ကဖေး/People’s Spring
ကောင်းမှုဖြစ်ဖြစ်၊မကောင်းမှုဖြစ်ဖြစ်လုပ်တဲ့သူဟာ သူပြုလုပ်တဲ့ကံအတိုင်း အကျိုးပေးတက်တယ်လို့ ဘာသာတရားအဆုံးအမကဆိုပါတယ်။ “ရှေးကဝိပါက် ခုနစ်ရက်၊ ကာလဝိပါက် နောက်ပိုးတက်”ဆိုပြီး ရှေးလူကြီးတွေကပြောကြပါတယ်။
ကာလဝိပါက် နောက်ပိုးတက်ဆိုတာကတော့ကျူးလွန်ခဲ့တဲ့လုပ်ရပ်အတွက် ထက်ကြပ်မကွာ လိုက်ပြီး အကျိုးပေးတာလို့ဆိုပါတယ်။
ကလေးငယ်တွေပါဝင်ခွင် လူစုလိုက်အပြုံလိုက်ကိုသတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ကတော့ ကာလဝိပါက်နောက်ပိုးတက်အဖြစ်ကို အခြားဗိုလ်ချုပ်တွေထက် မြန်မြန်ဆန်ဆန်ရင်ဆိုင်နေရပါပြီ။

Public Service Announcement
ဒီတစ်ခါအလှည့်ကျတာကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကြောင်းပြုတ်တဲ့အထိ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ကြုံရပြီးတဲ့နောက်နမခတိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးကို စစ်အုပ်စုကဖမ်းဆီးပြီး တိုင်းမှူးအသစ်အစားထိုးလိုက်ပါတယ်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို ဖမ်းဆီးပြီး ဥစတလို့ခေါ်တဲ့ စစ်ဦးစီးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရ ကို နမခတိုင်းမှူးအဖြစ်ခန့်အပ်လိုက်တာပါ။ စစ်ကိုင်းတိုင်းမှာ PDF တွေကို စစ်တပ်ကအကြိမ်ကြိမ် စစ်ရှုံးနေတဲ့အပေါ် အာဏာသိမ်းခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က သည်းမခံနိုင်တော့တာလို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
“ ဒါတွေကနိုဝင်ဘာလနှောင်းပိုင်းမှာတင် ဆက်တိုက်ဖြစ်တာ။ဗိုလ်မှူးချုပ်မျိုးမင်းထွေးက စုံခုံကျတယ်။ လာဘ်စားတာအဓိကမဟုတ်ဘူး။ စစ်ဆင်ရေးတွေမှာရှုံးတာကအဓိက။ သူ့နေရာကို ဥစတကျောင်းအုပ်ဝင်တယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က လူထုနွေဦးကိုပြောပါတယ်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAAက ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းဖြစ်ပါတယ်။လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAကသိမ်းတဲ့တိုက်ပွဲမှာတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကိုလည်း MNDAAက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီပြန်လွှဲပေးခဲ့တာပါ။ ပြန်လွတ်လာပြီးလပိုင်းအကြာ နမခ တိုင်းမှူးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ တာဝန်ပေးခံရပါတယ်။
စစ်သုံပန်းအဖြစ်ကိုယ်တိုင်အကျဉ်းကျခဲ့ဖူးပေမယ့် စာနာမှုမရှိတဲ့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ နမခ တိုင်းမှူးရာထူးနဲ့စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့မှာစစ်တပ်ကအရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ တိုင်းမှူးတာဝန်ယူပြီးတဲ့နောက်ပိုင်း အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတခုကိုပြပါဆိုရင်ပြီးခဲ့တဲ့သတင်းကျွတ်လပြည့်ညမှာ ကလေးငယ်တွေအပါအဝင် ဆီးမီးထွန်းနေသူတွေကို အစုလိုက်အပြုံလိုက်သေအောင် ကျူးလွန်ခဲ့တာပါ။
မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို ဗုံးကြဲဖို့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးက အမိန့်ပေးခဲ့ပါတယ်။ သူ့အမိန့်ကြောင့် လပြည့်ညဟာ သွေးချင်းချင်းနီးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါးသေဆုံး၊ ၄၀ကျော်ဒဏ်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူတွေ ဆေးကုနေတဲ့နေရာကိုလေကြောင်းကနေ ဗုံးထပ်ကြဲလို့ သေဆုံးဒဏ်ရာရသူတွေထပ်တိုးခဲ့ပြန်ပါတယ်။
အညာဒေသဟာ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးမှုတွေနဲ့အတူ ကြံ့ကြံ့ခိုင်ရင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ လက်ရှိနိုဝင်ဘာလထဲမှာ စကားတိုင်းထဲက ကန့်ဘလူ၊ မော်လိုက်၊ ခင်ဦး၊ ဝက်လက်မြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတချို့ကို PDF၊ ပကဖ နဲ့ ပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်တဲ့အထိအကြိမ်ကြိမ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၁၇ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က ရဲ့ စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေကစီနင်းတိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကိုလည်းဖမ်းဆီးခဲ့ပါတယ်။
မော်လိုက်ခရိုင်မှာ ပြီးခဲ့တဲ့အောက်တိုဘာလကစတင်ခဲ့တဲ့ သိမ်းငှက်စစ်ဆင်ရေးမှာလည်း စစ်ကောင်စီရဲ့စခန်း ၈ခုနဲ့ ကျေးရွာ ၁၇ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
တပ်မ(၃၃) လက်အောက်ခံတပ်ရင်းတွေလည်း စစ်ကိုင်းတိုင်းမှာ ဆက်တိုက်အထိနာနေပါတယ်။နိုဝင်ဘာလ၂၃ရက် မနက်ပိုင်းကလည်း ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံရွာဘက် တက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို PDF၊ပကဖ အထူးစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ ထိခိုက်သေဆုံးသူများပြားခဲ့ပါတယ်။အဲ့ဒီနေ့ကပဲ ဝက်လက်မြို့နယ်ပုဏ္ဏားရွာမှာ စစ်ကောင်စီစစ်ကြောင်းပျက်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
နိုဝင်ဘာလ၁၂ရက်နေ့ကလည်း တပ်မ(၃၃)နဲ့ ပျုစောထီးပူးပေါင်းစစ်ကြောင်းတစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာ နဲ့ ခင်ဦးမြို့နယ် ရှားတောရွာကြားမှာ PDF ၊ ပကဖနဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ စစ်ကြောင်းပျက်ခဲ့ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကိုစစ်ရှုံးတဲ့ ဗိုလ်ချုပ်တွေ၊ဗိုလ်မှူးချုပ်တွေကို စစ်အုပ်စုကအရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်းလမ်းကော်ငတိုက်ပွဲတွေမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေကိုစစ်ရှုံးတဲ့တပ်မ(၉၉)ကိုတက်မမှူးဗိုလ်မှူးကြီးတင်မောင်ကျော်ကိုလည်း ပြီးခဲ့တဲ့မတ်လထဲမှာ စစ်ကောင်စီကဖမ်းဆီးခဲ့ဖူးပါတယ်။ ဗိုလ်မှူးကြီးတင်မောင်ကျော်ဟာစစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းရဲ့ စစ်ဗျူဟာမှူးကနေ တပ်မ(၉၉) တပ်မမှူးဖြစ်လာပြီး လအနည်းငယ်အကြာမှာပဲ စစ်ရှုံးလို့ပြန်လည်ဖမ်းဆီးခံရတာပါ။
MNDAAရဲ့လားရှိုးမြို့သိမ်းတိုက်ပွဲတုန်းက အရှုံးကြီးရှုံးခဲ့တဲ့ အမှတ်(၂)စစ်ဆေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို အာဏာသိမ်းခေါင်းဆောင်က အရေးယူခဲ့ဖူးပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတစ်ယောက်ပျောက်ခြင်းမလှပျောက်နေပါတယ်။
လေကြောင်းကိုသာ အဓိကထားနေရပြီးမြေပြငတိုက်ပွဲတွေမှာဆက်တိုက်အထိနာနေတဲ့ အခြေအနေတွေ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကြောင့်ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာ လူတောမတိုးတော့တဲ့ စစ်တပ်အရာရှိတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရင်ဆိုင်နေရပြီလို့ လေ့လာသူတွေကဆိုပါတယ်။
“ အာဏာမသိမ်းခင်ကအထိတော့ ဗိုလ်ကြီးအဆင်းလောက်ကတင် တော်တော်လေးဟန်ကျနေတာ။အခုတော့ဘာရာထူးဘာကောင်ကြီးဖြစ်ဖြစ် လူတောမတိုးတော့တာသူတို့သိတယ်။နယ်တွေမှာသူတို့အလှူ လှူပြီဆိုရင်တောင် ရာထူးတွေဖြုတ်ပြီးမှ နာမည်ခံရဲတာ။ လေကြောင်းကနေဗုံးကြဲတဲ့ ပိုင်းလော့တွေရဲ့ ကလေးတွေဆိုရင် အစိုးရ ကျောင်းပဲဖြစ်ဖြစ်၊ international ကျောင်းပဲဖြစ်ဖြစ် အခန်းထဲမှာ ခွဲခြားဆက်ဆံခံနေရပြီ။ ဒီအကျိုးဆက်တွေကြောင့်ကျတော်တို့စစ်တပ်ကကောင်တွေသိမ်ငယ်နေကြရတယ်။ လုပ်ရပ်တွေအဓိပ္ပါယ်မရှိတာ သိသိကြီးနဲ့ ကြိတ်မှိတ်ပြီးမိုက်လုံးကြီးနေကြတာ” လို့ စစ်တပ်ကနေ ၂၀၂၀ ခုနှစ်မတိုင်မီက ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့သူ တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့တဲ့ အခြေအနေကိုတိုးရှိုပေါက်မြင်စေတဲ့ဖြစ်ရပ်တစ်ခုလည်းပြီးခဲ့တဲ့ရက်အနည်းငယ်မှာဖြစ်ပွားခဲ့ပါတယ်။
တိုက်လေယာဉ်နဲ့ဗုံးကြဲနေတဲ့လေယာဥ်မှူးတွေပင်ပန်းနေပြီး အကြိမ်ရေလျှော့ ပျံသန်းဖို့တင်ပြတဲ့ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို စစ်ကောင်စီကအနားပေးခဲ့တာပါ။ လေယာဥ်မှူးတွေက ကိုယ့်ပြည်သူတွေကို ဗုံးကြဲသတ်နေတာ ရက်ပေါင်းများစွာမရပ်မနားလုပ်နေခဲ့ပြီးနောက်သူတို့ ပင်ပန်းနေပြီလို့ ငြီးတွားရတဲ့အဆင့်တောင်ရောက်ကုန်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့်လည်း တိုက်လေယာဉ်မောင်းနေချိန်မှာ၂၄ပစ္စည်းပဌာန်းစတစ်ကာတွေ ကပ်ထားတဲ့ ဦးထုပ်နဲ့ ကာဗာယူထားတဲ့အထိလိပ်ပြာမသန့်ဖြစ်လာကြပြီဖြစ်ပါတယ်။
စစ်သုံ့ပန်းဘဝကနေ MNDAAက သက်ညှာပေး လို့ ပြန်လွတ်လာတဲ့ နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကတော့ ဘယ်လို စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတယ်တော့ မသိနိုင်ပါဘူး။ဒါပေမယ့် စစ်ကိုင်းတိုင်းမှာတော့ PDFနဲ့တွေ့တိုင်း ရှုံးနေပါတယ်။သူကျူးလွန်သမျှ စစ်ရာဇဝတ်မှုတွေဟာ NUG အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေဆီမှာ သက်သေသက္ကာ မှတ်တမ်းအတိအကျရှိနေသလို ဒီအရှုံးတွေကြောင့်ပဲ ဖမ်းဆီးခံရပြီး ကာလဝိပါက်နောက်ပိုးတက်နေပြီဖြစ်ပါတယ်။




















































