စနေသားရေးသားသည်။
ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံ ကျိုးဟူသော စကားပုံကို မြန်မာနိုင်ငံသား အများစုသိကြပြီး ဖြစ်သည်။ ထွေထွေထူးထူး ရှင်းပြရန်လိုမည်မထင်ပါ။နယ်ပယ်အသီးသီးတွင်သုံးတတ်ကြသော်လည်း အခြေခံ အဓိပ္ပါယ်အားဖြင့် အတူတူသာဖြစ်သည်။
ခံတွင်းပျက်နေသော ကြောင်အဖို့ အတောင် ကျိုးပြီးမပျံနိုင်တော့သည့် ငှက်ကိုတွေ့သည့် အခါ အလွယ်တကူ ကျွတ်ကျွတ်ဝါးပစ်မည်သာ။
ယခု “ရွေးကောက်ပွဲ”ဟု အမည်တပ်ထားသော စစ်ဗိုလ်ချုပ်တို့တရားဝင်(၎င်းတို့အမြင်အရ တရား၀င်ဟုအမည်တပ်ရန်လုပ်ဆောင်နေခြင်းကိုသာရည်ညွှန်းပါသည်)ယူနီဖောင်းချွတ်ခွင့်ရရေးပွဲတော်ကြီးသည်လည်း အနှီဥပမာဖြင့် ဆင်တူလှသည်ဟု စနေသား ထင်မြင်မိနေပါ တော့သည်။

Public Service Announcement
လွတ်လပ် တရားမျှတသော ရွေးကောက် ပွဲဟူ၍ မည်သို့ပင် သိုးရေခြုံထားစေကာမူ မြန်မာအာဏာသိမ်း စစ်တပ်သည် ၎င်းတို့၏ “ဝံပုလွေ” စရိုက် လက္ခဏာစစ်စစ်ကို ကြာကြာဖုံးကွယ် အယောင်ဆောင်ထားနိုင်ခြင်းမရှိကြပေ။ ထို့ကြောင့်ပင် ထိုစစ်အုပ်စုတို့၏ ရွေးကောက်ပွဲ ဆိုသော အယောင်ဆောင် ကြိုးဝိုင်းအတွင်း တဖြုတ်ဖြုတ် ကြွေကျခဲ့သော တောင်ပံကျိုး နေသည့် နိုင်ငံရေးပါတီများသည်လည်း ပွဲမဝင် ခင် လေ့ကျင့်ချိန်ပင်မရဘဲ ခံတွင်းပျက်နေ သောကြောင်ရှေ့ ဖျတ်ဖျတ်လူးနေကြသည်ကို မြင်တွေ့နေကြရသည်။
မဲမသမာသဖြင့် NLD အနိုင်ရသည်ဟုယိုးစွပ်ခဲ့သော အာဏာသိမ်းစစ်တပ်သည် NLD ကို အပြီးတိုင် ဖယ်ရှား ရန်စဉ်းစားပြင်ဆင်ခဲ့သည့် အခြေအနေမှာပင် ကစားပွဲ၏မူလစည်းမျဉ်း များအတိုင်း ဆက်လက်ယှဉ်ပြိုင်ရန် သူတို့ ကိုယ်သူတို့ ယုံကြည်မှု မရှိခဲ့ကြချေ။
ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ကိစ္စကိုဆန္ဒရှိသလိုစိတ်ကြိုက်ပြင်ဆင်သည်။ထို့နောက်ရွေးကောက်ပွဲစနစ်ကို ပြင်ပြန်သည်။ရွေးကောက်ပွဲဥပဒေများကိုပြင်သည်။လွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်စေရမည် ဟူသောအာဏာသိမ်းခေါင်းဆောင်၏ နှုတ်ထွက်စကားနှင့်မည်သို့မျှ မကိုက်ညီသော ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဌာန်းသည်။
ရွေးကောက်ပွဲမဲပေးစနစ်ကိုလည်း ပြောင်းလဲလိုက်သည်။
စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့အလိုရှိသူသာ အသက်ရှုခွင့်ရစေရန် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သော အဆိုပါ အယောင်ပြ နိုင်ငံရေးလှည့်
ကွက်ထဲသို့ အတောင်ကျိုးနေသော နိုင်ငံရေးပါတီခေါင်း ဆောင်ဆိုသူများက လိုလိုလားလား သက်ဆင်း ခဲ့ကြလေသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌လောက် လောက်လားလား အနိုင်မရခဲ့၊နေရာမရ၊ လုပ်ကွက်မပြနိုင်ခဲ့ကြသော၊တစ်နေရာမျှပင် အနိုင်မရဖူးသည့် အများစုပါ၀င်သော အတောင်ကျိုးပါတီများက ဤတစ်ချီ မြန်မာအာဏာနိုင်ငံရေး၏ အင်အားအကြီးဆုံး အင်အားစုနှစ်ခု လွန်ဆွဲပွဲမှတစ်ဆင့် ၎င်းတို့အတွက် ထိုင်ခုံများပေါ်ပေါက်လာရန်မျှော်မှန်းနေကြသည်။
သို့သော် မည်သည့်အခါကမျှ မရိုးဖြောင့် ခဲ့ သော စစ်အုပ်စုကမူ ၎င်းတို့ အလိုရှိချိန် ပခုံးဖက်ခဲ့သော အနှီပါ တီများကိုပါ အချိန် တန်သည့်အခါ ကန်ထုတ် တွန်းချပါတော့ သည်။ မကြာသေးမီလအနည်းငယ်အတွင်း စစ်အုပ်စု က ဆက်တိုက်ဆိုသလို လှမ်းခဲ့သော ခြေလှမ်း များကတိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။
၂၀၂၀ ရွေးကောက်ပွဲမတိုင်ကတည်းက လက်နက် အင်အားသုံးရန် နှပ်ကြောင်းပေးရာတွင် ပါဝင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် တက် ကြွသည့် ကြက်ဖ ဖြစ်နေသော NDF ပါတီ တစ်ခုလုံးကို ပြေးလမ်း ပေါ်မှ အပြီးတိုင် ဖယ်ရှားသည်။ထို့နောက် အာဏာသိမ်းခေါင်းဆောင်က သူနှင့်ဝေးရာဆီ တွန်းထုတ်လိုက်ပြီးသည့်တိုင် မင်းအောင်လှိုင် ၏ လူယုံတစ်ဦး သဖွယ် ဟန်ရေးတပြပြ ဖြစ် နေသေးသည့် ဒေါ် သက်သက်ခိုင်ကိုလည်း အငိုက်ဖမ်းကာ တစ်ချက်ခုတ်၊ နှစ်ချက် ပြတ် ဇာတ်ကွက်ခင်းခဲ့သည်။
ဒေါ် သက်သက်ခိုင်၏ စီးပွားရေးလုပ်ငန်းမှ ကြွေးမြီကိစ္စများကိုအကြောင်းပြုပြီး ရွေးကောက်ပွဲပါဝင်ခွင့် ပယ်ဖျက်လိုက်ခြင်းမှာ စစ်အုပ်စုအတွက် ဇောင်းထနေသည့် ပြိုင်ဘက် တစ်ဦး လျော့ပါးသွားခြင်းဖြစ်သလို ကြွေး မြီ ကိစ္စ လူသိရှင်ကြားဖြစ်စေခြင်းဖြင့် ဒေါ်သက်သက်ခိုင်ဦးဆောင်သော PPP ပါတီကိုလည်းနိုင်ငံရေးအရဦးနှိမ်ထားလိုက်သည်။
အလားတူ အခြားသော ဒီမိုကရက်တစ် အမည် ခံ နိုင်ငံရေးပါတီများ အင်အားစုများကိုလည်း စစ်တပ်ကျော ထောက်နောက်ခံ ပါတီနှင့် လက် ရည်တူယှဉ်ပြိုင်နိုင်သည့်အခွင့်အလမ်း အခင်းအကျင်းမျိုး ဖန်တီးပေး မထားပေ။
ပိုဆိုးသည်ကနိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးက စတင်တောင်းဆိုခဲ့သည်ဆိုသော ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေက ၎င်းတို့ အပေါ်ကိုလည်းပြန်လည်သက်ရောက်နေသဖြင့် စစ်အုပ်စု၏မမျှတမစီမံမှုများကို ကျယ်ကျယ် လောင်လောင် အသံထုတ် ထောက်ပြနိုင်မှုမရှိကြခြင်းဖြစ်သည်။
ယခုရွေးကောက်ပွဲမဲဆန္ဒနယ်အချို့တွင်ပြိုင်ဘက်တစ်ဦးမျှမရှိသဖြင့် ကြိုတင် အနိုင်ရနေသူ ၁၆ဦးရှိရာ ၁၄ဦးမှာ ပြည်ခိုင်ဖြိုး ပါတီဝင်များဖြစ်သည်။ထိုသို့ ပြိုင်ဘက်မရှိ မဲဆန္ဒနယ်များမှ တချို့တွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ ဝင်များ ဝင်ပြိုင်နိုင်ရေး ကြိုးစားခဲ့သော်လည်း ဖိအားပေးခံရမှုများကြောင့် ကိုယ်စားလှယ်လောင်းများ ပြန်နှုတ်ထွက် သွားခဲ့ကြကြောင်း ဦးကိုကိုကြီးက ဖွင့်ဟထားသည်။မည်သို့ဖိအားဆိုသည်ကိုမူ ဦးကိုကိုကြီးက ထုတ်ပြောခြင်းမရှိပေ။
လက်ရှိ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို ကာလတွင်လည်း စစ်အုပ်စုက ဖိစီးတင်းကျပ်မှုများတစ်ရစ်ပြီးတစ်ရစ်ဆက်လုပ် နေဆဲဖြစ်သည်။
ထိုသို့ တင်းကျပ်မှုများ ပြုလုပ်နိုင်စေရန်လည်း သတင်းဌာနအမည်ခံ စစ်လော်ဘီများက အချိန်မလပ် စောင့်ကြည့် သတင်းပေးကာ ၊တိုင်ကြားသည်ဟုစကားခံထားသောနှပ်ကြောင်းပေးမှုများလုပ်နေကြသည်။
စစ်အုပ်စု၏ ကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခဲ့ပြီးသည့်တိုင်အဆိုပါ စစ်လော်ဘီ အုပ်စုများစနက်ဖြင့် ကိုယ်စားလှယ် လောင်း အဖြစ်မှပြန်လည်ပယ်ဖျက်ခံရသူများပင်ရှိနေသည်။အမှန်တွင် လော်ဘီများမှလည်း စစ်တပ်ခိုင်းသည့်အတိုင်းလုပ်ကြရခြင်းသာဖြစ်သည်။ထိုကြောင့် အစအဆုံး စစ်တပ်ခြေ ၊စစ်တပ်လက်များသာဖြစ်၏ ။
ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ရွေးချယ်ခံရရန် အလားအလာရှိနေပြီး
ရန်ကုန်ရောက် ရခိုင်လူထုနှင့်လည်းနီးစပ်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဦးတင်ထူးအောင်သည် AA နှင့်နီးစပ်မှုရှိကြောင်း စစ်လော်ဘီ များကလူမှုကွန်ရက်တွင် ဝါဒဖြန့်ဝေခဲ့ကြပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသည်။
အလားတူ လေဘာပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူ ရသည်လည်း အာဏာသိမ်း မှုအစောပိုင်း ကာလက CDM လှုပ်
ရှားမှုထောက်ခံခဲ့သူဟု လော်ဘီများဝါဒဖြန့်ဝေပြီးနောက် ပယ်ဖျက်ခံ ရပြန်သည်။
ယခုနောက်ဆုံး ရွေးကောက်ပွဲ နီးချိန်တွင်မှ အဆိုပါ ကိုယ်စားလှယ်လောင်းနှစ်ဦးကဲ့သို့ပင် ကြုံရနိုင်ချေရှိသူမှာ ဦးကိုကိုကြီး၏ ပြည်သူ့ ပါတီမှ ဦးလွင်မြင့်ဖြစ်သည်။ဦးလွင်မြင့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းကမ်းဖောက်ဖျက်မှုဖြင့် အမှုပင် ဖွင့်ခံထားရသည်။
နွေဦးတော်လှန်ရေး၊၈၈ဒီမိုကရေစီအရေးတော်ပုံ စသည့် စကားလုံးများ သုံးစွဲသည်ဟုဆိုကာ စစ်လော်ဘီများ ကရေးသားဖြန့်ဝေရုံမျှမကမီဒီယာအမည်ခံ လော်ဘီများက စစ်အုပ်စု ကော်မရှင်ထံ သတင်းအတွက် မေးမြန်းသည်ထက်ပိုသော တိုင်ကြားမှုများ ပြုလုပ်ပြီး နောက်ထိုအခြေအနေပေါ်ပေါက်လာခြင်းဖြစ်သည်။လက်ရှိတွင်ဦးလွင်မြင့်ကို အာမခံဖြင့် ပြန် လွှတ်ပေးထားသဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးမှုများ ဆက်လက် ပြုလုပ်နေ သော်လည်း ၎င်းအနေဖြင့် အနိုင်ရခဲ့လျှင်ပင် ဖွင့်ထားသည့် အမှုအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရလျှင် ရွေးကောက်ပွဲရလဒ် အရာ ထင်မည်မဟုတ်ချေ။
စင်စစ်တွင် အဆိုပါ လော်ဘီများ တိုင်ကြား ခြင်းကြောင့် ဆိုသည်ထက် တချိန်က လွှတ် တော်တွင်း အစိတ်သား အုပ်စုကို ဦးဆောင် ခဲ့သူ ယူနီဖောင်းချွတ်ကာ ဦးဆောင်နေသည့် ကော်မရှင်ကလည်း စစ်တပ်အသာ ရရေးဆိုပါ က မဆွတ်ခင်က ညွှတ်ချင်နေသည့် အဖွဲ့ အစည်းဖြစ်နေသည်။
လွန်ခဲ့သည့် ၂၀၁၅-၂၀၂၀ ငါးနှစ်တာကာလ NLD အစိုးရနှင့် အရပ်သား အငြိမ်းစား တက္ကသိုလ်ပါမောက္ခ ဦးဆောင်သော ကော်မရှင်ကိုဆက်တိုက်ဝေဖန်ထောက်ပြခဲ့ကြသည့် နိုင်ငံရေးပါတီများသည် စစ်ယူနီဖောင်း ကမန်း ကတန်းချွတ်လာသူ ဦးဆောင်နေသော ကော်မရှင်ကိုမူ ထိရောက်သည့် ဝေဖန်ထောက်ပြချက်များမလုပ်ရဲကြပေ။ယခင်
ကကဲ့သို့ ဝေဖန်ရန်မဆိုထားနှင့် အပြော မတော် တစ်ခွန်းဖြစ်ကာ ရွေး/ကာနှင့် ငြိစွန်း ကြောင်း သတ်မှတ်ခံရ ပါက အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ် အဆစ်ရဦးမည်မ ဟုတ်ပါလား။
စစ်အုပ်စုသည် နိုင်သူအကုန်ယူစနစ်ဖြင့် ဆိုပါ ကမည်သည့်အခါမျှ၎င်းတို့အခြေမလှနိုင်တော့ကြောင်း သဘောပေါက် ခဲ့ပြီးနောက် ရွေး ကောက်ပွဲစနစ်ကို ပြောင်းလဲရာတွင် အကြောင်းပြချက်ကောင်းအဖြစ် တိုင်းရင်းသား ပါတီများကို လက်ညှိုးထိုးပြခဲ့သည်။
လူမျိုးစုပါတီငယ်များ အခွင့်အလမ်းပိုရရေးဟု အချိုးကျ ကိုယ်စားပြုစနစ် ထည့်သွင်းကျင့် သုံးမည့် အလှည့်အပြောင်း အတွက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က မက်လုံး ပေးခဲ့သည်။ထို့ကြောင့်တိုင်းရင်းသားပါတီများ စိတ်ကူးယဉ်ခွင့်ရခဲ့သော်လည်း စစ်ခေါင်း ဆောင်တို့စကားယုံစားစရာမရှိကြောင်းသိရှိရန် အချိန်ကြာကြာ မလိုအပ်ခဲ့ပေ။
အာဏာသိမ်းစစ်တပ်အတွက်စစ်ကူတိုက်ပေးနေသည့်PNOပြည်သူ့စစ်ကျောထောက်နောက်ခံ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် PNO ပါတီ ထံမှပင် စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် မေးခွန်းထုတ်မှုတချို့ထွက်ပေါ်လာသည်။စစ်အုပ်စု၏ရွေးကောက်ပွဲအခင်းအကျင်းသည် ကနဦးတွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများ အကျိုး ရှိရန်မျှော်မှန်းခဲ့သော်လည်း လက်တွေ့တွင် တိုင်းရင်းသားပါတီများအား ပြည်ထောင်စုအဆင့်၌မပါဝင်နိုင်ရေး အားထုတ်ကန့်သတ်မှုများသာဖြစ်လာကြောင်း PNOပါတီထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် စောခွန်ကျော်ဝင်းက လူသိရှင်ကြား ဝေဖန် ရေးသားလာသည်။
ထို့ပြင် မဲစာရင်း မမှန်မကန်လုပ်မှုများကြောင့် အာဏာသိမ်းခဲ့ရသည်ဆိုသောစစ်အုပ်စု၏ရွေး
ကောက်ပွဲ မဲစာ ရင်းများကိုယ်တိုင် ပြဿနာအများအပြားရှိနေကြောင်း စောခွန်ကျော်ဝင်းက ထောက်ပြခဲ့သည်။ သို့သော် ၎င်း၏ ထောက်ပြရေးသားချက်ကို လူသိများလာချိန်တွင် စောခွန်ကျော်ဝင်း၏ ဖေ့စ်ဘွတ်အကောင့်မှ အဆိုပါ ရေးသား ချက်များကို ပြန်လည်ဖယ်ရှားသွားခဲ့သည်။ စစ်အုပ်စုထံမှ သို့မဟုတ် စစ်အုပ်စုအလိုကျ PNO ပြည်သူ့စစ်တို့၏ ဖိအားကြောင့် ထိုသို့ ဖယ်ရှားသွားသည်ဟု နားလည်ရသည်။
အာဏာသိမ်းပြီးနောက် ကိုယ်တိုင် စစ်အစိုးရ ဝန်ကြီးဖြစ်ခဲ့ပြီးကိုယ်စားလှယ်လောင်းအဖြစ်မှ ဖယ်ရှားခံရချိန်အထိစစ်ခေါင်းဆောင်တို့အပေါ် အကောင်းမြင်ခဲ့သည့် ဒေါ်သက်သက်ခိုင် သည်လည်း စစ်အုပ်စု ရွေးကောက်ပွဲ၏ မျှတမှုကို မေးခွန်းထုတ်လာသည်။
“ကျွန်မတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြိုင်ရသလိုဖြစ်သွားတယ်”ဟု ရွေးကောက်ပွဲ ကျင်းပရန်ရက်ပိုင်းအလိုတွင်ဒေါ်သက်သက်ခိုင်ကထုတ်ပြောသည်။ “တပ်မတော်ကိုနိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင် တုတ်အနေနဲ့မမြင်ချင်ဘူး”ဟုလည်း သူမက ဆိုပြန်သည်။
သို့သော် ထိုအခြေအနေမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်ခင် ခေတ်အဆက်ဆက် ကတည်းကပင် စစ်ဗိုလ်ချုပ်တို့ ပြုမူလာခဲ့ သည့် ကစားကွက် ဟောင်းမျှသာဖြစ်သည်။ ထိုအကျင့်စရိုက်ရှိခဲ့ပြီးသား စစ်တပ်အာဏာသိမ်းမှုကိုထောက်ခံ ပူးပေါင်းခဲ့သည့် ဒေါ်သက်သက်ခိုင်တစ်ယောက် ကိုယ်တိုင် ကန်ထုတ်ခံရပြီးချိန်တွင်မှ စစ်အုပ်စု အပေါ် ဝေဖန်မှု တစ်ချို့ စတင်ပြုလုပ်လာခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်တို့သည် ၎င်းတို့၏ အဝန်း အဝိုင်းပြင်ပမှ ပုဂ္ဂိုလ်များကို ခဏတာမျှ လိုသည့်အခါ အသုံးချစရာ ဟူ၍သာ သဘော ထားကြောင်း ဒေါ်သက်သက်ခိုင်တစ်ယောက် ငါးနှစ်ကြာပြီးမှ သဘောပေါက်နားလည်ခဲ့ဟန် တူသည်။သို့တိုင်အောင် ဒေါ်သက်သက်ခိုင်တစ်ယောက် အာဏာသိမ်းစစ်တပ်အပေါ် အဆုံးစွန်အထိ ဝေဖန်ခြင်းငှာမတတ်သာနိုင်ပါ။နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သဘော ပေါက်၍ဖြစ်နိုင်ပါသည်။
“ဒိုင်လူကြီးလည်းလုပ်တယ်၊အခုပါတီမှာလည်းပါပြီး၀င်ပြိုင်တယ်ဆိုတဲ့အဓိပ္ပါယ်က အဓိပ္ပါယ် တစ်မျိုးပြောင်းသွားတာပေါ့” ဟူ၍သာ ဒေါ်သက်သက်ခိုင်က မယုတ်မလွန်ဆိုပါသည်။
ထိုဖြစ်ရပ်များကိုကြည့်လျှင်လက်ရှိနိုင်ငံရေး ပါတီများသည် စစ်အုပ်စု ထားရာနေ၊ စေရာ သွား၊ ခွင့်ပြုသလောက်မျှသာ ကကြိုးဆင်နိုင် ကြောင်း ထပ်မံရှင်းပြရန်လိုအပ်မည်မထင်ပါ။
သို့သော် ထိုသို့ ဖိနှပ် ချုပ်ချယ်မှုများအောက်မှ နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်များက လူထုကိုမူရွေးကောက်ပွဲ၌မဲပေးသင့်ကြောင်း၊၎င်းတို့ကိုယုံကြည်သင့်ကြောင့်၊မဲပေးရွေးချယ်တာ၀န်ပေးသင့်ကြောင်း တွင်တွင်ဟောပြော စည်းရုံးမဲဆွယ်ခဲ့ကြသည်။ “ခင်ဗျားတို့မပြောရဲရင် ကျွန်တော်တို့ကိုခိုင်းပါ” ဟု ဦးကိုကိုကြီးကဆိုသည်။
ဦးကိုကိုကြီးအပါအ၀င် ၎င်းတို့ပါတီ၀င်များ ကိုယ်တိုင်ပင် မျက်မှောက် ကြုံတွေ့နေရသော ဖိစီးနှိပ်စက်ခံရမှုအခြေအနေအလုံးစုံကို အာခံ ပြောဆိုဝံ့သလောဟု မေးခွန်းပြန်ထုတ်ရမည် ဖြစ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲ၀င်ပါတီများက ယခုရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း၊ဆန့်ကျင်သင့်ကြောင်းပြောသူများကို ငြိမ်းချမ်းရေး မလို လားသူများ၊အာဏာရှင်စနစ်လိုလားသူများအဖြစ်ပြန်လှန်မေးခွန်းထုတ်ကြလေ့ရှိသည်။
လှုပ်မရအောင် ချည်တုပ်ထားသည့်အပြင် ကြိုတင်စီမံမှုများစွာ၊အားသာချက်များစွာရယူထားပြီး ပြိုင်ပွဲ၀င်မည့်ပါတီများကိုယ်တိုင်က လက်ရည်တူအခင်းအကျင်းမျိုးမဟုတ်ဟု ထုဆ်ပြောနေကြသည့် ရွေးကောက်ပွဲက နိုင်ငံတွင်းရှိ ပစ္စက္ခ ပဋိပက္ခများကို မည်သို့ဖြေလျှော့ငြိမ်းချမ်းစေမည်ဆိုသည့် လမ်းစကိုမူ မည်သူကမျှ လက်တွေ့အားဖြင့် မညွှန်ပြနိုင်ကြပါ။
စစ်အုပ်စုကိုယ်တိုင်နှင့် ၎င်းတို့လိုလားသူများ ၎င်းတို့အတွက် အနှောင့်အယှက်မ ပေးနိုင်၊ မပေးလိုသူများကိုသာ နေရာပေးရန် ရည်ရွယ် ပြင်ဆင်ထားကြောင်း ထင်ရှားနေသည့် ရွေးကောက်ပွဲတွင်ပြည်သူများပါ၀င်မဲပေးခြင်းဖြင့် အဆိုပါရွေးကောက်ပွဲ၏တရား၀င်မှုနှင့် လူထုထောက်ခံမှုကို ရရှိကြောင်း ဝါဒဖြန့်နိုင် သည့်အထောက်အထားတစ်ရပ် ဖြစ်လာရန် သာရှိပါလိမ့်မည်။
၂၀၀၈ အခြေခံဥပဒေအောက် သာမာန်အခြေ အနေတွင်ကျင်းပသည့် ရွေးကောက်ပွဲသည်ပင် စစ်အုပ်စုတို့အစိုးရဖွဲ့နိုင်ရေးမှာ လွှတ်တော် ထိုင်ခုံ၂၅ရာခိုင်နှုန်းအတိုင်ရရုံဖြင့် လုံလောက် ခဲ့သည်ဖြစ်ရာ အရပ်သားအမတ်နေရာ ယခင်ထက် လျော့နည်းနေပြီး အစိတ်သားတို့က နေမြဲဖြစ်နေမည့် အခြေအနေတွင်မူပိုမို လွယ်ကူရန်သာရှိသည်။
၂၀၁၅နှင့် ၂၀၂၀တွင် NLD ကိုပုံအောခဲ့သည့် ပြည်သူအများစုမဲထွက်ပေးကြလိမ့်မည်မဟုတ်ကြောင်းကိုလည်းစစ်ဗိုလ်ချုပ်တို့က တွက်ချက်သိရှိကြပြီးဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တကွ ယူနီဖောင်းချွတ်သည်မှာ နှစ်အနည်းငယ် ကြာသူနှင့် ယခုမှ ချွတ်လာသူသာကွာသော စစ်ဗိုလ်ချုပ်ဟောင်းများ၊၎င်းတို့နှင့် တိုက်ရိုက်တစ်မျိုးသွယ်
ဝိုက်တစ်ဖုံပတ်သက်နေသူများ တက်တက်ကြွကြွ နယ်လှည့် မဲဆွယ် ပြနေခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက် မှာ မဲရလဒ်အပြတ်အသတ်ဖြင့်ရွေးကောက်ပွဲ အာဏာရခဲ့ကြောင်းကြွားလုံးထုတ်ဝါဒဖြန့်နိုင် ရန်ဟုသာ စနေသား ဆိုချင်ပါသည်။
ပါတီခြောက်ဆယ်နီးပါးဆိုသော်လည်း တိုင်း နှင့်ပြည်နယ်များကိုသာအခြေခံသည့်ပါတီအများစု ပါတီဖျက်သိမ်းမခံရရုံမျှ အမတ်နေရာ အနည်းငယ်သာယှဉ်ပြိုင်သည့်ပါတီအများနှင့် အစိုးရဖွဲ့ရေးအကြိတ်အနယ်ဖြစ်လာဖို့ရန်မည်သည့်အကြောင်းပြချက်မျှရှိမနေသည့် ဟန်ပြမဲပုံးထောင်ပွဲသည် လူထုအဖို့ မည်သို့မျှအနှစ်သာရမှရှိလာမည်မဟုတ်ပါ။
စစ်တပ်အလိုတော်ရိအဖြစ် အသုံးတော်ခံခဲ့ကြသော တောင်ပံကျိုးပါတီများအား ခံတွင်းပျက်နေသည့် စစ်တပ်က ကျွတ်ကျွတ်ဝါးသည့်ပွဲကို ပရိသတ်အဖြစ် ကြည့်ရှုနားစွင့်ပေး နေကြခြင်းကပင် လူထုအဖို့ လွန်လှပြီဟု ဆိုနိုင် သောအခြေအနေဖြစ်သည်။

















































