Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ပါဝင်ပတ်သက်သူအားလုံးနှင့် ထိတွေ့ဆောင်ရွက်သွားမည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံ၏ မြန်မာ့အရေး ထုတ်ပြန်ချက် ၁၅ ချက်ထဲမှ အပိုဒ် ၈ တွင် ပါဝင်သည့်အတိုင်း All stakeholders နှင့်တွေ့ဆုံမည်ဆိုပါက တွေ့ဆုံရန် အမျိုးသားညီညွတ်ရေးအစိုးရက အဆင်သင့်ရှိနေကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီး ရက်နိုမာဆူဒီဇန်နဝါရီ၁၁ ရက်တွင် နှစ်ပတ်လည်မိန့်ခွန်း​ပြောကြားနစဥ်။ ဓါတ်ပုံ- အင်ဒိုနိုင်ငံခြား​ရေးဝန်ကြီးရုံး)
(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီး ရက်နိုမာဆူဒီဇန်နဝါရီ၁၁ ရက်တွင် နှစ်ပတ်လည်မိန့်ခွန်း​ပြောကြားနစဥ်။ ဓါတ်ပုံ- အင်ဒိုနိုင်ငံခြား​ရေးဝန်ကြီးရုံး)

▪︎မြန်မာ့အ​ရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ်အင်ဒိုနိုင်ငံခြား​ရေးဝန်ကြီး​ဆောင်ရွက်မည်

▪︎အာဆီယံဥက္ကဌအနေဖြင့် NUG ကို ထိတွေ့ဆောင်ရွက်လာမည်ဟု ပြောရေးဆိုခွင့်ရှိသူ ယုံကြည်

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံး(All Stakeholders)နှင့် ထိတွေ့ဆောင်ရွက်သွားမည်ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။

အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ယခု ဇန်နဝါရီ ၁ ရက်တွင် စတင်ထမ်းဆောင်သည့် အင်ဒိုနီးရှားသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အထူးကိုယ်စားလှယ်အဖွဲ့ရုံးကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ရုံးကို နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရက်နိုမာဆူဒီက ဦးဆောင်မည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။မြန်မာ့အ​ရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ် ၎င်းကိုယ်တိုင်​ဆောင်ရွက်မည်ဟု ရက်နိုမာဆူဒီကယမန်​နေ့(ဇန်နဝါရီ ၁၁ ရက်)က​ပြောကြားခဲ့​သော နှစ်ပတ်လည်မိန့်ခွန်းတွင်ထည့်သွင်း​ပြောကြားခဲ့သည်။

မြန်မာ့အရေး တတိယမြောက် အာဆီယံအထူးကိုယ်စားလှယ် ပြောကြားသည့် All Stakeholders နှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်မည်ဆိုခြင်းမှာ ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ အာဆီယံ ထိပ်သီးညီလာခံက ချမှတ်ခဲ့သော ကြေညာချက်အရဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တရားဝင်ထိတွေ့ဆက်ဆံမည့်သဘောဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

“ပြီးခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်ကို (အင်ဒိုနီးရှားအနေနဲ့) အကောင်အထည်ဖော်ရမယ့် ဝတ္ထရားရှိတယ်ပေါ့နော်။ အာဆီယံဥက္ကဌအနေနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၊ မြန်မာပြည်သူလူထု၏ ထောက်ခံမှုရရှိထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ထိတွေ့ဆက်ဆံရန် တိုက်တွန်းခဲ့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့က အထင်ရှားဆုံးဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်များအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ဘရူနိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်ကောင်စီနှင့်သာ တရားဝင်ထိတွေ့ဆက်ဆံခဲ့ပြီး ယင်းသို့လုပ်ဆောင်မှုများက အကျိုးဖြစ်ထွန်းမှုမရှိသည်မှာ မျက်မှောက်အခြေအနေများက သက်သေဖြစ်ကြောင်း အထက်ပါ NUG ပြောရေးဆိုခွင့်ရှိသူက ထောက်ပြသည်။ တဆက်တည်းတွင် ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးက အာဏာသိမ်းစစ်ကောင်စီအပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရေးအချက် ထည့်သွင်းခဲ့ပြီး ယင်းသဘောတူညီချက်အတိုင်း စစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်ကိုမှ အာဆီယံ၏ တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ အစည်းအဝေးများတွင် ဖယ်ကျဥ်ထားရန် ၎င်းက တိုက်တွန်းသည်။

“စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းလုံခြုံရေးထိခိုက်နေတယ်။ Humanitarian crisis တွေ ဖြစ်နေတယ်။ အိမ်နီးချင်းနိုင်ငံတွေကို အများကြီး ထိခိုက်နေတယ်။ အဲဒါတွေကို ရပ်တန့်ဖို့၊ ဒေသတည်ငြိမ်ရေး၊ ဒေသလုံခြုံရေးရှိဖို့နဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နည်းလမ်းရှာတဲ့နေရာမှာ NUG နဲ့ တရားဝင်ထိတွေ့ဆက်ဆံခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ ရလဒ်ရလာမယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

အာဆီယံ၏ မြန်မာ့အရေး ထုတ်ပြန်ချက် ၁၅ ချက်ထဲမှ အပိုဒ် ၈ တွင် ပါဝင်သည့်အတိုင်း All stakeholders နှင့်တွေ့ဆုံမည်ဆိုပါက တွေ့ဆုံရန် အမျိုးသားညီညွတ်ရေးအစိုးရက အဆင်သင့်ရှိနေကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“NUG၊ CRPH၊ NUCC၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ စတဲ့ All Stakeholders တွေရဲ့ အသံကို နားထောင်ပြီးနောက်မှာလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် ထိရောက်တဲ့ အကူအညီမျိုးတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲကြမယ့် အကောင်အထည်ဖော်ရေးအစီအစဉ် အမြန်ဆုံး ပေါ်ပေါက်လာဖို့ကိုလည်း တိုက်တွန်းပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်သစ်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်ကို စစ်​ခေါင်း​ဆောင်များကလက်​တွေ့အ​ကောင်အထည်မ​ဖော်ခဲ့ဘဲ ၊မြန်မာ့အ​ရေး​ဖြေရှင်းနိုင်ရန် ဘုံသ​ဘောတူညီချက်များကိုလက်​တွေ့အ​ကောင်အထည်​ဖော်ရန်ကြိုးပမ်းသွားမည်ဟုလည်းဆိုသည်။မြန်မာ့အ​ရေး​ကြောင့် အာဆီယံ​၏ ညီညွတ်မှုကိုထိခိုက်ခံမည်မဟုတ်ဟုလည်းဆိုသည်။ထို့အပြင် ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မြန်မာ့အ​ရေးအတွက်ပူး​ပေါင်း​ဆောင်ရွက်မည်ဟုလည်း ရက်နိုမာဆူဒီကမိန့်ခွန်းတွင်ထည့်သွင်း​ပြောကြားခဲ့သည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၁၄-၁၅ ရက်များက ဘရပ်စဲလ်၌ ကျင်းပခဲ့သော EU-ASEAN ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ငါးရပ်အကောင်အထည်ဖော် အီးယူက ဆက်လက်အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။

သတင်း

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ မြန်မာပြည် ဒီမိုကရေစီပြန်ရဖို့အာဆီယံရဲ့ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။

သတင်း

မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း တောင်းဆို ထားသည်။

သတင်း

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။