close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ပုဆိုး‌ကာချုပ်

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်တပ်အသိုင်းအဝိုင်းက စိတ်ပျက်နေတာက ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာမှုနဲ့အတူ လူသိရှင်ကြားဖြစ်နေတာကြာပါပြီ။

ပုဆိုး‌ကာချုပ်
ပုဆိုး‌ကာချုပ်

လွမ်းမောင်/People’s Spring

စစ်ကောင်စီရဲ့ အတွင်းစည်းဖြစ်တဲ့ ပြင်ဦးလွင်က စစ်တပ်တန်းလျားတစ်ခုမှာ ဗိုလ်ကတော်တသိုက်နဲ့ ငွေတိုးပေးစားသူအမျိုးသမီးတစ်စု စကားတွေ တွတ်ထိုးပြောနေကြပါတယ်။

“အဲ့ဒီပုဆိုးအကြောင်းကတော့ စကားထဲထည့်ပြောဖို့ မတန်တော့ဘူး” ဝါဒဖြန့်ချိ‌ရေး ဇာတ်ကားတွေနဲ့ လူမှုကွန်ရက်မှာ မြင်နေရသလို လှတပတမဟုတ်တဲ့ ခပ်နွမ်းနွမ်းဗိုလ်ကတော်တစ်ယောက်ကပြောတာပါ။

ငွေတိုးချေးသူ ဒေါ်ဝတ်ရည်(အမည်လွှဲ)တယောက် ခုနက ဗိုလ်ကတော်ပြောတဲ့စကားကြောင့် ‌ဇဝေဇဝါဖြစ်သွားပါတယ်။ ပုဆိုးတဲ့။ဘာပုဆိုးလဲဆိုပြီး စိတ်ဝင်စားသွားပါတယ်။

Public Service Announcement

Public Service Announcement

“ညည်းပြောတဲ့ ပုဆိုးဆိုတာ ဘာလဲ လင်းစမ်းပါအုံး” လို့ ငွေရှင်ကြေးရှင်ဒေါ်ဝတ်ရည်က အပေါ်စီးက လေသံနဲ့ မေးလိုက်ပါတယ်။ သူက စစ်တပ်တန်းလျားမှာ ဩဇာရှိပါတယ်။ဒီတန်းလျားက ရှေ့တန်းရောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဟာ သူနဲ့ ငွေကြေးမကင်းရှင်းတာမို့ပါ။

ဗိုလ်ကတော်ပြောနေတဲ့ ပုဆိုးဆိုတာ ဦးဂျမ်းပုဆိုးလည်း မဟုတ်သလို မင်းကြီးကြိုက်တံဆိပ်လည်း မဟုတ်ပါဘူး။ သူတို့စစ်တပ်ရဲ့ အကြီးအကဲ စစ်‌အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခေါ်နေကြတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးတစ်ယောက် စစ်တပ်အသိုင်းအဝိုင်းမှာ ပုဆိုးလို့ အမည်နာမအသစ်ရထားတဲ့ အဖြစ်က သူတို့ တပ်အသိုင်းအဝိုင်းက ဗိုလ်ကတော်တွေကြားကလျှိဝှက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ဝတ်ရည်ဆီ ‌လပေးနဲ့ ငွေချေးမိတဲ့ ဗိုလ်ကတော်တွေကိုယ်တိုင် ထုတ်ပြောမိတာကနေ အကြောင်းတိုက်ဆိုင်စွာပဲ ပြင်ပကို ပေါက်ကြားလာခဲ့ပါပြီ။ ပုဆိုးလို့ အမည်တွင်ရတဲ့ အကြောင်းရင်းက ဒီလိုပါ။

နိုင်ငံတော်ရဲ့ ခေါင်ဆိုတဲ့ ရာထူးမှန်သမျှ သိမ်းကြုံးယူထားတဲ့အပြင် သူ့ကိုယ်သူ ယာယီသမ္မတပါပြန်ခန့်လိုက်ပြန်တဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ သူ့လည်ပင်း သူပြန်ဆွဲထားတဲ့ ဂုဏ်ပုဒ်တွေကို ဒီလိုတွေ့ရပါလိမ့်မယ်။

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် စသဖြင့် စစ်ကောင်စီရဲ့ဝါဒဖြန့်ချိ‌‌ ရေးမီဒီယာ စာမျက်နှာတွေမှာ ဖော်ပြကြပါတယ်။

နိုင်ငံတော်ယာယီသမ္မတဆိုတာက သူ့ကိုယ်သူ နောက်ဆုံး ခန့်အပ်ထားတဲ့ ရာထူးပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရာထူးက နိုင်ငံတော်အာဏာကိုသိမ်းပြီးပြီးခြင်း သူ့ကိုယ်သူပြန်ပေးထားတာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကလည်း သူ့ကိုယ်သူ ပြန်ပေးထားတာပါပဲ။ တချိန်ချိန်မှာ နိုင်ငံကိုမီးလောင်တိုက်သွင်းဖျက်ဆီးမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုတော့ သူ့ဆရာဗိုလ်ချုပ်မှူးကြီးဟောင်းဦသန်းရွှေကပေးအပ်ခဲ့တာပါ။ သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မဘွဲ့ကရော။ သူလိုချင်လို့ သူယူထားတဲ့ ဘွဲ့တံဆိပ်တွေဖြစ်ပါတယ်။

သူ့ကို မုန်းတီးရွံရှာတဲ့ပြည်လူလူထုကတော့ အဲဒီဘွဲ့အမည်နာမတွေကို ဟာသလုပ်ကြပါတယ်။ ဒါ့အပြင် သာမာန်ထက် ပုတဲ့ သူ့အရပ်အမောင်းကို ဟာသလုပ်ပြီး ဘိုတု၊ ဘုတိုလို့ သရော်ကြပါတယ်။ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေကိုရှောင်ချင်တဲ့သူတွေက မအလလို့ ဆိုပါတယ်။ တပ်ထဲက စစ်သားအချင်းချင်း၊ အရာရှိအချင်းချင်းကြားမှာတော့ ကြောင်ချီး(ကြောင်ချေး)လို့ တီးတိုးခေါ်ကြပါတယ်။

သဘောထားသေးသိမ်သူဖြစ်ပြီး သူရာထူးတက်ရေးအတွက် အထက်အရာရှိကို မျက်နှာချိုသွေးတတ်တာ၊ အချင်းချင်းကြား ခြေထိုးခံတတ်တဲ့ အကျင့်တွေကြောင့် ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလို့ နာမည်ပေးထားတာပါ။

ပုဆိုးဆိုတာကတော့ သူ့ကို တပ်အသိုင်းအဝိုင်း အထူးသဖြင့် ဗိုလ်ကတော်တွေ တီးတိုးခေါ်နေတဲ့ အမည်ပြောင်အသစ်ပါ။ ပုပြီးဆိုးလို့ ပုဆိုးလို့ ခေါ် နေကြတာပါတဲ့။ တကယ်​တော့ ခန္ဒာကိုယ်ဖြစ်တည်မှုကို ​ဝေဖန် အပြစ်တင်တဲ့အ​နေနဲ့ အခုအသုံးအနှုန်းကို​ရေးတာမဟုတ်ပါဘူး။ ပြည်သူ​တွေ ၊စစ်တပ် အသိုင်းအဝိုင်းမှာပါ အာဏာသိမ်း​ခေါင်း​ဆောင်ကိုဘယ်လို သ​​​ဘောထားကြတယ်ဆိုတာမြင်သာ​အောင်​ရေးခြင်းသာဖြစ်ပါတယ်။

သူတို့ရဲ့ အဘ စစ်‌သေနာပတိချုပ်ကိုအရင်ကတော့ပုဆိုးလို့ မခေါ်ခဲ့ကြပါဘူး။ ဘဘကြီးဆိုပြီးတလေးတစားရှိခဲ့ကြသလို ဘဘကြီး ဘာပြောပြော ယုံကြည်ခဲ့ကြဖူးပါတယ်။

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့သိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ခုခံတော်လှန်စစ်ကို အကြမ်းဖက်နှိမ်နင်းခဲ့စဉ်ကလည်း ဘဘကြီးကို သူတို့အားပေးခဲ့ပါ​သေးတယ်။ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာတွေကိုလည်း သူတို့ လက်ခုပ်တီးအားပေးခဲ့ကြတာပါ။ သူတို့ဟာ သတင်းမှန်တွေကို မသိဘဲ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးသတင်းတွေကိုသာနား‌ ယောင်နေကြပြီး ဘဘကာချုပ်ကြီးဟာ အမျိုးဘာသာသာသနာကိုကာကွယ်မယ့်သူအဖြစ် ယုံကြည်နေကြရှာတာပါ။

ပြင်ပလောပမှာ အရပ်သားပြည်သူနေအိမ်တွေ မီးလောင်ပြာကျနေပေမယ့်လည်း စစ်တပ်ပရ၀ဏ်အတွင်းမှာ လုံခြုံနေတဲ့အချိန်ထိတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဘဘကာချုပ်ကြီးအဖြစ် တပ်မိသားစုဝင်တွေကြား ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ အောက်တိုလမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သူတို့ရဲ့ အိမ်ဦးနတ် စစ်တပ်အရာရှိတွေ မရှုမလှသေဆုံးတာတွေ၊ အဖမ်းခံရတာတွေ၊ စစ်တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရတာတွေ ရင်ဆိုင်လာရပြီးတဲ့နောက် ကာချုပ်ကို သူတို့စိတ်ပျက်လာကြပါတယ်။ ‌သူတို့ရဲစည်းစိမ်ဥစ္စာတွေ၊ အသက်အန္တရာယ်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က အကာအကွယ်မပေးနိုင်တော့ဘူးလို့ယုံကြည်လာတဲ့အခါ ဘဘကာချုပ်ကြီးကနေ ပုဆိုးကာချုပ်ဖြစ်လာတာပါ။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ်အသိုင်းအဝိုင်းက စိတ်ပျက်နေတာက ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာမှုနဲ့အတူ လူသိရှင်ကြားဖြစ်နေတာကြာပါပြီ။

မျိုးချစ်ပုဂ္ဂိုလ်အမည်ခံ မဘသတွေကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးကနေဆင်းပေးပြီး ဒုတိယစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်ချုပ်ရာထူးလဲပြောင်းယူဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်းတောင်းဆိုမှုတွေရှိခဲ့တာပါ။ ဒီ‌နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပထမနဲ့ ဒုတိယခေါင်းဆောင်ကြား အချင်းချင်း အမြင်မကြည်မှု တွေ၊ သံသယတွေ ရှိခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတော်ရဲ့ ရှိသမျှရာထူးတွေ သိမ်းကြုံးယူထားတဲ့ စစ်ခေါင်းဆောင်ဟာ စစ်တပ်အသိုင်းအဝိုင်းအတွင်းစည်းမှာ လူပြက်တစ်ယောက်လို့ အတွင်းကြိတ် သရော်ခံနေရတာပါ။ အကောင်းမြင်စဉ်တုန်းကတော့ ဘဘကာချုပ်ဖြစ်ခဲ့ပြီး အမြင်မကြည့်တော့တဲ့အခါ ပုဆိုးလို့ တွင်လာရတဲ့ အကြောင်းရင်းတွေကလည်း စစ်တပ်အသိုင်းအဝိုင်းမှာရော လူထုကြားမှာပါ ခိုင်လုံနဲ့အကြောင်းပြချက်တွေရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်းတစ်သိန်း​ကျော် မီးရှို့ဖျက်ဆီးခဲ့သလို ၊စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း က​နေ ဒီ​နေ့(၂၀၂၄ နိုဝင်ဘာ ၄)အထိပြည်သူ​ပေါင်း ၅၉၁၉ ကိုသတ်ဖြတ်ခဲ့ပါတယ် ။ ဒီအ​ရေအတွက်ဟာနိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)က အတည်ပြုနိုင်တဲ့အသတ်ခံရပြီးအ​ရေအတွက်သာဖြစ်ပါတယ် ။ထပ်မံအတည်ပြုစီစစ်​နေတဲ့ စာရင်း အသတ်ခံရသူ ၂၅၅၀ ခန့်ရှိ​သေးတာပါ။ မင်း​အောင်လှိုင်ရဲ့စစ်တပ်က အမျိုးသမီး ၁၂၆၀ နဲ့ က​လေးငယ် ၆၅၉ ​ယောက်ကိုလည်းသတ်ခဲ့တာပါ။ ​မြေပြင်မှာ အသတ်ခံရတာက ဒီထက်အ​ရေအတွက်အများကြီးပိုနိုင်ပါ​သေးတယ် ။

ဒါအပြင် အာဏာလုစစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာသိမ်းချိန်မှ ၂၀၂၄ အောက်တိုဘာ ၁ရက်အထိ စစ်တပ်ကနိုင်ငံတဝန်း ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့အကြိမ်​ပေါင်း ၃၀၂ ကြိမ်ဖြစ်ခဲ့ပါတယ် ။ ဒီစစ်ရာဇဝတ်မှူ​တွေမှာ သေဆုံးခဲ့ရသူပေါင်း ၃၃၄၀ဦးရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်း​တွေအရ သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေ ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ထဲမှာ အသက် ၆၀နှစ်အထက် ၁၅၅ဦးပါခဲ့သလို ၊အသက် ၁၈နှစ်အောက် ၂၇၆ဦး သေဆုံးခဲ့ရပါတယ် ။ဒါ​ကြောင့်ပြည်သူ​တွေက​တော့ အာဏာသိမ်း​ခေါင်း​ဆောင်ကို ခါးခါးသီးသီး ၊နာနာကျည်းကျည်းမုန်းတီးစက်ဆုတ်ကြတာပါ။

နိုင်ငံတကာက အသိအမှတ်မပြုတဲ့အာဏာလုခေါင်းဆောင်ဟာ နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကို နှစ်ကြိမ်သွားခဲ့ဖူးပါတယ်။၂၀၂၁ ဇွန်မှာသွားတဲ့ခရီးစဥ်မှာ သူကြိုက်တတ်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လည်ဆွဲတွေကိုရုရှားစစ်တက္ကသိုလ်ကဆွဲပေးခဲ့ပါတယ်။ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အနေနဲ့ ရုရှားစစ်တက္ကသိုလ်က ရုံပေးလိုက်တဲ့ အနီရောင်ဝတ်ရုံခြုံ ကာချုပ်ဟာ တရုတ်သရဲကားထဲက သရဲနဲ့တူတယ်ဆိုပြီး လှောင်ပြောင်ခံခဲ့ရပါတယ်။ အဲဒီခရီးစဉ်မှာ အရပ် ၆ပေကျော်မြင့်တဲ့ ရုရှားစစ်တပ်အရာရှိတစ်ယောက်ရဲ့ဘေးမှာ သူနဲ့မတော်တဲ့ အနီရောင်ဝတ်ရုံဝတ်ထားတဲ့ ပုပြက်ပြက်ကာချုပ်ရဲ့ဓာတ်ပုံကို စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးမီဒီယာတွေက ထုတ်ပြခဲ့တာဖြစ်ပါတယ်။

အဲဒါမျိုးအလားတူဖြစ်ရပ်တစ်ခု ၂၀၂၀ခုနှစ်ထဲမှာဖြစ်ခဲ့ပါတယ်။ ၂၀၂၀ တုန်းက လားရှိုးမြို့ ခရီးစဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဗညားဦးနဲ့ အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကို စစ်တပ်ဝါဒဖြန့်ချိရေးမီဒီယာတွေက ထုတ်ဖော်ပြသခဲ့ပြန်ပါတယ်။ ရဲမှူးကြီး ဗညားဦးဟာ အရပ် ၆ပေခန့်ရှိပြီး ရဲတပ်ဖွဲ့ထဲမှာ အရပ်အမြင့်ဆုံးနဲ့ ကိုယ်ခန္ဓာအလွန်ကြီးမားတဲ့သူဖြစ်ပါတယ်။ ရဲမှူးကြီး ဗညားဦးနဲ့ ကာချုပ်တွဲရိုက်ထားတဲ့ဓာတ်ပုံကလည်း စစ်တပ်အသိုင်းအဝိုင်းမှာ တိုးတိုးတိတ်တိတ်ကြိတ် ရယ်စရာဖြစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာလည်း မိုးရွာသီသစ်ပင်စိုက်ပွဲတစ်ခုကို စစ်ကောင်စီကပြုလုပ်ခဲ့ပါတယ်။ ၂ ပေခန့်ရှိတဲ့ သစ်ပင်ပေါက်အနီး အာဏာသိမ်းစစ်ခေါင်းဆောင် မတ်တပ်ရပ်နေချိန်မှာ လူနဲ့သစ်ပင်တွက်လျက်ဓာတ်ပုံကို အောက်ကနေပင့်ရိုက်ပြီး ဝါဒဖြန့်ချိရေးမီဒီယာ တွေကတင်ခဲ့ပြန်ပါတယ်။

ပုံပါအတိုင်းဆို သစ်ပင်ပေါက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အရပ် မတိမ်းမယ်ိမ်းဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်ကိုအမြင်မကြည့်တဲ့ ဝန်ထမ်းတွေက တမင်လုပ်နေသလားလို့တောင်ထင်ရပါတယ်။

အခုတော့ စစ်တပ်အသိုင်းအဝိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပုဆိုးလို့ တိုးတစ်မျိုး ၊ကျယ်တစ်ဖုံ ခေါ်နေကြပါပြီ။ မလုပ်ရဲတာဘာမှမရှိဘူးလို့ကြိမ်းဝါးထားတဲ့ ကာချုပ်ဟာ သူ့ဆရာအာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်းဦးသန်းရွှေရဲ့သားမက်၊ နေရွှေသွေးအောင်ရဲ့အဖေကိုလည်း သူ့ကိုဆန့်ကျင်လို့ဆိုပြီး ဖမ်းဆီးလိုက်ပါပြီ။သူ့နေရာကိုဝင်ယူသင့်တယ်လို့ တိုက်တွန်းခံရဖူးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း မယုံရဲတော့ဘဲ မျက်လုံး ဒေါက်ထောက်ကြည့်နေရပါတယ်။

စစ်ခေါင်းဆောင်ဟာ ယူနန်ပြည်နယ်ကူမင်းမြို့မှာ နိုဝင်ဘာ ၆နဲ့ ၇ ရက်မှာ ကျင်းပမယ့် မဲခေါင်ဒေသနိုင်ငံခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ဖို့ဖိတ်ကြားခံထားရပါတယ်။ သူ့အသိုင်းအဝိုင်းကိုတောင် သံသယကြီးနေတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ဒီအစည်းအဝေးကို တက်မယ်ဆိုတာကို စစ်​ကောင်စီက ဒီကနေ့(နိုဝင်ဘာ ၄ ရက်)မှသာ တရားဝင်ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါတောင် ဘယ်‌နေ့သွားမယ်ဆိုတာ မထုတ်ပြန်သေးဘဲ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာတွေက ယေဘူယျဆန်ဆန်ထုတ်ပြန်ထားပါတယ်။

တဖက်‌မှာလည်း အာဏာသိမ်းစစ်တပ်အတွင်းမှာ စစ်ခေါင်းဆောင်အပေါ် မကျေနပ်မှုတွေ မြင့်တက်လာနိုင်ပြီး အကြီးတန်းစစ်ဖက်အရာရှိတွေက သူ့ကို ရာထူးကဖြုတ်ချဖို့ ကြိုးပမ်းကောင်းကြိုးပမ်းလာနိုင်တယ်လို့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG)က ပြီးခဲ့တဲ့အနည်းငယ်ကတင် အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပါတယ်။

လူရာဝင်ချင်တဲ့ ပုဆိုးကာချုပ်ဟာ တရုတ်နိုင်ငံခရီးစဉ်ကို သွားမယ်ဆိုရင်တောင်နောက်ကြောင်းအေးမှာမဟုတ်ဘဲ တန်ပြန်အာဏာသိမ်းခံရမှာလည်းကြောက်နေတယ်လို့ စစ်တပ် အသိုင်းအဝိုင်းထဲမှာ သတင်းတွေထွက်နေပြန်ပါတယ်။

“တရုတ်ကြီးက သူ့ကို ဖမ်းထားပြီး တပ်ချုပ်နေရာကို တစ်ယောက်ယောက်ကို တွန်းတင်ပေးလိုက်နိုင်တယ်လို့ပါ ပြောနေကြတယ်။ ပုဆိုးက သူမရှိတုန်း နေပြည်တော်ပုလ္လင်လုယူခံရမှာ ကြောက်နေတယ်” လို့ ဗိုလ်ကတော်တွေရဲ့ အကြွေးရှင် ဒေါ်ဝတ်ရည်က ဆိုပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအထိုင်စခန်းမှ နောင်ချိုမြို့နယ်အတွင်း ရှေ့တိုးလာသော စစ်ကောင်စီတပ် တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ အထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ဂေါကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ဆောင်းပါး

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People's Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ...