Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဒီဇင်ဘာ၃၀ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎လက်ကျန်အမှု ၅ မှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ၇ နှစ်ထပ်ချ၊ စုစုပေါင်း ၃၃ နှစ် မတရားသဖြင့် ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှုအတွက် ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်လို့ သိရပါတယ်။ အမှု ၅ မှုမှာ ၄ မှုကို ၁ မှု ထောင်ဒဏ် ၃ နှစ်စီချပေမယ့် စစ်ကောင်စီတရားရုံးက အဲဒီ ၄ မှုကိုတပေါင်းတည်း ၃ နှစ်သတ်မှတ်ပါတယ်။ ကျန်တဲ့ ၁ မှုကိုတော့ ထောင်ဒဏ် ၄ နှစ် ချပြီး သီးခြားကျခံဖို့ အမိန့်ချတာကြောင့် လက်ကျန်အမှု ၅ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၇ နှစ် ဒီနေ့ချတာလို့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးနဲ့ နီးစပ်သူအချို့ထံက သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီအမှုတွေအတွက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် မတရားသဖြင့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

▪︎ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ ဥရောပပါလီမန်တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဥရောပပါလီမန်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ လက်ကျန်အမှု ၅ မှုအတွက် မတရားသဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး စုစုပေါင်း ၃၃ နှစ် ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဥရောပပါလီမန်ရဲ့ ဒီနေ့တောင်းဆိုမှုမှာ စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တို့ကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။ မကြာသေးမီက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

▪︎အာဏာလုစစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဝင်ခြင်းမှာ ဓားပြဆီက ဝေစုတောင်းခြင်းပင်ဖြစ်ဟု ဦးမင်းကိုနိုင်ပြော

ပြည်သူလူထုရဲ့ အာဏာကိုလုယူခဲ့တဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ စိတ်ကူးခြင်းမှာ ဓားပြဆီက ဝေစုတောင်းတဲ့ ပုံစံနဲ့ အတူတူပင်ဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVTV သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းဆွေးနွေးခန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ထွက်ပြီးသားကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တာကို မမေ့ဖို့လည်း သတိပေးပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ချောင်ပိတ်မိနေပြီဖြစ်ပြီး သူတို့ အနေနဲ့ မည်ကဲ့သို့ အရေခွံလဲသည်ဖြစ်စေ၊ လှည့်စားသည်ဖြစ်စေ ဘက်ပေါင်းစုံမှာ ရှုံးနိမ့်နေပြီဖြစ်တယ်လို့ ဦးမင်းကိုနိုင်းက ဆက်ပြောပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုဟာ ဘယ်လိုနည်းနဲ့မျှ တွေဝေတာ၊ အားလျော့တာတွေ ဖြစ်လို့ မရဘူးလို့ တိုက်တွန်းပါတယ်။

(ဦးမင်းကိုနိုင်က PVTV နှင့်အင်တာဗျူး​ဖြေကြား​နေစဥ်)
(ဦးမင်းကိုနိုင်က PVTV နှင့်အင်တာဗျူး​ဖြေကြား​နေစဥ်)

▪︎ရန်ကုန်မှာ New Year ညမထွက်ရအမိန့် စစ်ကောင်စီ ခေတ္တရုတ်သိမ်းတာ မူမမှန်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ သုံးသပ်

စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လာမယ့် နိုင်ငံတကာ နှစ်သစ်ကူး(New Year)ညအတွက်ရည်ရွယ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တာဟာ မူမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။ အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက ​အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ နှစ်သစ်ကူးည ငြိမ်းချမ်းစွာပျော်ရွှင်နေတဲ့ အရပ်သားပြည်သူများကို အကြမ်းဖက်သမား PDFများက ဗုံးခွဲတိုက်ခိုက်ဆိုတဲ့ ခေါင်းစဉ်မျိုးကို စစ်တပ်က ကျယ်ကျယ်လောင်လောင် အော်ချင်နေပြီး တော်လှန်ရေးကိုပုံဖျက်ချင်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အလားတူ ဖြစ်ရပ်တွေကို စစ်ကောင်စီတပ်က ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီထဲက ဒီဇင်ဘာ ၁၈ ရက် ဒလသင်္ဘောပေါ် ဗုံးပေါက်ကွဲမှု၊ ဒီဇင်ဘာ ၂၃ ရက်က ကျောက်မြောင်းပွဲဈေးတန်း ဗုံးဖောက်မှု စတဲ့ဖြစ်စဉ်တွေဟာ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ပုံဖျက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။ ဒါကြောင့် New Year ညမှာ အရပ်သားပြည်သူတွေ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တာတွေ ရှောင်ကြဥ်ဖို့ လိုအပ်ပြီး မိသားစုနဲ့အတူမိမိအိမ်တွေမှာသာ ပျော်ပါးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)
(စစ်​ကောင်စီကရန်ကုန်မြို့တစ်​နေရာမှာ အင်းအားအများအပြားနဲ့ဧည်စာရင်းစစ်​နေစဥ် ။(ပုံ​​ဟောင်း/ဓါတ်ပုံ-CJ)

▪︎မြိုင်နယ် ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာသုံးရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မန်ကျည်းလေးပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။ နေ့ခင်းပိုင်းမှာလည်း စစ်ကောင်စီတပ်က ကန်နက်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဟာ မနေ့ညက အိုးဘိုကျေးရွာမှာ ညအိပ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ အိုးဘိုရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing
မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing

▪︎ဖားကန့်ရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို ဒီနေ့ နေ့ခင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဆီဘောက်ဆာယာဉ်တွေနဲ့ စက်ယန္တယားအချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆီဘောက်ဆာတွေကို ဖွင့်ချပြီး မီးရှို့ခဲ့ကာ ဘက်ဖိုးတစ်စီး၊ မြေသယ်ကားတစ်စီးနဲ့အတူ ဆီဘောက်ဆာတွေလည်း မီးထဲပါသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ စိန်စိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီက သူတို့တောင်းခံတဲ့ ငွေကြေးမပေးလို့ အခုလို အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎မုံရွာမြို့ ဆောက်လက်စအကျဥ်းထောင်အသစ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီရဲ့ ဆောက်လက်စအကျဉ်းထောင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မုံရွာမြို့ရဲ့ အရှေ့ဘက် သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အကျဉ်းထောင်အသစ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးချခဲ့တဲ့ နေ့ရက်အပါအဝင် အသေးစိတ်အချက်အလက်တွေကို Ngwe Dwin Revolution Force အဖွဲ့က ဖော်ပြမထားပါဘူး။ အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်း(၂၁)၊ တပ်ခွဲ (၂) NDRF ဟာ မဟာမိတ်အဖွဲ့၀င်တွေဖြစ်တဲ့ သပြေညို ပျောက်ကြားတပ်ဖွဲ့၊ M.R.T.F၊ S.F2၊ A.M.T နဲ့ ရွှေညာသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

You May Also Like