား ကုန်တာ ဖြစ်ပါတယ်။
▪︎ဘယ်လိုထိန်းသိမ်းမလဲ
လက်ရှိမှာတော့ ဒီလို သစ်တောတွေ ပျက်စီးဆုံးရှုံးနေတာကို ဘယ်သူကမှ တားဆီးကာကွယ်ဖို့မစွမ်းနိုင်သေးတဲ့ အခြေအနေပါ။
နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ သစ်ခိုးထုတ်မှုတွေနဲ့ ဥပဒေမဲ့သယံဇာတတူးဖော်မှုတွေဟာ တရားဥပဒေ စိုးမိုးမှုရှိမှသာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
“ပြုပြင်ကာကွယ်မှုဆိုတာက တရားဥပဒေစိုးမိုးမှုက နေရာတကာမှာ ပျက်ဆီးသွားပြီကိုး။ သစ်တောထိန်းသိမ်း ရေးဆိုတာ တရားဥပဒေ စိုးမိုးရေးကိုလုပ်တာနဲ့ အတူတူပဲပေါ့နော်။ အဲ့ဒါက စကစ (စစ်ကောင်စီ)တွေ ထိန်းချုပ်တဲ့နေရာမှာရော စကစတွေ မထိန်းချုပ်တဲ့ နေရာမှာရော တအားကို အားနည်းသွားပြီ။” လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
နောက်တစ်ခုက စစ်ဘေးဖြစ်နေတဲ့နေရာမှာ ရှင်သန်ရပ်တည်ရေးအတွက် သစ်တောတွေအသုံးပြုနေရတာတွေ၊ စားဝတ် နေရေးအတွက် တစ်နိုင်တပိုင် သစ်ခုတ်မှုတွေ၊ ထင်းမီးသွေးထုတ်လုပ်မှုတွေဟာ တားဆီးဖို့ ခက်ခဲနေ သေးတာပါ။
သစ်တောဦးစီးဌာနက အငြိမ်းစား သစ်တောအရာရှိကလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းမှာ ပဋိပက္ခတွေ ပိုမို ကြီးမားကျယ်ပြန့်လာတဲ့အတွက် သစ်တောဌာနကထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုတွေမှာကန့်သတ်မှုတွေရှိလာတယ်လို့ဆိုပါတယ်။
ထိန်းသိမ်းကာကွယ်ဖို့ထက် သစ်တောအခြေအနေတွေကို လေ့လာဆန်းစစ်မှုလုပ်ဖို့တောင် မလွယ်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀၊ နိုင်ငံစီးပွားရေးနဲ့ သဘာ၀ဘေးအန္တရာယ်အတွက် မြန်မာနိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေဖြစ်တဲ့ သစ်တောတွေကို ထိန်းသိမ်းကာကွယ်ရန် မဖြစ်မနေ ဆောင်ရွက်ရတော့မယ့် အခြေအနေကို ရောက်ရှိ နေပြီလို့လည်း သူက ဆိုပါတယ်။
ဦးဝင်းမျိုးသူကတော့ လတ်တလောအခြေအနေအရ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ထိန်းသိမ်းမှုမလုပ်နိုင်ပေမယ့် သက်ဆိုင်ရာ ဒေသကျေးရွာတွေ အဆင့်လောက်မှာ ရပ်မိရပ်ဖတွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ဒေသမှာရှိတဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ လူတွေက ထိန်းသိမ်းစောင့်ရှောက်တာမျိုးတွေရှိနေပြီး အဲ့လို တစ်နိုင်တပိုင် လေးတွေ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်လို့ အကြံပြုပါတယ်။
▪︎သစ်တောပြုန်းတီးမှုအကျိုးဆက်
သစ်တောပြုန်းတီးမှုတွေကို မထိန်းသိမ်းနိုင်ရင်တော့ သဘာ၀ဘေးလိုအန္တရာယ်တွေအပြင် ဒေသခံပြည်သူ လူထုတွေရဲ့ ရပ်တည်နေထိုင်ရှင်သန်ရေးအတွက်ပါ ခြိမ်းခြောက်လာနိုင်တယ်လို့ သဘာ၀ပတ်ဝန်းကျင် အရေး လူပ်ရှားနေသူတွေက ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သဘာ၀ဘေးအန္တရာယ်ကို ခံရနိုင်ငံဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဥတုဖောက်ပြန်မှု အန္တရာယ်ညွှန်းကိန်း (Global Climate Risk Index) မှာ နိုင်ငံပေါင်း ၁၈၃ နိုင်ငံရှိတဲ့အထဲ မြန်မာနိုင်ငံက ဒုတိယအခံရဆုံးနေရာမှာရှိနေပါတယ်။
ဒါ့အပြင် အယ်လ်နီညိုနဲ့လာနီညာတို့လို ပြင်းထန်သဘာ၀ဖြစ်ရပ်တွေကို အခြားနိုင်ငံတွေနည်းတူ ရင်ဆိုင်နေရ ပေမယ့် မြန်မာနိုင်ငံဟာ ထိခိုက်ပျက်စီးမှုမှာ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။
ဒီနှစ်စက်တင်ဘာလဆန်းပိုင်းကဆိုရင်မြန်မာနိုင်ငံကို အဖျားခတ်ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် မြန်မာ နိုင်ငံတဝန်းမှာ သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပါတယ်။ စိုက်ပျိုးမြေ ဧက ခုနစ်သိန်းခွဲနီးပါးလည်း ပျက်စီးခဲ့ပါတယ်။
ဒါဟာ ရာဂီမုန်တိုင်းဒဏ်ကို အပြည့်အ၀ခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံထက်ကို ပိုပြီးထိခိုက်ပျက်စီးမှုတွေများခဲ့တာပါ။
၂၀၂၄ နွေမှာလည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲ မြန်မာနိုင်ငံက သုံးမြို့ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မိုးကာလရေကြီးမှု တွေကိုလည်း ကြီးကြီးမားမားခံစားနေရပါတယ်။ ဒါတွေက သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုရဲ့ အကျိုးဆက်တွေလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ယင်းမာပင်ကကိုစောတို့ဒေသမှာဆိုရင်လည်း သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေကိုလည်း စတင်ခံစားနေ ရပါပြီ။ နွေရာသီမှာ အပူချိန်ပြင်းတာ၊ လေလုံး၀မတိုက်တာနဲ့ လေပွေမုန်တိုင်းတွေ တိုက်ခိုက်တာ၊ တောင်ကျ ချောင်းရေတွေ ရေစီးကြောင်းတွေ ပြောင်းလဲပြီး ရေတွေကြီးလာတာတွေ ဖြစ်လာတယ်လို့ ကိုစောကဆိုပါတယ်။
ဒါကြောင့် သစ်ပင် ၊ သစ်တောတွေကို ခုတ်ယူ၊ ကုန်သွယ်နေခြင်းက လူတွေဟာ “ကိုယ့်သေတွင်း ကိုယ်တူးကြတာ လို့ပဲမြင်တယ်။” သူက ခပ်ပြတ်ပြတ်ဆိုပါတော့တယ်။ ။
(အလောင်းတော်ကဿပကြိုး၀ိုင်းထဲက သစ်ခိုးထုတ်မှုများ /ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့ဖမ်းဆီးထားစဉ်/အလောင်းတော်ကဿပသစ်တောကြိုး၀ိုင်း တစ်နေရာရှိ သစ်တောအခြေအနေအား Google Earth မှတွေ့မြင်ရပုံ/ ပဲခူးရိုးမတစ်နေရာရှိ သစ်တောအခြေအနေအား Google Earth မှ တွေ့မြင်ရပုံ/စစ်ကောင်စီက ချင်းတွင်းမြစ်အတိုင်း သစ်လုံးနှင့် သစ်အချောထည်များကို ရေယာဥ်များဖြင့် ၂၀၂၄ ခုနှစ်စက်တင်ဘာလက သယ်ဆောင်လာစဥ်/Global Forest Watchပြုစုထားသောမြန်မာနိုင်ငံ၏၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုအခြေအနေ။ ဓါတ်ပုံ- PDFသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊Shwe Sanpin SayarTaw၊ အညာပစ်တိုင်းထောင်ကလေးများ)
