close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရန်ကုန်အမှောင်မှာ အကောင်တွေရှိနေတယ်

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

Zack၊တာရာ/People’s Spring

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

အမှောင်ကျနေတဲ့ လမ်းတစ်နေရာမှာ တစ်ယောက် တည်း လမ်းလျှောက်နေတဲ့ သူ့ဘေးကို ကားတစ်စီး​ရောက်လာပြီးချက်ချင်းရပ်ကာ ကားတံခါးကိုဆွဲအဖွင့် သူထွက်ပြေးတာမြန်ခဲ့လို့ လွတ်မြောက်ခဲ့​ကြောင်း အထက်ပါလူငယ်ကဆိုပါတယ်။

ရပ်လိုက်တဲ့ကားပေါ်ကဆင်းလာတဲ့လူနှစ်ယောက်က ကားပေါ်ပြန်တက်ပြီး မြန်မြန်မောင်းထွက်သွားတယ်လို့ လည်း ကြုံခဲ့ရတဲ့ အခြေအနေကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်က ယခု​လပိုင်း ရန်ကုန်မြို့မှာပိုအတင့်ရဲလားတဲ့ စစ်တပ်ရဲ့ ​ပေါ်တာဆွဲတာ ၊စစ်သားသစ်စု​ဆောင်းတာတွေ ​ထဲကဖြစ်စဥ်တစ်ခုပါ။

ရန်ကုန်မြို့မှာ ညဦးပိုင်း အချိန်မှာပဲ အိမ်ရှေ့လမ်းပေါ်မှာ ထိုင်နေသူတွေ ၊​ဆေးလိပ်ထွက်​သောက်သူ ၊ အလုပ်ကပြန်လာတဲ့လူငယ်​တွေအမျိုးသား​တွေကိုစစ်သားက ရုတ်တရက်ဖမ်းဆီး​ခေါင်း​ဆောင်တာ ၊ ဘယ်သူမှန်းမသိသူ​တွေက လိုက်ဖမ်းတဲ့ဖြစ်ရပ်​တွေပိုများလာပါတယ်။

အနီးဆုံးမတ်လအတွင်းမှာကို တစ်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ တစ်ရာနီးပါးရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network (RSN) ကဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ လမ်းမပေါ်မှာသွားနေတုန်း အဖမ်းခံရသူ ၃၅ ဦးနဲ့ လမ်းဘေးထိုင်နေတုန်း အဖမ်းခံရသူ ၁၃ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

ဧပြီ၁ရက်ညပိုင်းကရန်ကုန်မြို့မှာနေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်တဦးကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ်ကို မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ပေမယ့် အဆက်အသွယ်မရဘဲ စစ်တပ်က ချက်ချင်း ရှေ့တန်း ပို့ခံရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

“ အချိန်က ၉ နာရီကျော်ကျော်လောက်ပဲရှိဦးမယ်။ ဆေးလိပ် ထွက်သောက်တာ။ သူတို့ကင်းလှည့်နေတဲ့အချိန်နဲ့တိုးတော့ ကားပေါ်ကို ဆွဲတင်သွားတယ်။ ချက်ခြင်းလိုက်တော့ ဘယ်တပ်ကဖမ်းမှန်းမသိဘူး။ ၃ ရက်နေ့လောက်‌ကျတော့ ဖုန်းရတယ်။ ရှေ့တန်းရောက်နေတာတယ်။ သူတို့ကမျက်လုံးကိုအဝတ်မည်းနဲ့စည်းပြီးခေါ်သွားတာလို့ ပြောတယ်။ ရခိုင်ဘက်မှာလို့ ပြောတယ်။ ဘေးကင်းပါစေလို့ပဲဆုတောင်းပေးရမှာပေါ့” လို့ ​ပေါ်တာဆွဲခံရတဲ့လူငယ်နဲ့တစ်မြို့နယ်တည်း​နေသူကပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက်(၂၇)နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ နဲ့ အရွယ်မရောက်သေးတဲ့ သားလေးတစ်ဦးရှိတယ်လို့ စုံစမ်းသိရပါတယ်။

အလားတူဧပြီ၂ ရက်ည ၉ နာရီအချိန်ခန့်ကလည်းအလုပ်ကနေအိမ်ပြန်လာတဲ့ လူငယ် တဦး Inno City အရှေ့နားမှာဖမ်းဆီးခံရပါတယ်။” အဲဒီကောင်လေးက အလုပ်ကနေပြန်လာတာ။ Inno City အရှေ့ကနေ ဒီဘက်ခြမ်းကို ကားလမ်းကူးတယ့်အချိန်မှာ ကားပေါ်ကဆင်းပြီး ဆွဲတင်သွားတာ။ ဟိုကရုန်းတာပေါ့။ အဲဒါကိုထုရိုက်ပြီး တင်သွားတာကားပေါ်ကို” လို့ မျက်မြင်တွေ့ခဲ့သူတဦးက People’s Springပြောပါတယ်။

စစ်​ကောင်စီက ရန်ကုန်မြို့မှာ မတ်လကစပြီးရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ တစ်ရက်ကို ဆယ်ယောက်ဆွဲခိုင်း​နေတယ်။ နေအိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်” လို့ စစိ​ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းအတွက်လူသစ်စုနိုင်ဖို့ ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်အောင် စုဆောင်းဖို့လည်း စစ်​ကောင်စီက ညွှန်ကြားထားတယ်လို့ သူကဆက်ပါတယ်။

ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

လက်တလော ရန်ကုန်မြို့မှာ နေ့စဉ် လူငယ်တွေ ဖမ်းဆီးခံရပြီးဆက်တိုက် ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မုံရွာ၊စလင်း ၊မန္တ​လေးစတဲ့​ဒေသ​တွေမှာလည်း ဒီရက်ပိုင်းမှာစစ်တပ်ကလူငယ်​တွေကို အဓမ္မ စစ်သားသစ်စု​ဆောင်း၊​ပေါ်တာဆွဲတာ​တွေပိုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဧပြီလမှာ စစ်မှုထမ်း အပတ်စဉ် (၂၄)အတွက်ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာပိုအတင်ရဲစွာလုပ်လာပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကစပြီး တောင်ဥက္ကလာမြို့နယ်မှာ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိနေပါတယ်။ဒါ့အပြင် ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေရဲ့စာရင်းကိုကောက်ယူနေပြီး စစ်မှုထမ်းဆင့်ခေါ်တာတွေရှိတာကြောင့်လူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်း ဥပဒေပြဌာန်းခဲ့တဲ့ ၂၀၂၄ ​ဖေ​ဖော်ဝါရီ ချိန်ကတည်းက စစ်တပ်က တရားဝင်လူဖမ်းပွဲတွေ ပြုလုပ်ခဲ့တာကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသက လူငယ်အများစုဟာမွေးရပ်တွေကို စွန့်ခွာခဲ့ကြတာပါ။

တချို့လည်း ပြည်ပနိုင်ငံတွေအထိ သွားလာသူတွေရှိသလို တချို့လည်း ကိုယ့်ရပ်ရွာမှာ မနေရဲတာကြောင့် အဆင်ပြေသလို လုပ်ကိုင်စားသောက်နေကြရတာပါ။

စစ်မှုထမ်းအပတ်စဉ်တစ်ခုအတွက် လူအရေအတွက် ငါးထောင်သတ်မှတ်ထားတာဖြစ်တာကြောင့် အရေအတွက်မပြည့်တာတွေ အတွက် လမ်းပေါ်မှာ လူဆွဲပွဲတွေပြုလုပ်နေတာပါ။

“ အခုကစစ်တပ်ကဆွဲတာလား။ပျူစောထီးလား၊ လူမိုက်တွေလား မသဲကွဲဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူပဲခံရတာ ” လို့ လက်ရှိလူဖမ်းပွဲတွေအပေါ် အသက် သုံးဆယ်ကျော် အမျိုးသားတစ်ဦးက မှတ်ချက်ပေးပါတယ်။

စစ်တပ်ရဲ့ စစ်မှုထမ်းအကြောင်းပြဖမ်းဆီးခံရပြီဆိုရင်ပြန်ရွေးဖို့အနည်းဆုံးငွေကျပ်သိန်း ၇၀ လောက်အထိ ပေါက်ဈေးရှိတယ်လို့ စုံစမ်းသိရပါတယ်။

ဒါကြောင့်လည်း လမ်းမပေါ်မှာ လူတွေကို ဖမ်းပြီး စစ်တပ်ကိုရောင်းစားတာ ၊ မိသားစုဝင်တွေကို ညှိနှိုင်းတဲ့ဖြစ်စဉ်တွေကြုံနေကြရတာပါ။ရန်ကုန်မှာမတ်လဆန်းက ​နောက်အိမ်​ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကို သိန်း ၅၀ နဲ့​ရောင်း

စားတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။မိခင်ကိုလုပ်​ကြွေး​နေတဲ့ သားကို ​နောက်အိမ်​ထောင်ပြုထားတဲ့ဖခင်က ​ရောင်းစားခဲ့ပြီး သားဖြစ်သူဟာစစ်သင်တန်းမှာ ထွက်​ပြေးတယ်ဆိုပြီးစစ်သား​တွေကရိုက်နှက်နှိပ်စက်တာ​ကြောင့်​သေဆုံးသွားပါတယ်။ မိခင်ဖြစ်သူဟာ သားဖြစ်သူသတင်းကြားပြီး နှလုံး​​ဖောက်လို့​သေဆုံးခဲ့ပါတယ် ။

ရန်ကုန်မြို့ကြီးမှာ​တောင်ဒီလိုသတင်း​တွေဟာ စစ်အုပ်စုဖန်တီးထားတဲ့ အ​ယောင်​​ဆောင်​ပျော်ပွဲရွှင်ပွဲ​တွေ​အောက်မှာ ​ပျောက်ကွယ်​နေပါတယ်။

ဒါ့အပြင် ပြည်သူ​တွေကလည်းကိုယ့်မိသားစုဝင် အဖမ်းခံရရင် ​ငွေနဲ့လိုက်ပြီးပြန်​ရွေးထုတ်နိုင်ဖို့ ဦးစား​ပေးလုပ်ကြပါတယ်။သတင်းထွက်ရင် အဖမ်းခံရသူ ပြန်ထုတ်မရမှာ ၊အဖမ်းခံရသူ ပိုဒုက္ခ​ရောက်မှာစိုးလို့တက်နိုင်သမျှသတင်းမထွက်​အောင်​လုပ်ကြပါတယ်။အဲဒီလိုပွင့်ပွင့်လင်းလင်းမပြောရဲတော့တာကြောင့် ပိုအတင့်ရဲလာကြတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ စစ်တပ်က ရန်ကုန်မြို့မှာ ​ဘုရားပွဲ၊ ​ဈေးပွဲ ၊ရာသီအလိုက်ပွဲ​တော် စသဖြင့် ​ခေါင်း

စဥ်မျိုးစုံ နဲ့ ​ပျော်ပွဲရွှင်ပွဲ​တွေကို မပြတ်ပြုလုပ်ခိုင်း​နေပါတယ် ။ဒါ့အပြင် ဘားတွေ ကလပ်တွေကို လည်းလွတ်လပ်ခွင့်တွေ အပြည့်ပေးထားတာပါ။

“ တကယ်တမ်းစစ်မှုထမ်းလူလိုရင်ဘားတွေ ကလပ်တွေ ဝင်ဖမ်းတာနဲ့တင်ရတယ်။အဲဒါကျမထိရဲကြဘူး” လို့ ပြည်သူတစ်ဦးကရင်ဖွင့်ပါတယ်။

စစ်တပ်က ပျော်ပွဲရွှင်ပွဲတွေကို လွှတ်ပေးထားတာက ပြည်သူတွေ နိုင်ငံရေးဘက်မလှည့်နိုင်အောင် ဖြစ်သလို တိုင်းပြည်ပုံမှန်အခြေအနေ ရှိနေတယ်ဆိုတာကိုလည်း ပြသချင်တာကြောင့်ပါ။ဒါအပြင် ​တော်လှန်နယ်​မြေက ရဲ​ဘော်​တွေကို စစ်​ကောင်စီကမြူဆွယ်ချင်တာ​ကြောင့်လည်းဖြစ်တယ်လို့ စစ်​ကောင်စီ တပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

တဖက်မှာ​တော့ အမှောင်ကို အားကိုးပြီး အလုပ်ကပြန်သူ ၊အိမ်​ရှေ့ထွက်​မိသူ ၊ဧည်စာရင်းအ​ကြောင်းပြ ​ပြီး​ပေါ်တာဆွဲခံရတာ ၊စစ်သားသစ်စု​ဆောင်းခံရတာများလာတာဖြစ်ပါတယ် ။အမှောင်မှာ လူမသိ သူမသိ ထိုးကျွေးခံရတဲ့ လူငယ်တွေရဲ့ အရေအတွက်က အတည်ပြုနိုင်ဖို့တောင် ခက်ခဲပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ ညဘက်တွေမှာ အသွားအလာတွေ သတိထားနေထိုင်ဖို့ အမည်မသိအမျိုးသား ၂ ဦးက ကား​နဲ့လာပြီးဆွဲ​ခေါ်တာက​နေ ထွက်​ပြေးလွတ်​မြောက်ခဲ့တဲ့တာမွေမြို့နယ်က လူငယ်က အခုလိုအကြံပြုထားပါတယ်။

“ အမှောင်တွေများလာပြီညိုကီတို့ အမှောင်တွေမှာအကောင်တွေရှိတယ် သတိထားသွားလာကြပါ။”

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

သတင်း

စစ်​ကောင်စီက ရက် ၅၀ စာစက်သုံးဆီရှိတယ် ဆို​ပေမယ့်ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်အချို့ဟာ ဆီကုန်​နေလို့ ဓာတ်ဆီ 92 နဲ့ 95 တွေကို အရောင်းရပ်ထားပြီး မတ် ၂၆ ရက်မှ ပြန်ရမယ်လို့ ကြေညာထားပါတယ်။

သတင်း

ပြည်တွင်းမှာ စက်သုံးဆီကိစ္စအပါအဝင် ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။