ယောနသံ/People’s Spring
MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်းဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။
သမ္မတရာထူးယူပြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေကို စိတ်ကြိုက်အပြောင်းအလဲလုပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်အဖြစ် ဗိုလ်ချုပ်စိုးလှိုင်ကို ခန့်အပ်လိုက်တာပါ။
ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်စိုးလှိုင်ကို ရဲတပ်ဖွဲ့ရဲချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း မင်းအောင်လှိုင်က ဧပြီလ ၁၀ရက်မှလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။

Public Service Announcement
” ရဲတပ်ဖွဲ့ကတော့ စစ်ဖိနပ်အောက်မှာပဲသက်ဆိုးရှည်ပြန်ပြီ” ဗိုလ်ချုပ်စိုးလှိုင်ရဲချုပ်ဖြစ်လာတဲ့အပေါ်ရဲမှူးကြီးအငြိမ်းစားတစ်ဦးက ဝေဖန်တာဖြစ်ပါတယ်။
“ သူက ငကြောက်ဗျ။ ခိုင်းတာပဲ လုပ်မယ့်ကောင်” လို့ ၎င်းက ဆက်ပြောပါတယ်။
ဗိုလ်ချုပ်စိုးလှိုင်ဟာ ၂၀၂၃ခုနှစ်အောက်တိုဘာလမှာ MNDAAက ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်စဉ် မူဆယ်အခြေစိုက် တပ်မ(၉၉) တပ်မမှူးအဖြစ်ရှိနေသူပါ။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာလားရှိုးမြို့နဲ့အရှေ့
မြောက်တိုင်းစစ်ဌာနချက်(ရမခ)ကို MNDAA ကသိမ်းယူပြီး တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို ဖမ်းဆီးခဲ့ပါတယ်။
ရမခတိုင်းမှူးအဖြစ် ဗိုလ်ချုပ် စိုးလှိုင်ကိုစစ်ကောင်စီကအစားထိုးတာဝန်ခဲ့ပေမယ့်လုံခြုံရေးအကြောင်းပြပြီး လားရှိုးမြို့ကိုမလာခဲ့ပါဘူး။ ရမခကို သိမ်းယူပြီးနောက်ပိုင်း မူဆယ်ကို မဟာမိတ်တွေက တိုက်တော့မယ်လို့သတင်းတွေထွက်နေချိန်မှာ မြို့တဖက်ကမ်းက တရုတ်နိုင်ငံရွှေလီမှာ သွားရောက် တိမ်းရှောင်နေခဲ့ရတယ်လို့သတင်းတွေလည်းထွက်ခဲ့ပါတယ်။MNDAA လက်ထဲအဖမ်းမခံရအောင် ကြံဖန်ခဲ့တာဖြစ်ပါတယ်။
“ အဲဒီအချိန်တုန်းကဟတ်စကီးလည်းဆင်းမရ၊ကုန်းလမ်းကနေလည်းလာလို့မရဘူးဆိုပြီး သူက ရှောင်ထွက်သွားတာ။လူပါး။ အရမ်းကြောက်တတ်တယ်” လို့ ဗိုလ်ချုပ် စိုးလှိုင်တယောက် အရှောင်အတိမ်းကောင်းပုံကို ရှမ်းမြောက် စစ်ရေးသတင်းရင်း
မြစ်က မှတ်ချက်ပြုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးနယ်မြေတွေမှာ စစ်တပ်ထိပ်တန်းအရာရှိတွေ သေသူသေ၊ စစ်သုံ့ပန်းဖြစ်သူကဖြစ်နေချိန် ဗိုလ်ချုပ်စိုးလှိုင်ဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် နေရာပြန်ရခဲ့ပါတယ်။ အဲ့ဒီနောက် အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် လအနည်းငယ် တာဝန်ယူခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်အဖြစ် ဒီနေ့မှာသမ္မတဘွဲ့ခံလိုက်တဲ့ စစ်ခေါင်းဆောင်က မြှောက်စားလိုက်တာပါ။
သူ့မတိုင်ခင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးကတော့ ကျားဖြန့်ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်ကနေ ဖမ်းခိုင်းတဲ့စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိစာရင်းမှာပါတဲ့အတွက် စစ်အုပ်စု ဖမ်းဆီးထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သတင်းတွေထွက်ခဲ့ပါတယ်။
ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျပြီးတဲ့နောက် ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲတပ်ဖွဲ့ ရဲချုပ် နီလင်းအောင်နေရာကို အစားထိုးဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
ရမခ ခုခံစစ်ကိုတိုက်ရိုက်ညွှန်ကြားခဲ့တဲ့အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီက ရာထူးကနေထုတ်ပယ်ပြီးရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို စစ်ကောင်စီကအစားထိုးခဲ့တာပါ။ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အဲ့ဒီအချိန်က ဒုတိယရဲချုပ်(၁)ဖြစ်ပြီး ရဲချုပ်ရာထူးကို လွှဲပြောင်းယူခဲ့တာပါ။ ၁ နှစ်ကျော်အကြာမှာ ဖမ်းဆီးခံရတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်ဖိအားကို မလွန်ဆန်နိုင်တဲ့ စစ်ခေါင်းဆောင်က ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးကို ရဲချုပ်ရာထူးကနေ ဖယ်ရှားပေးလိုက်ရပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အရင်းအမြစ်တွေနဲ့ မိသားစုအကျိုးစီးပွားထူထောင်ထားတဲ့ စစ်ခေါင်းဆောင်က ပုလင်းတူဗူးစို့တပည့်တပန်းတွေကို သူ့ဖွဲ့တဲ့ အစိုးရအဖွဲ့ထဲထည့်ပြီး စားပေါက်ပြန်ဖွင့်ပေးနေသလို ကျားဖြန့်တရားခံရဲချုပ်ပြုတ်ကိုလည်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပြန်ခန့်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် ၅နှစ်အတွင်းမှာ ရဲချုပ်နေရာ မတည်ငြိမ်ခဲ့ဘဲနဲ့ ငါးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
အာဏာသိမ်းတဲ့၂၀၂၁ ဖေဖော်ဝါရီလကနေ၂၀၂၂ မေလအထိ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ၂၀၂၂ မေလကနေ ၂၀၂၃ ဇူလိုင်လအထိ ဗိုလ်ချုပ်ကြီးဇင်မင်းထက်၊၂၀၂၃ ဇူလိုင်လကနေ ၂၀၂၄ဩဂုတ်လအထိ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ၂၀၂၄ဩဂုတ်လကစပြီးဒုတိယဗိုလ်ချုပ်ကြီးဝင်းဇော်မိုးနဲ့ ယနေ့ကစပြီး ဗိုလ်ချုပ် စိုးလှိုင်တို့က ရဲချုပ်အဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ရွေးကောက်ခံအရပ်သားအစိုးရ NLDအစိုးရလက်ထက်က ရဲစစ်စစ်တွေဟာ ရဲချုပ်ဖြစ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဘက်အရာရှိတွေကိုပဲ ရဲချုပ်အဖြစ် နေရာပေးခဲ့တာဖြစ်ပါတယ်။ စစ်ဖိနပ်အောက်က ရဲတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရထားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ၊ စစ်ရာ
ဇဝတ်မှုကျူးလွန်တာတွေမှာ လက်တွဲနေခဲ့ပြီး ပြည်သူ့ချဥ်ဖတ်ဖြစ်နေပါတယ်။
ရဲချုပ်အသစ်စက်စက် ဗိုလ်ချုပ်စိုးလှိုင်ရဲ့ နေပြည်တော်ခရီးစဉ်ကတော့ တချို့သောစစ်ဗိုလ်ချုပ်တွေနဲ့မတူဘဲ ဖြောင့်ဖြူးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေချိန် တရုတ်အစိုးရအကာအကွယ်ရှိနေတဲ့ မူဆယ်မြို့မှာ နောက်ကျောလုံလုံနေနိုင်ခဲ့ပါတယ်။ မူဆယ်ကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်တော့မယ်လို့သတင်းထွက်လာချိန်မှာတော့ တရုတ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ရွှေလီမှာ ယာယီခိုလှုံခဲ့ပါတယ်။ အဲ့ဒီကနေ တိုက်ပွဲတွေလုံးဝမရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးရာထူးနဲ့ ဟန်ကျခဲ့ပါတယ်။ အခုတော့ စစ်တပ်ရဲ့ အကာ
အကွယ်အပြည့်ရထားတဲ့ နေပြည်တော်ရဲ့ ရဲချုပ်ရုံးက အမြင့်ဆုံးထိုင်ခုံပေါ် သက်တောင့်သက်သာ တက်ထိုင်ခွင့် ရသွားပြန်ပြီဖြစ်ပါတယ်။



















































