close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သူများတွေကို အားနာတယ်အမေ

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

နွေဦးရောင်နီ ပြည်သူ့တော်လှန်ရေးထောက်ပို့ PRF ၏ ရုပ်သံမှတ်တမ်းကို ခံစားရေးဖွဲ့ပါသည်။ ကျဆုံးရဲဘော်၏ အချက်အလက်နှင့်ဖြစ်စဥ်အား PRF ကို ဆက်သွယ်မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

Scorpio/People’s Spring

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

ဒေါ်စိုးသားကလေးက ရပ်ဝေးမှာ အလုပ်လုပ်နေတာတော့ မဟုတ်ပါ။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဖို့ PDF တပ်ဖွဲ့ထဲ ဝင်သွားခဲ့ခြင်းဖြစ်သည်။ စစ်တပ်က လက်နက်ကိုင်အနိုင်ကျင့်လာသောကြောင့် လက်နက်ဖြင့် ခုခံဖို့ကလွဲ၍ တခြားနည်းလမ်းမရှိတော့သဖြင့် ဒီနည်းလမ်းကို သားကလေးတို့လိုလူငယ်တွေရွေးချယ်လိုက်ကြရတာဖြစ်သည်။

ဒေါ်စိုး သားကလေးနှင့် ဖုန်းပြောခွင့်ရတိုင်းလည်း သားကို အဆင်ပြေရဲ့လားမေးသည်။ သားက အဆင်ပြေတယ်ချည့်။သားကလေးက တစ်ခုတော့ ပြောရှာသည်။ “ အမေ သား မုန့်စားချင်တယ်” တဲ့။ ဒေါ်စိုး ပြေးပြီးတောင် သွားကျွေးချင်မိခဲ့သည်။

Public Service Announcement

Public Service Announcement

တချို့တွေ အိမ်ခဏ ပြန်ခွင့်ရတာမျိုးတွေကြားရတော့ ဒေါ်စိုးလည်း သားလေးကို ခဏပြန်လာပါလားပြောမိသည်။ “ သူများတွေကို အားနာတယ်အမေ” တဲ့။ သိတတ်လွန်းတဲ့သားကလေး။ တာဝန်ကျေချင်တဲ့သားလေး။ ဘဝတူ ရဲဘော်တွေကို အားနာတယ်တဲ့လား။

ဒီနေ့တော့ ဒေါ်စိုးအိမ်ကလေးဆီ သားလေး ပြန်ရောက်လာခဲ့ပါပြီ။ သားကလေး ပိန်သွားလိုက်တာ။ အသားတွေလည်း မည်းသွားလိုက်တာ။ သို့သော် သားကလေးက ဒေါ်စိုးကို စကားထမပြောနိုင်တော့။ သားရဲ့ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေခဲ့ပြီ။

ဆံသားတွေဆွတ်ဆွတ်ဖြူနေပြီဖြစ်သည့် ဒေါ်စိုးတစ်ယောက်သားရုပ်အလောင်းကိုကြည့်ကာ မျက်ရည်တွေကျသည်။ ဒေါ်စိုး သားပြန်ရောက်မှာကို မျှော်နေတာ ကြာလေလှပြီ။ သားကလေး ပြန်လာလို့ ကျိုးပဲ့လာခဲ့ရင်တောင်ရှာကျွေးဖို့ဒေါ်စိုး စိတ်ကူးထားခဲ့တာဖြစ်သည်။ယခုတော့ သားက အသက်တောင် ပါမလာတော့။ သားလေးကို အမေက ဒီလိုမြင်ရမယ်လို့ ဒေါ်စိုး မထင်ခဲ့မိ။

ဒေါ်စိုး သားပြန်အလာကို အိမ်ဝကနေ အမြဲစောင့်ကြိုနေခဲ့တာ။ သားကြိုက်မယ့်မုန့်တွေဝယ်ထားရင်း သားလာမယ့်ရက်ကို မျှော်နေခဲ့မိတာ။ “ အမေ့မှာမျှော်လိုက်ရတာ ကြာလှပြီ” တဲ့။

“ မုန့်စားချင်တယ်ဆို အမေမုန့်တွေစီစဥ်ထားတယ် ငါ့သားရယ်။ စားပါဦးတော့လား။ အမေကျွေးချင်လိုက်တာ။အမေကျွေးချင်လွန်းလို့မျှော်နေတာ”
တဲ့။

ဒေါ်စိုး သားလေးရဲ့နှုတ်ဆက်သံကို ကြားချင်မိသည်။အခုသားက ဒေါ်စိုးကို နှုတ်တောင်ဆက်မသွား။

“ သားရေ အငယ် အငယ် အမေ့ကို နှုတ်မဆက်တော့ဘူးလား အမေ့ကို နှုတ်ဆက်ပါဦး” ဒေါ်စိုးအော်ကာဟစ်ကာ သားကိုပြောပါသည်။ သို့သော် သားကတော့ ဒေါ်စိုးကို နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ရက်ပိုင်းအတွင်း သင်္ကြန်ကျတော့မည်။ ဒေါ်စိုးလိုပဲ တော်လှန်ရဲဘော်တွေရဲ့မိခင်တွေလည်း ကိုယ့်သား ကိုယ့်​သမီးလေးတွေကို မျှော်ရှာနေမည်မှာ သေချာလှပါသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။