Scorpio/People’s Spring
လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။
ခုန်ချတဲ့လူငယ်နှစ်ယောက်ဟာ လေးလွှာက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့လူငယ်နှစ်ဦးဖြစ်ကြောင်း လှိုင်မြို့နယ်သတင်းတွေ ဖော်ပြနေတဲ့ Hlaing Info က အတည်ပြုပါတယ်။
ခုန်ချခဲ့ကြတဲ့ လူငယ်နှစ်ဦးမှာ တစ်ဦးက ခါးရိုးကျိုးကာ သေဆုံးသွားခဲ့တယ်။ နောက်တစ်ဦးကတော့ ခုထိဆေးကုသနေရတယ်တဲ့။

Public Service Announcement
ဒီဖြစ်စဥ်ဟာ မြန်မာပြည်က လူငယ်ထု ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အဖြစ်ဆိုးများစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဒေသအသီးသီးမှာ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် အသက်ပေးလိုက်ရတဲ့လူငယ်တွေ၊ ပြည်တွင်းပြည်ပထွက်ပြေးတိမ်းရှောင်နေရတဲ့လူငယ်တွေသောင်းချီ ၊သိန်းချီ ရှိနေပါတယ်။
အဲဒီလို စစ်ကောင်စီတပ်အတွက် လိုသလောက်အင်အားဖြည့်တင်းပေးနေတဲ့ စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာဆိုရင် ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီဥပဒေကို အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်းစစ်မျက်နှာမှာ စစ်ရှုံးနေပြီး အသေခံစစ်တိုက်ပေးမယ့်စစ်သားတွေနည်းလာတာ၊ပြည်သူတွေက စစ်တပ်ကိုရွံ့မုန်းတာမို့ စစ်ထဲဝင်လိုသူနည်းလာတာတွေကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ပြန်အသက်သွင်းလိုက်တာဖြစ်ပါတယ်။
တစ်လကို စစ်မှုထမ်း အယောက် ၅၀၀၀ ခေါ်ယူမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ စစ်တပ်ဟာ အခုချိန်မှာဆိုရင် စစ်မှုထမ်းတပ်သားသစ်ပေါင်း တစ်သိန်းကျော်ရရှိထားပြီးဖြစ်ပါတယ်။ဒါဟာ တရားမဝင် ပေါ်တာဆွဲဖမ်းဆီးတာတွေ မပါသေးပါဘူး။
အခုချိန်ထိလည်း စစ်ကောင်စီတပ်ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်တာအပြင် ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးတာ၊လမ်းတွေမှာ ခေါင်းစဥ်မျိုးစုံသုံးပေါ်တာဆွဲတာ၊ ဘုန်းကြီးကျောင်းတွေထဲအထိ ပေါ်တာဆွဲတာ စသဖြင့် နည်းမျိုးစုံနဲ့လည်း စစ်သားသစ်စုဆောင်းနေတာပါ။ ရာဇဝတ်မှုကျုးလွန်သူတွေကိုတောင် ထောင်ကျခံမလား ၊စစ်ထဲဝင်မလားမေူပြီး စစ်သားသစ် စုဆောင်းခဲ့ပါတယ်။
မြို့ပေါ်တွေမှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းကြေးပေးပြီး ရှောင်ရှားကြသူတွေလည်း ရှိပါတယ်။ ရပ်ကွက်တွေ၊ရွာတွေအလိုက် စစ်မှုထမ်းကြေးပေးရပြီး စစ်တပ်ခန့် အုပ်ကြီးတွေက လူရှာပေးသူတွေကို အဲငွေတွေပေး ၊ကြားကနေပြီလည်း ငွေတွေယူပြီး လူအရောင်းအဝယ်လုပ်သလိုလည်းလုပ်ကြပါတယ်။ စစ်တပ်မှာစစ်မှုမထမ်းချင်သူတွေ၊မိသားစုတွေက စားဝတ်နေရေးခက်ခဲနေတဲ့ကြားက စစ်မှုထမ်းကြေးလစဥ်ပေးကြရပါတယ်။
ငွေကြေးမတက်နိုင်တဲ့သူတွေတော့ အများဆုံး စစ်မှုထမ်းအခေါ်ခံနေရကြောင်း မန္တလေးတဝိုက်က ဒေသခံတွေက ပြောပါတယ်။
“ အချို့ကကျ ပိုက်ဆံတက်နိုင်တော့မဆွဲဘူး။ အခြေခံလူတန်းစားထဲက ကလေးတွေပဲ ဆွဲသွားကြတာ” လို့ မန္တလေးတိုင်း၊ မြစ်ငယ်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
ငွေကြေးတက်နိုင်သူတွေကတော့ ပေါ်တာဆွဲတာ ပါသွားခဲ့ရင်လည်း ငွေသိန်းရာချီပေးပြီး ပြန်လွတ်လာတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုအပေါင်းအပါတွေ၊ ပျူစောထီးတွေက စစ်မှုထမ်းလူစားထိုးဖို့ လူဖမ်းပွဲတွေလည်း ပြုလုပ်နေပြီး လူတစ်ဦး ကျပ်သိန်းရာချီပေါက်တဲ့ စျေးကွက်တစ်ခု ဖြစ်နေကြောင်းရန်ကုန်နဲ့ မန္တလေးမြို့ကဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီဥပဒေကို အကြောင်းပြုပြီး အုပ်ကြီးတွေ ၊ရာအိမ်မှူး၊ဆယ်အိမ်မှုးတွေ ၊ပျူစောထီးတွေ ၊စစ်သားတွေရဲတွေက ပြည်သူတွေအပေါ် စိတ်ကြိုက်ငွေညှစ်လို့ရတဲ့ ဥပဒေဖြစ်နေပါတယ်။
အခု လူငယ်တွေခုန်ချခဲ့တဲ့ လှိုင်မြို့နယ်မှာဆိုရင်အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပျူစောထီးတွေ စုဖွဲ့ထားပြီးညအချိန်တွေမှာဆိုင်ကယ်တွေနဲ့ လှည့်ပြီး ပေါ်တာဆွဲတာ၊ လူကုန်ကူးသလို ရောင်းစားတာတွေ ပြုလုပ်နေကြောင်း Hlaing Info က သတိပေးထားပါတယ်။
စစ်တပ်ထဲရောက်သွားတဲ့တပ်သားသစ်တွေဟာ တော်လှန်ရေးအဖွဲ့တွေဘက် ထွက်ပြေးခိုလှုံသူတွေလည်းများစွာရှိပါတယ်။တချို့ဆို စစ်တပ်အပေါ်နာကျည်လို့ တော်လှန်ရေးအဖွဲ့တွေဆီမှာ စစ်ပညာသင်ယူပြီး စစ်တပ်ကိုပြန်တိုက်နေတဲ့လူငယ်တွေလည်းရှိကြပါတယ် ။
သို့ပေမဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို စစ်သင်တန်းတက်ခိုင်ပြီး ရှေ့တန်းပို့ကာ အသေခံစစ်တိုက်ခိုင်းနေတာကြောင့်လူမသိသူမသိ သေဆုံးနေရတဲ့ စစ်သားသစ်တွေလည်းအများအပြားရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒါအပြင် စစ်တပ်ထဲမှာ သန္ဓေလို့ခေါ်တဲ့ စစ်သားတွေကို ဦးစားပေးပြီး စစ်မှုထမ်းဥပဒေနဲ့ခေါ်ထားတဲ့စစ်သားသစ်တွေကို ပစ-ပြည်သူ့စစ်တွေဆိုပြီး အသေခံတိုင်ခိုင်းတာ ၊ရှေ့တန်းမှာ ရှေ့ကနေတိုက်ခိုင်းပြီး ပြန်ထွက်ပြေးလာရင် ညှင်းပန်းနှိပ်စက်တာ ၊ပစ်သတ်တာ အထိ ရက်ရက်စက်စက် ဖိနှိပ်တာတွေလည်းကြုံရတယ်လို့ အလင်းဝင်လာတဲ့ စစ်သားတွေကပြောပါတယ်။
အခြားတဘက်မှာလည်း စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာရတဲ့တပ်သားသစ်တွေကြောင့် တော်လှန်ရေးမှာ နှောင့်နှေးကြန်ကြာမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုအချို့က ထောက်ပြပါတယ်။
“ စစ်မှုထမ်းတပ်သားအင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးတာတွေကြောင့် တော်လှန်ရေးတပ်များထိန်းချုပ်ထားတဲ့နယ်မြေတွေလည်းပေးရတာတွေရှိပါတယ်။ ဒီအတွက်ကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အခက်တွေ့ပြီး သက်ရောက်မှုတွေများစွာနဲ့ကြုံနေရပါတယ်။” လို့ စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးဘက်က ငွေအားနဲ့အချိန်အားတွေ ပြုန်းတီးမှုဖြစ်လာခဲ့ရတယ်လို့ မလှိုင်လူထုသတင်းကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ စစ်မှုထမ်းဥပဒေဆိုပြီးပေါ်တာဆွဲလိုက်တော့ တဘက်ကတော်လှန်ရေးကို အချိန်ဆွဲလို့ရသွားသလို တော်လှန်ရေးဘက်က ငွေအားပြုန်းတီးမှုဖြစ်မယ်။ထောက်ပံ့ပြည်သူတွေက အားနည်းလာသလို စစ်ရေးပစ်မှတ်တွေက ပိုပြီးတိုက်လာရတော့ အချိန်ကုန်မယ် ငွေပိုကုန်မယ်။ အင်အားကလည်း တိုးသင့်သလောက်မတိုးတော့ဘူးပေါ့။” လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
“ စစ်မှုထမ်းသာမရှိခဲ့ရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေရည်မှန်းတဲ့ ပန်းတိုင်က (ပြီးခဲ့တဲ့) ၂၀၂၅ ခုနှစ်ဟာ အသေချာရောက်နိုင်တယ်လို့ ယူဆပါတယ်” လို့ မလှိုင်လူထုသတင်းကွန်ရက်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်သားသစ်စုဆောင်းခံရရင် ရှေ့တန်းပို့စစ်တိုက်ခိုင်းလို့ သေဆုံးဒဏ်ရာရတာ၊ ဖိနှိပ်ခံရတာကြုံရမှာဖြစ်သလို ၊ မသေခဲ့ရင်တောင် ကမ္ဘာ့ပေါ်မှာ ကိုယ့်ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ် အကြမ်းဖက်နေတဲ့ စစ်ရာဇဝတ်ဂိုဏ်းမှာ ပါဝင်သွားတာမို့ လူငယ်တွေအတွက် အဆိုးဝါးဆုံး ဒဏ်ခတ်မှုလည်းဖြစ်နေပါတယ်။
ဒါကြောင့်လူငယ်တွေအနေနဲ့ စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မခေါ်ဆောင်တာတွေ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ မခံရဖို့ ကြိုတင်ရှောင်ရှားသင့်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက အကြံပြုပါတယ်။
“ ပြည်ပထွက်တာထက် ကိုယ့်မြို့နယ်နဲ့ နီးစပ်ရာ ဒေသတွေမှာ ရှောင်တိမ်းနေလို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်။ တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်တာဝန်ထမ်းဆောင်မယ်ဆိုရင်တော့ မိမိကိုယ်ကိုကိုယ်လည်း ကာကွယ်နိုင်မှု အပြည့်အဝ ရသလို မတရားတဲ့ဥပဒေ ထုတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုလည်း ကိုယ်တိုင်ဖြုတ်ချနိုင်တဲ့သူတယောက် ဖြစ်တာပေါ့။” လို့ မလှိုင်လူထုသတင်းကွန်ရက်ရဲ့တာဝန်ရှိသူတစ်ဦးကအကြံပြုပါတယ်။
ဒါအပြင်စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားဒေသအချို့မှာလည်း အခြား လက်နက်ကိုင်တပ်ဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ မထင်ရင်မထင်သလိုပဲ ဆွဲတယ်။ နောက်ပြီး အစုဖွဲ့ပြီး လုပ်စားနေတဲ့ သူတွေရှိတယ်။” လို့ ဖားကန့်မြို့က လူငယ်တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် မြို့ပေါ်ကော ကျေးလက်ဒေသပါမကျန် လူငယ်တွေဟာ ရင်တထိတ်ထိတ်နဲ့ သွားလာနေကြရပြီး အလုပ်အကိုင်တွေပါပျက်လာခဲ့တယ်လို့ သိရပါတယ်။
“ ဒီအတင်းအဓမ္မ စစ်မှုထမ်းစနစ်ကိုတော့ ကျနော်တို့ရော ပြည်သူတွေရော လုံးဝမကြိုက်ဘူး။ ဒီပြဌာန်းမှုကို ရုပ်သိမ်းစေချင်ကြတာပါပဲ။ ဒီလိုသာဆက်ပြဌာန်းမယ်ဆိုရင်တော့ တနေ့လုပ်မှတနေ့စားရတဲ့ အခြေခံလူတန်းစားတွေအတွက် ပိုပြီးကြပ်တည်းလာမယ်။ သောကအပူမီးတွေကြားမှာပဲ ရှင်သန်ဖို့ပဲရှိတယ်။ ဒီအာဏာရှင်ကပြဌာန်းတဲ့ မတရားစစ်မှုထမ်းစနစ်ကို လုံးဝအားမပေးဘူး။ ဆန့်ကျင်ပါတယ်။” လို့ဆားလင်းကြီးမြို့နယ် လူထုသပိတ်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာ လူငယ်တွေဟာ ပြည်တွင်း၊ပြည်ပစစ်မှုထမ်းလွတ်ကင်းနိုင်မယ့်နေရာတွေဆီတိမ်းရှောင်ထွက်ပြေးကြရတာကြောင့် လုပ်ငန်းတွေမှာ လူငယ်လုပ်သားတွေ ၊ကျွမ်းကျင်လုပ်သားတွေရှားပါးစေပြီး နိုင်ငံ့စီးပွားရေးကို ပိုမိုဆိုးရွားလာစေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။ ဒါကြောင့် ဒီဥပဒေမှာ မြန်မာမြေပေါ်မှာ ပြဌာန်းခဲ့ဖူးတဲ့ ဥပဒေတွေထဲမှာ ပြည်သူတွေကို ဒုက္ခအပေးဆုံး၊ နိုင်ငံ့ရဲ့ ပျိုမြစ်တဲ့ လူငယ်ထုကို သေတွင်းထဲပို့တဲ့ ၊မိခင်တွေရင်ကွဲနာကျစေတဲ့ အဆိုးဝါးဆုံးဥပဒေတစ်ခုလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်တပ်အနွှယ်တွေက သူတို့ရဲ့အာဏာလက်မလွတ်ဖို့ ကူညီပေးတဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး အမျိုးမျိုးဝါဒဖြန့်ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေထဲက ဒီဥပဒေနဲ့ စစ်မှုထမ်းခိုင်းတာတော့ မရှိပါဘူး ။
အခုလို ဖြစ်စဥ်တွေဟာ စစ်အာဏာရှင် မကျဆုံးသရွေ့ သူတို့အုပ်စိုးတဲ့ဒေသတွေမှာ လွတ်လပ်မှု ၊တရားမျှတမှု၊ တန်းတူညီမျှမှု မရှိတဲ့အတွက် သူတို့ပြုသမျှနုနေရကြဦးမှာဖြစ်ကြောင်း ရွှေဘိုခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ မြို့ပေါ်နေပြည်သူလူထုအနေနဲ့လည်း နေသာသလိုမနေကြဘဲ ရနိုင်တဲ့နေရာကနေ တော်လှန်နေကြဖို့လိုပါတယ်။ မြို့ပေါ်မှာ ရတဲ့နေရာကနေ တော်လှန်ကြသူတွေလည်း ရှိတာပေါ့။ မြိုပေါ်နေ တော်တော်များများက နေသာသလို နေသွားကြတဲ့သူတွေက များလာတယ်။” လို့ ၎င်းရဲဘော်က မှတ်ချက်ပြုပါတယ်။
အခုဆိုရင် စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလထဲမှာ စစ်မှုထမ်း အပတ်စဥ် ၂၁ ကို စတင်နေပြီးဖြစ်ပြီး အပတ်စဥ် ၂၂ အတွက် စစ်မှုထမ်းတပ်သားသစ်တွေ ထပ်မံစုဆောင်းနေတာဖြစ်ပါတယ်။လှိုင်မြို့နယ်က ခုန်ချသွားတဲ့လူငယ်တွေဟာလည်း အပတ်စဥ် ၂၂ အတွက် ရည်ရွယ်စုဆောင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါအပြင်စစ်အုပ်စုက စစ်သားသစ်စုဆောင်းစဥ်မှာ ၂ နှစ်ပဲစစ်မှုထမ်းရမယ် ၊ တိုက်ပွဲတွေနည်းလာလို့စစ်မတိုက်ရဘူး ၊စစ်မှုထမ်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်း ဦးစားပေးရမယ်လို့ အယုံသွင်းဝါဒဖြန့်စုဆောင်းထားကြတာဖြစ်ပါတယ်။ နိုင်ငံဒေသအများစု ခုခံတော်လှန်စစ်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို ၊စစ်ကောင်စီရှိနေသမျှစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ခက်တာကြောင့် စစ်အုပ်စုအပြောတွေကလက်တွေ့နဲ့ဝေးကွာလှပါတယ်။ဒါကိုရှေ့တန်းပို့ပြီး စစ်တိုက်ခိုင်းတာခံရတဲ့ စစ်သားသစ်တွေစသိနေကြပြီလည်းဖြစ်ပါတယ်။
စစ်မှုထမ်းအကျုံးဝင်ပေမဲ့ အာဏာရှင်အတွက် အဖြစ်မခံဘဲ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ မြောင်နယ်က ရဲဘော်တစ်ဦးကတော့ “ တော်လှန်ရေးအောင်ဖို့ပဲ ကြိုးစားမှရတော့မယ်ထင်တယ်။ မဟုတ်ရင်အာဏာရှင်ကတော့သူ့အာဏာတည်မြဲဖို့၊ သူ့အသက်မသေဖို့ လူငယ်တွေကို ရှေ့တန်းပို့ပြီးစတေးနေဦးမယ်လို့ထင်ပါတယ်။ ပြီးတော့ စပ်တပ်က လက်နက်အင်အားပြည့်စုံပေမဲ့ လူအင်အားလျော့ကျနေတာကြောင့်ပေါ်တာကတော့ဆွဲနေအုံးမယ်ထင်တယ်” လို့ ပြောလိုက်ပါတယ်။ ။




















































