ကဖေး/People’s Spring
စစ်ယူနီဖောင်းအရိပ်အောက်မှာ အပ်ိုးကျိုးနေတဲ့အမျိုးသမီးတစ်ယောက်က မြကျွန်းညိုညိုကွန်းခိုရာတက္ကသိုလ်မြေကို အရုပ်ဆိုးအကျည်းတန်စေခဲ့ပါပြီ။
တရားခံက ဒေါက်တာချောချောစိန်ဆိုတဲ့ အမျိုးသမီးပါ။ သွေးစွန်းလက်ကို ဆုပ်ကိုင်သူ၊ စစ်ရာဇဝတ်ကောင်ကိုမှ စင်ပေါ်တင်ပေးသူ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်အင်ကို ဖျက်ဆီးလိုက်သူအဖြစ်ပညာရေးအသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက ပြစ်တင်ဝေဖန် ရှုတ်ချနေကြပါတယ်။
သူကဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို အပိုင်စီးပြီး အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ နိုင်ငံကို မီးလောင်တိုက်သွင်းပြီး ပြည်သူသောင်းချီသေဆုံးစေခဲ့သူကမ္ဘာဆင်းရဲမွဲတေမှုအဆိုးဆုံးဖြစ်အောင် လုပ်လိုက်တဲ့ စစ်ခေါင်းဆောင်ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်ကပဲ လူထုတံတွေးခွက်မှာ ပက်လက်မျောတဲ့အခြေအနေရောက်အောင်သူ့ကိုယ်သူတွန်းပို့လိုက်တာဖြစ်ပါတယ်။

Public Service Announcement
“ အောက်တန်းစားမိန်းမပဲ” လို့ ဒေါသထွက်နေတဲ့ CDM အရာရှိတစ်ဦးက ပျစ်ပျစ်နှစ်နှစ် ပြောပါတယ်။
●ဒေါက်တာချောချောစိန်ဆိုတာ ဘယ်လိုလူလဲ
၁၉၆၈ စက်တင်ဘာလမှာ မွေးခဲ့တဲ့ သူက ၁၉၈၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အထူးပြုနဲ့ စတက်ပြီး ၁၉၉၆ ခုနှစ်မှာ နိုင်ငံတကာဆက်ဆံရေးမဟာဘွဲ့ ၊ ၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အထူးပြုနဲ့ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။၂၀၁၁ ခုနှစ် ကစပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနရဲ့ ပါမောက္ခ (ဌာနမှူး) ဖြစ်လာခဲ့ပြီး၂၀၂၀ ခုနှစ်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဖြစ်လာပါတယ်။
စစ်တပ်ကို အလွန်းအမင်းထောက်ခံသူဖြစ်သလိုရာထူးဂုဏ်ကိုအလွန်မက်ပြီးဝန်ထမ်းဘဝမှာ အထက်ဖား အောက်ဖိအမူအကျင့်ဆိုးသွမ်းသူအဖြစ် လူသိများပါတယ်။ ဒါ့အပြင် ၂၀၂၁ မှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခြင်းဟာ တပ်ထောက်ခံသူ ဒေါက်တာချောချောစိန်ရဲ့နိုင်ငံရေးခံယူချက်နဲ့ သန္ဓေဆိုးကိုမီးလောင်ရာလေပင့်ပေးလိုက်ပါတယ်။
ဒေါက်တာချောချောစိန်ဟာ စစ်တပ်က နိုင်ငံတော်အာဏာကိုမသိမ်းယူခင် နှစ်အနည်းငယ်ခန့်ကတည်းက နိုင်ငံကို တိတ်တဆိတ်ဖျက်ဆီးနေခဲ့သူဖြစ်ပါတယ်။၂၀၁၉ ခုနှစ်လောက်ကစပြီး ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့က စစ်တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ ဒီပလိုမာ(Diploma in Political Science)နဲ့ နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာ(Diploma in International Relations )သင်တန်းတွေ ပေးခဲ့ပါတယ်။ ဒီသင်တန်းတွေက နိုင်ငံရေးစနစ်တွေ၊ နိုင်ငံရေးအတွေးအခေါ် (Political Theory) နဲ့ အုပ်ချုပ်ရေးယန္တရားပုံစံတွေ သင်ပြပါတယ်။တက္ကသိုလ်ဘွဲ့ရတွေ၊ လုပ်ငန်းခွင်ထဲကလူငယ်တွေ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ စစ်တပ်က အရာရှိတွေပါ တက် ရောက်ကြပါတဲ့ဒီသင်တန်းတွေမှာ စစ်အာဏာရှင်ဟောင်းတွေဖြစ်ကြတဲ့ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ရဲ့ နိုင်ငံရေးခံယူချက်တွေကို သဘောကျကြောင်း မကြာခဏပြောပါတယ်။
ဒေါက်တာ ချောချောစိန်ရဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူဘဝ လက်ဦးဆရာမဟာ အာဏာရှင်ဟောင်းဦးနေဝင်းရဲ့ ဇနီးဒေါ်နီနီမြင့်ဖြစ်ပါတယ်။ဒေါက်တာချောချောစိန်ဟာလူငယ်တွေနဲ့ နိုင်ငံရေးသမားတွေကို စစ်တပ်ဘက်ယိမ်းအောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ရန်ကုန်တက္ကသိုလ်မှာ ၁၉၈၅ ဝန်းကျင်က သူနဲ့အတူတူတက်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးကပြောပါတယ်။
“ အဝေးကြီးကိုမကြည့်နဲ့။ဦးကိုကိုကြီးကိုပဲကြည့်။ NLD အစိုးရလက်ထက်တုန်းက ဦးကိုကိုကြီးကို ရန်ကုန်တက္ကသိုလ်မှာ IRတက်ဖို့ သူပဲ ကမ်းလှမ်းတာ။ ပြီးတော့ ကိုကိုကြီးလည်း စစ်တပ်ဘက်ကို ယိမ်းသွားတော့တာပဲ” လို့ လက်ရှိနိုင်ငံရေးလောကထဲမှာရှိနေဆဲ အဲ့ဒီကျောင်းသားဟောင်းကဆိုပါတယ်။
ဒေါက်တာချောချောစိန်ဟာ တက္ကသိုလ်ကျောင်းသားလူငယ်တွေ၊ သူဆီမှာတက်တဲ့ သင်တန်းသားလူငယ်တွေနဲ့အတူ ပြည်ပနိုင်ငံတွေကို လေ့လာ ရေးခရီး သွားလေ့ရှိပါတယ်။ စာသင်ခန်းထဲမှာတင်မက လမ်းခရီးတွေမှာလည်း ဦးသိန်းစိန်အစိုးရနဲ့စစ်တပ်ရဲ့ကောင်းကြောင်းကိုပြောလေ့ရှိပါတယ်။အံသြစရာမကောင်းတဲ့အချက်ကတော့ ဒေါ်ချောချောစိန်ရဲ့ ယောကျာ်းကလည်း စစ်သားပဲဖြစ်ပါတယ် ။
“ ဝီရသူတို့လို ဘုန်းကြီးတွေကို သူကိုးကွယ်တယ်။ စစ်တပ်ကိုကာကွယ်ဖို့၊ အမျိုးဘာသာသာသနာကိုချစ်ဖို့ဆိုပြီး လူငယ်တွေကိုတောက်လျှောက် brainwash လုပ်ခဲ့တယ်” လို့ သူ့တပည့်ဟောင်းတစ်ဦးက ဆိုပါတယ်။
နိုင်ငံရေးခံယူချက်နဲ့ပတ်သက်လို့ ဒေါက်တာချောချောစိတ်နဲ့သဘောထားကွဲလွဲပြီး မကြာခဏဆိုသလို အချေအတင်ဖြစ်ခဲ့ဖူးတဲ့ အဲ့ဒီလူငယ်က လက်ရှိမှာ PDF ရဲဘော်အဖြစ် စစ်အာဏာရှင်ကိုတိုက်ခိုက်နေပါတယ်။
သူမကို တစ်နိုင်ငံလုံက ပြည်သူတွေက မစာနာသူအဖြစ် မှတ်တမ်းဝင်စေတာကတော့ ၂၀၂၅ စစ်ကိုင်းငလျင်အပြီးကတည်းကဖြစ်ပါတယ်။ အကြောင်းကတော့ ငလျင်ကြီးလှုပ်ပြီး မန္တလေးတက္ကသိုလ် စာစစ်ဌာနက တက္ကသိုလ်ဝင်တန်းစာစစ်လွှာတွေ မီးလောင်သွားတဲ့အခါ ငလျင်သင့် ကျောင်းသားတွေအပါအဝင် အဖြေလွှာပျက်စီးခဲ့တဲ့ကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်းပြန်ဖြေခိုင်းတာက ဒေါ်ချောချောစိန်ပဲဖြစ်လို့ပါ။
●ပညာရေးဝန်ကြီးဘယ်လိုဖြစ်လာသလဲ
စစ်တပ်ကိုထောက်ခံတဲ့ ဒေါက်တာချောချောစိန်တစ်ယောက် စစ်ယူနီဖောင်းတွေ ရှေ့မှောက်မှာပညာရေးဝန်ကြီးဖြစ်လာပုံက သိပ်ကိုလွယ်ကူခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပညာရေးဝန်ကြီးဖြစ်လာတာက ဒေါက်တာညွှန့်ဖေ။ အဲဒီအချိန်မှာ ဒေါက်တာ ချောချောစိန်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဖြစ်ပါတယ်။၂၀၂၁နောက်ပိုင်းမှာ ဒေါက်တာချောချောစဉ်က စစ်ယူနီဖောင်းတွေရှေ့မှောက်မှာ အလုပ်တွေ ပိုလုပ်လာပါတယ်။
၂၀၂၄ခုနှစ်သြဂုတ်လမှာ ပညာရေးဝန်ကြီးဌာနရဲ့လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပါတယ်။၂၀၂၅ ခုနှစ်ဩဂုတ်လ ၃၁ရက်နေ့မှာတော့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုပြီး ပြောင်းလဲဖွဲ့စည်းပါတယ်။ အဲ့ဒီမတိုင်ခင်မှာ ပညာရေးဝန်ကြီးနေရာကို မန္တလေးနဲ့ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းကို ပေးဖို့ စစ်ကောင်စီကကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့်ဒေါက်တာမောင်သင်းက ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါင်းရှောင်ခဲ့ပါတယ်။ ဒေါက်တာမောင်သင်းက စစ်တပ်ထောက်ခံသူဖြစ်ပြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခဲ့ပါတယ်။
“ ဒေါက်တာမောင်သင်းက စစ်ရာဇဝတ်မှုတွေနဲ့ အမှုတွဲမပါချင်ဘူး။ဒါကြောင့်သူရှောင်ထွက်သွားတာ။ဒေါက်တာချောချောစိန်ကတော့နဂိုကတည်းက ရာထူးမက်တာရော စစ်တပ်ထဲကသူ့တပည့်တွေ အရာရှိတွေဖြစ်လာတော့ ထောက်ခံမှုများပြီး ဝန်ကြီးဖြစ်လာတာ” လို့ ဒေါက်တာချောချောစိန်ရဲ့ ကျောင်းနေဖက်တစ်ဦးကပြောပါတယ်။
●ပျက်စီးသွားတဲ့ ပညာရေးလောက
နိုင်ငံတော်အာဏာကိုစစ်တပ်သိမ်းယူပြီးခဲ့တဲ့နောက် နယ်ပယ်ပေါင်းစုံမှာ ချွတ်ခြုံကျသွားတဲ့အထဲ ပညာရေးနယ်ပယ်လည်း ထိပ်ဆုံးက ပါနေပါတယ်။ဒေါက်တာချောချောစိန်လက်ထက်မှာ စာသင်ခန်းနဲ့ ကျောင်းဝန်းထဲမှာ ဖြစ်တဲ့ ကျောင်းသားချင်းသတ်ဖြတ်မှု၊ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုနဲ့ ကျောင်းသူ အဓမ္မပြုကျင့်ခံရတဲ့အထိ ဆိုးရွားတဲ့အခြေအနေတွေဖြစ်နေတာပါ။
နိုင်ငံတော်အပေါ်စီမံခန့်ခွဲမှုတော်လို့ဆိုပြီး စစ်ခေါင်းဆောင်ကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးလိုက်တဲ့သူက လူထုရဲ့ပညာရေးနဲ့ပတ်သက်လို့တော့ ကြိုတင်ပြင်ဆင်မှုတွေမရှိခဲ့ဘဲ ဖုတ်ပူမီးတိုက်သာလုပ်လေ့ရှိသူပါ။ မကြာသေးမီက တောင်ကြီးမြို့ကကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာကအထက်တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းထွက်ပေါ်ပြီးနောက်နေ့မှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ကျောင်းတွေမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ကြိုတင်ကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
“ ဘာညွှန်ကြားချက်မှမရှိဘဲနဲ့ အရေးပေါ်လုပ်ခိုင်းတာ။ ဆရာဆရာမတွေလည်းကောင်းကောင်းမလုပ်ကြဘူး။ ကျောင်းသားတွေကလည်းမလုပ်ကြဘူး။ ကလေး ပြန်ပြောပြမှသိရတာ” လို့ မန္တလေးမြို့ကကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
အဲဒီလိုဖြစ်စဉ်အပြင် ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ဖြစ်လို့သေဆုံးမှုတွေ၊ ကျောင်းသူအချင်းချင်း ရိုက်နှက်နှိပ်စက်တာတွေ၊စာသင်ခန်းထဲမှာကျောင်းသားတွေမူးယစ်ဆေးဝါးသုံးစွဲတာတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။
မနေ့က ဂုဏ်ပြုခံစင်မြင့်မှာ စစ်ခေါင်းဆောင် ပြောသွားတဲ့စကားတစ်ခွန်းကလည်း ပညာရေးလောက ဗရမ်းဗတာဖြစ်နေပုံနဲ့ စစ်အုပ်စုအသိုင်းအဝိုင်းထဲက ရှေ့နောက်မညီတဲ့အခြေအနေကို ပေါ်လွင်စေပါတယ်။
သိပ္ပံနဲ့နည်းပညာကဏ္ဍကို နိုင်ငံတော်ရဲ့အနာဂတ်အင်အားအဖြစ်ရှုမြင်တယ်လို့ စစ်ခေါင်းဆောင်ကပြောသွားပါတယ်။ ဒါပေမယ့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပုသိမ်မြို့၊အစိုးရနည်းပညာအထက်တန်းကျောင်းထဲမှာ ကျောင်းသားတွေကအုပ်စုဖွဲ့ရိုက်လို့ ကျောင်းသားဟောင်းတစ်ဦးသေဆုံးမှုဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာ ဟင်္သာတမြို့၊အစိုးရနည်းပညာအထက်တန်းကျောင်းသားတွေ မြို့လယ်ကောင်တစ်နေရာမှာ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်ကတော့ သူ့လက်ထက်မှာနည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်တွေရဲ့အရည်အသွေးကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့တယ်လို့ ပြောသွားပါတယ်။
ဒီအခြေအနေတွေကိုမျက်ကွယ်ပြုထားပြီး ပညာရေးဝန်ကြီးတစ်ယောက်အနေနဲ့ စာသင်ကျောင်းတွေဆီကိုသွားတဲ့အခါ ဒေါက်တာချောချောစိန်အများဆုံးပြောတာက ပညာရေးဝန်ထမ်းတွေဟာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိရမယ်လို့ဆိုပြီး စစ်အာဏာရှင်သက်ဆိုးရှည်အောင် ကြိုးပမ်းတာပါ။
●အဓိပတိလမ်းမပေါ်ကသမိုင်းတရားခံ
နိုင်ငံအရေးကို စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့တဲ့ စွမ်းဆောင်ချက်တွေကြောင့်ပါရဂူဘွဲ့ ပေးလိုက်တာလို့ ဒေါက်တာချောချောစိန် အမွှန်းတင်ထားတဲ့စစ်ခေါင်းဆောင်အုပ်ချုပ်နေတဲ့ ဒီနေ့ နိုင်ငံတော်အခြေအနေကိုကြည့်ကြရအောင်ပါ။
UNDPရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရမြန်မာနိုင်ငံ လူဦးရေရဲ့ ၄၉.၇% (တစ်ဝက်နီးပါး) ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ကို ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ သမိုင်းတလျှောက်အဆိုးဆုံးဖြစ်ပါတယ်။ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်း တွေထိခိုက်မှုကြောင့် လူဦးရေသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ မလုံခြုံမှု နဲ့ ရင်ဆိုင်နေရပါတယ်။နိုင်ငံသား၄ဦးမှာ ၁တစ်ဦးဟာ ဆင်ရံမွဲတေပြီး အစာရေစာမဝလင်တဲ့ အခြေအနေရောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားမလုံခြုံမှုညွှန်းကိန်း (Human Insecurity Index) တွေဟာကမ္ဘာ့အဆင့် အောက်ဆုံးနားမှာ ရှိနေပါတယ်။ မြို့ကြီးတွေမှာပါ ခိုးမှု၊ လုယက်မှုနဲ့ လူသတ်မှုတွေ ပိုမိုများပြားလာပြီးကျားဖြန့်လုပ်ငန်းတွေကြောင့်ငွေကြေးလုံခြုံမှုဆိုင်ရာ ခြိမ်းခြောက်မှုတွေလည်း မြင့်တက်နေပါတယ်။စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထွက်
ပြေးနေရပါတယ်။နိုင်ငံသားတွေဟာ “ ဘက်ပေါင်းစုံ မလုံခြုံမှု” (Multidimensional Insecurity)
ကို ရင်ဆိုင်နေရပြီး လူတစ်ဦးချင်းစီဟာ အပြင်ထွက်ရင် လုယက်ခံရမှာ ကြောက်ရသလို၊ အိမ်မှာနေရင်လည်း စစ်ဆေးဖမ်းဆီးခံရမှာ ဒါမှမဟုတ် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။
ဒေါက်တာချောချောစိန်က ပါရဂူဘွဲ့ ပေးအပ်တဲ့နေ့မှာပဲ စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ မကွေးတိုင်း ကျောက်ထုမြို့ကို ဗုံးကြဲလို့ ကျောင်းသူ၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ၁၂ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သူကတော့ရန်ကုန် တက္ကသိုလ် ဘွဲဲ့နှင်းသဘင်စင်မြင့်ထက်မှာ ICC မှာစစ်ရာဇဝတ်မှုနဲ့တရာစွဲခံရနိုင်ခြေရှိတဲ့မင်းအောင်လှိုင်နဲ့ အတူထိုင်နေခဲ့တာပါ ။
စစ်ခေါင်းဆောင်ကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘွဲ့ပေးလိုက်ခြင်းဟာ ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံ ဆင်မြန်းပေးလိုက်တာလို့ ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ကြပါတယ်။ စစ်ရာဇဝတ်တရားခံရဲ့ ကိုယ်မှာ ကျောင်းသူကျောင်းသားတွေရဲ့သွေးတွေ စွန်းပေနေပြီး ညစ်ထေးတဲ့ကိုယ်နဲ့ ဆင်မြန်းခဲ့တဲ့ ဘွဲ့ဝတ်ရုံ၊ သွေးစွန်းတဲ့လက်နဲ့ ကိုင်တွယ်ခဲ့တဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမလည်းသွေးညှီနံ့တွေ လှိုင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကတော့ သူဟာ ဒီဘွဲ့ချီးမြင့်ခံရလို့ နိုင်ငံအရေးမှာ တာဝန်တွေပိုလာပြီး ဆက်လက်ကြိုးစားသွားမယ်လို့ ဆိုပြန်ပါတယ်။ မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ဟာ သူ့ရှေ့ကစစ်အာဏာရှင်တွေထက် အရှက်ကင်းမဲ့သူဆိုတာကိုလည်း ဒါကသက်သေပြနေပြန်ပါတယ်။ နေဝင်း ၊စောမောင် ၊သန်းရွှေတို့ တောင် မကြံစည်ခဲ့တဲ့ဒေါက်တာဘွဲ့ကို နိုင်ငံတစ်ဝန်း ကျောင်းတွေ၊ကျောင်းသားငယ်တွေ ၊ဆရာ၊ဆရာမတွေ ကို ဗုံးကြဲသတ်ပြီးနောက်မှာ သူလက်ခံယူဝံ့ပါတယ်။
စစ်အုပ်စု နောက်ပိုင်းဆက်လက်ကျုးလွန်မယ့် စစ်ရာဇဝတ်မှုတွေအတွက် ဒေါက်တာ ချောချောစိန်ကိုပါ တရားခွင်ကိုလက်ထိပ်ခတ်ပို့ရမယ်လို့ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းဥပဒေပညာရှင်တစ်ဦးက ဆိုပါတယ်။
ဂျပ်ဆင်နဲ့ သစ်ပုပ်ပင်၊ အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင်ခန်းမ အရိပ်အငွေ့တွေပြည့်နှက်နေတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ကျောင်းသားဟောင်းတွေနဲ့ ပညာရေးအသိုင်းအဝိုင်းရဲ့ ရင်နှစ်သည်းချာ နေရာဖြစ်ပါတယ်။
ဒေါက်တာချောချောစိန်ရဲ့ စနက်နဲ့ စစ်ရာဇဝတ်တရားခံပါရဂူဘွဲ့ပိုင်ရှင်တစ်ဦး ရန်ကုန်တက္ကသိုလ်ကနေထွက်ပေါ်လာတဲ့အပေါ် ကျောင်းသားဟောင်းတစ်ဦးက အခုလို မှတ်ချက်ပြုထားပါတယ်။
” အလင်္ကာကျော်စွာဘွဲ့ကို မတန်မရာပေးနေကတည်းက ရိပ်စားမိခဲ့တယ်။ ရန်ကုန်တက္ကသိုလ်သမိုင်းကဖြင့် ရိုင်းခဲ့ပြီပဲ” ။ ။

















































