close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အမိမဲ့သားရေနည်းငါး မိုးကုတ်

လူထုကိုလုံလောက်တဲ့အသိပေးတာမရှိဘဲ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်လက်ထဲ ပြန်ထည့်လိုက်တဲ့ TNLAရဲ့ အစီအစဉ်ကြောင့် မြို့ခံတွေ နာကျင်ခံခက်အခြေအနေရင်ဆိုင်နေကြရပါပြီ။

နိုဝင်ဘာ ၂၉ ရက် ည​နေနဲ့ ညဦးပိုင်းမှာ စစ်တပ်ကားတန်းမိုးကုတ်မြို့ထဲဝင်လာစဥ်။ ဓါတ်ပုံ-​ဒေသခံ

ကဖေး/People’s Spring

လူထုကိုလုံလောက်တဲ့အသိပေးတာမရှိဘဲ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်လက်ထဲ ပြန်ထည့်လိုက်တဲ့ TNLAရဲ့ အစီအစဉ်ကြောင့် မြို့ခံတွေ နာကျင်ခံခက်အခြေအနေရင်ဆိုင်နေကြရပါပြီ။

စစ်တပ်ယာဉ်တန်းတွေ မြို့ကိုဝင်လာတဲ့မြင်ကွင်းဟာ အသဲနှလုံးကို ဆားနဲ့ပက်သလို ခံစားရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးကရင်ဖွင့်ပါတယ်။ အဲဒီမြင်ကွင်းဟာ ဒီနေ့ နိုဝင်ဘာလ၂၉ရက်ညနေစောင်းမှာ ​ပေါ်​ပေါက်လာခဲ့တာပါ။ တစ်ချိန်တည်းမှာ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

“ ကျ‌မလေ ရူးသွားချင်တယ်။ ဒါက ကျမတို့လုံးဝမမျှော်လင့်ခဲ့တဲ့မြင်ကွင်း။ ရွံတယ်။ TNLAဟာ အဆုံးစွန်အထိရက်စက်ခဲ့တယ်” လို့ မိုးကုတ်မြို့ကနေ တိမ်းရှောင်ခဲ့ရတဲ့အဲဒီအမျိုးသမီးက အသံတုန်တုန်ရီရီနဲ့ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက အသက် ၅၀ခန့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLAက မိုးကုတ်မြို့ကိုသိမ်းယူတဲ့တိုက်ပွဲမှာ စစ်ကောင်စီဗုံးကြဲလို့ သူ့အိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။ သူလည်း မြို့ကနေထွက်ပြေးခဲ့ရပါတယ်။ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်ဘဝကနေ အိုးမဲ့၊အိမ်မဲ့၊အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ ဒါ​ပေမယ့်တော်လှန်ရေးအင်အားစုတွေက မြို့ကိုအပြည့်အဝထိန်းချုပ်လိုက်ချိန်မှာ ဇာတိကိုပြန်လာခဲ့ပါတယ်။အောင်ပွဲရတော်လှန်ရေးရဲဘော်တွေကို တစ်မြို့လုံးကထွက်ပြီးကြိုခဲ့တဲ့အထဲမှာ သူလည်း ရှေ့ဆုံးကနေပါခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကြုံရာအလုပ်လုပ်ရင်း ရုန်းကန်နေခဲ့ပါတယ်။ အခုတော့ TNLAက မြို့ခံတွေ၊ တော်လှန်ရေးအင်အားစုတွေကသဘောမတူတဲ့ကြားက မိုးကုတ်မြို့ကို စစ်ကောင်စီလက်ထဲကိုအပ်လိုက်ပြီဖြစ်ပါတယ်။

ပတ္တမြားမြေလို့နာမည်ကြီးတဲ့ မိုးကုတ်မြို့မှာ သူ့လို စစ်အာဏာရှင်ကိုမုန်းတီးပြီး တော်လှန်ရေးအင်အားစုတွေကိုထောက်ခံခဲ့တဲ့ မြို့ခံတွေ အရေအတွက်သောင်းချီရှိပါတယ်။ တစ်ဦးချင်းဟာ ရင်ဘတ်တွေ တဆစ်ဆစ်နာကျင်နေလိမ့်မယ်လို့သူက ပြောပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းမှာ၂၀၂၄ ဇူလိုင်လမှာ မိုးကုတ်မြို့ကိုသိမ်းယူပြီးတဲ့နောက်ပိုင်း အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲမှာတ​အာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(TNLA)တပ်ဖွဲ့ဝင်​တွေ အသက်​သွေး​​ချွေး​တွေရင်းနှီးခဲ့ရသလို ၊PDF ​တွေရဲ့အသက်​သွေး​ချွေး​တွေစ​တေးပြီး မြို့ကိုသိမ်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲကာလတုန်းကမြို့ကိုစစ်ကောင်စီက ဗုံးကြဲခဲ့သလို နောက်ပိုင်းကာလတွေမှာလည်း လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံပြည်သူတွေ ရာချီသေဆုံးခဲ့ပါတယ်။ နေအိမ်အဆောက်အအုံအများအပြားလည်းပျက်စီးခဲ့ပါတယ်။ဒေသခံပြည်သူ​တ

ချို့​ရွေ့​ပြောင်းသွားကြသလို ၊​မြို့ထဲမှာပဲဆက်​နေကြတဲ့ပြည်သူ​တွေလည်းရှိပါတယ် ။

အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ကြိုးပမ်းနေဆဲကာလမှာတင် TNLAအပြင် ဝတပ်ဖွဲ့(UWSA)နဲ့ ဆက်စပ်တဲ့ကုမ္ပဏီတွေကပါ မိုးကုတ်မြို့ရဲ့ပတ္တမြားနဲ့ တခြားသယံဇာတတွေကိုတူး ဖော်ခဲ့ကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ မြို့ကို စစ်ကောင်စီလက်ထဲကိုပြန်အပ်တော့မယ်လို့ TNLAက ကြေညာပြီးတဲ့နောက်ပိုင်း သတ္တုတူးတူးဖော်ရေးကုမ္ပဏီတွေအားလုံး နိုဝင်ဘာလယ်ပိုင်းမှာ အသီးသီးပြန်ထွက်ခွာသွားကြပြီဖြစ်ပါတယ်။

“ ကျမတို့ မြို့ကိုလေကြောင်းကနေ ဗုံးကြဲနေတုန်းက အဲဒီ သတ္တုတူးနေတဲ့နေရာတွေကို မကြဲဘူး။ နိုင်ငံရေးက မရိုးသားဘူး။ စစ်အာဏာရှင်စရိုက်နဲ့ မိုးကုတ်ကို ခြယ်လှယ်သွားတာ” လို့ မြို့ခံတစ်ဦးကသူ့အမြင်ကိုပြောပါတယ်။

TNLAကမိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့အောက်တိုဘာလ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက် မိုးကုတ်မြို့ကိုကာကွယ်မယ်လို့ မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေအပါအဝင်မြို့ပတ်ဝန်းကျင်ကို ရောက်ရှိခဲ့ပါသေးတယ်။ ဒေသခံတွေကလည်း စစ်အာဏာရှင်လက်ထဲကို မြို့ပြန်မရောက်ရေးအတွက် သူတို့ရဲ့နောက်ဆုံးကောက်ရိုးမျှင်ကိုဆွဲကိုင်ခဲ့သေးတာပါ။

မိုးကုတ်မြို့အရေးမှာ တရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ TNLAက ပြန်အပ်မယ်ဆိုတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြို့ခံတွေက နိုဝင်ဘာလ၆ရက်နေ့ ည၈နာရီတိတိမှာ သံပုံးတီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၂ နောက်ပိုင်း တစ်ကျော်ပြန်ပြန်ကြားရတဲ့ အာဏာရှင်မုန်းတီးရေး သံပုံးသံတွေဖြစ်ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလလယ်ပိုင်းမှာ TNLAကသူတို့အနေနဲ့ မြို့ကို စစ်တပ်လက်ထဲအပ်မှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုံစံမျိုးစုံနဲ့ တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီး ဒီနေ့မှာတော့ အလံတလူလူလွှင့်ပြီး ဝင်လာတာလို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့ပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေသေးသလို တိုက်ပွဲတွေဖြစ်နိုင်တယ်လို့လည်းသုံးသပ်ချက်တွေရှိနေပါသေးတယ်။ မြို့ဟာ လူသူကင်းရှင်းပြီး ဒေသခံတွေဟာ သူတို့ချစ်တဲ့ဇာတိကို ထားရစ်ပြီး ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရပါတယ်။TNLAနဲ့ ပူးပေါင်းတပ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ်က ထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြရသလို အခုတစ်ကြိမ် TNLAပြန်အဆုတ်၊ စစ်ကောင်စီက ပြန်အဝင်မှာလည်း နောက်တကြိမ်ထွက်ပြေးရတာဖြစ်ပါတယ်။

TNLAရဲ့လုပ်ရပ်နဲ့ လက်ရှိ အခြေအနေတွေအပေါ် ဒေသခံတွေက စိတ်ပျက်နေကြပြီး ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။မြို့ကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူနိုင်ခဲ့ချိန်က တစ်မြို့လုံးအောင်ပွဲခံခဲ့ကြတာပါ။ ဒါကို စစ်အုပ်စုကအငြိုးအတေးထားနေပါတယ်။ ဒါကြောင့်လည်း ဒေသခံတွေဟာ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ် ၊​ကောက်ကျစ်စဥ်းလဲလာနိုင်ခြေကို ကြိုတင်တွက်ဆပြီး စိုးရိမ်နေကြပါတယ်။

TNLAက မိုးကုတ်မြို့နဲ့အတူ၁၀၂၇ စစ်ဆင်ရေးမှာသိမ်းယူခဲ့တဲ့ မိုးမိတ်မြို့ကိုလည်း စစ်ကောင်စီထံပြန်အပ်ဖို့ သဘောတူထားပါတယ်။မိုးကုတ်နဲ့မိုးမိတ်မြို့ဟာ မိုင်၃၀ခန့်ဝေးပြီး နယ်မြေချင်းဆက်

စပ်နေပါတယ်။တရုတ်နိုင်ငံကူမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးပြီးတဲ့နောက် သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ TNLAက အောက်တိုဘာလ၂၉ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ TNLAနဲ့ စစ်‌ကောင်စီ အပေးအယူအနေနဲ့ တအာင်းဒေသကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိသည့်နေရာမှာ တပ်တွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးခဲ့တာပါ။

မိုးမိတ်မြို့ထဲကိုလည်း နိုဝင်ဘာလ၂၅ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေလိုက်ပါလာတဲ့ကားအချို့ဝင်ရောက်လာပြီး နေအိမ်အချို့မှာ တပ်စွဲထားတယ်လို့ မြို့ခံတွေကပြောပါတယ်။ မိုးကုတ်နဲ့ မိုးမိတ်မြို့မှာTNLAနဲ့စစ်ကောင်စီဆက်ဆံရေးရုံးလည်း ဖွင့်ထားတယ်လို့သိရပါတယ်။

လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့TNLAက သတင်းထုတ်ပြန်ထားခြင်းမရှိသလို သူတို့ရဲ့ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

“ ရေမရှိတော့တဲ့ရေကန်ထဲကငါးတွေကိုမြင်ယောင်ကြည့်စမ်းပါဗျာ။ ကျနော်တို့ မိုးကုတ်က အပျောတမ်းကစားကွင်းမဟုတ်ပါဘူး” လို့ တိုက်ပွဲတွေကြောင့် မြို့ကနေနှစ်ကြိမ်မြောက်ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ လူငယ်တစ်ဦးက စိတ်ပျက်လက်ပျက်ပြောပါတယ်။

ဆက်စပ်သတင်းများ