Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကိုင်းတိုင်းမှာ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူများအတွက် နေအိမ်တစ်ထောင်ဆောက်လုပ် လှူဒါန်းပေး​​​နေ

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားတဲ့ နေအိမ်ပိုင်ရှင်များအတွက် နေအိမ်အလုံးတစ်ထောင် ပြန်လည်တည်ဆောက် လှူဒါန်းပေးနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ ပြည်သူများ နေထိုင်ဖို့ အိမ်အလုံး တစ်ထောင် တည်ဆောက်နေပြီး လက်ရှိအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်တယ်လို့ S&C အဖွဲ့က ပြောပါတယ်။ အိမ်တစ်လုံးစာလုံးလှူမယ်ဆိုရင် နှစ်သိန်းသုံးသောင်းကျပ်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးဖို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ S&C ထံသို့ ဆက်သွယ်အကူညီတောင်းခံလာတဲ့ ကျေးရွာပေါင်း ၆၀ ကျော် အိမ်ထောင်စုအားဖြင့် ၂၈၆၀ ရှိတယ်လို့ သိရပါတယ်။

▪︎စစ်ကောင်စီ လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်လို့ TNLAနဲ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီရဲ့ ခမရ(၅၀၄)မှ TNLA တပ်စခန်းသို့ လက်နက်ကြီးနဲ့ တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ အင်အား ၆၀ ခန့်ဟာ နမ်မောကျေးရွာမှ မန်ကောင်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA တပ်မဟာ (၆)စစ်ဒေသ၊ TNLA တပ်ရင်း (၅၉၅)တပ်စခန်းသို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နာရီခွဲနီးပါး အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကိုတော့ TNLAက ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။

TNLA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PNS
TNLA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PNS

▪︎ဖားကန့်လုံးခင်းမှာ စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ရမ်းပစ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးများရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့တယ်လို့ ကချင်ဒေသသတင်းရင်းမြစ်အချို့နဲ့ ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားပါတယ်။ ဒေသခံတစ်ဦးကမူတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုသာရှိခဲ့တယ်လို့ ပြောပါတယ်။ စစ်တပ်ကုန်းပေါ်ကနေ ရမ်းသမ်းပစ်နေပြီး အထိအခိုက်ကို မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဖားကန့်မြို့နယ်လုံးခင်း​ဒေသကို ၂၀၁၃ ခုနှစ်ကတွ့ရစဥ်။
ဓါတ်ပုံ-CJ
ဖားကန့်မြို့နယ်လုံးခင်း​ဒေသကို ၂၀၁၃ ခုနှစ်ကတွ့ရစဥ်။ ဓါတ်ပုံ-CJ

▪︎ရန်ကုန်မြို့ လှိုင်မှာ ဗိုလ်ကြီးဟောင်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်မြို့ လှိုင်မြို့နယ် ၂ ရပ်ကွက်၊ရတနာမွန်အိမ်ရာမှာ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီပိုင် ရွှေဝါဆပ်ပြာစက်ရုံမှ ဗိုလ်ကြီးဟောင်း ဦးမြင့်စိုး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဦးမြင့်စိုးဟာ ရတနာမွန်အိမ်ရာမှာ အသုတ်ဝယ်နေစဥ် အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ မျက်နှာ ကျည်ထိမှန်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့လှိုင်မြို့နယ် ပြည်သူတစ်ဦးက ပြောပါတယ်။ သေဆုံးသူ ဦးမြင့်စိုးဟာ လှိုင်မြို့နယ်တွင်စစ်ကောင်စီနဲ့ ပူးပေါင်းကာ ကျူးကျော်နေအိမ်များကို အင်အားသုံးဖယ်ရှားမှုမှာ အတူပါဝင်လုပ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

▪︎မင်းလှမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း မင်းလှမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အဖြစ် ပတ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် PDF ဂဋ္ဌုန်တပ်ဖွဲ့က ပြောပါတယ်။ မနေ့ ညပိုင်းက မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းဆိုသူကို ငလှစမ်းကျေးရွာမှာ ဖဲရိုက်နေစဥ် သေနတ်နဲ့ သုံးချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဦးထွန်းဝင်းဟာ ပြည်သူလူထုအပေါ် အမျိုးမျိုးခေါင်းစဥ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေးတောင်းခံတာ၊ လောင်းကစားပေါင်းစုံလုပ်ပြီး စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎NUG ပြည်ထဲရေးနဲ့ တိုင်းငါးတိုင်းမှ (ပအဖ)များ တွေ့ဆုံကာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ဖို့ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဒီနေ့တွေ့ဆုံကာ တော်လှန်ရေးမှာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်က အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ထည့်သွင်း ပြောဆိုပါတယ်။ တော်လှန်ရေးကို နိုင်အောင်တိုက်ရမယ်ဆိုတဲ့ တာဝန်ကိုထမ်းရွက်တဲ့အခါ အချင်းချင်းအကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရမှာဖြစ်ပြီး တော်လှန်ရေးမှာ ပူးပေါင်းလုပ်ဆောင်မှုအပေါ်မူတည်ကာ တော်လှန်ရေးပြီးဆုံးမယ့်အချိန်ကို အဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်လို့ အမြဲတန်းအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

▪︎မြင်းမူမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲရာနေရာများကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြို့နယ်ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းချရာ နေရာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင် စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနဲ့ အထက (၁)အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို (၆၀) မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲများရဲ့ လိုင်းခန်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိတယ်လို့ PAFD အဖွဲ့က ထုတ်ပြန်ပါတယ်။ ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

▪︎မြင်းခြံနယ်မှာ စစ်အုပ်စုကို ထပ်မံမိုင်းဆွဲ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးရွာအိုင်မှထွက်လာတဲ့ စစ်ကောင်စီတ​ပ်ဖွဲ့ဝင်တွေကို လေးရက်အတွင်း ဒုတိယကြိမ်မြောက်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွါလာတဲ့ ပါကျဲရိုးယာဉ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်လာတယ်လို့ သတင်းရတာကြောင့် နဘူးအိုင်-မြင်းခြံလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ စစ်ကောင်စီအုပ်စုများ ထိခိုက်မှုများရှိနိုင်တယ်လို့ ဆိုပါတယ်။ အသေအပျောက်အခြေအနေကို စုံစမ်းနေပြီး ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

▪︎ရွှေဘိုအင်ကြင်းပင်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းသုံးကြောင်းနဲ့ မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ရှိ အင်ကြင်းပင်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းဟာ အင်ကြင်းပင်ရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Shwe Bo Local PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အင်ကြင်းပင်ရွာရဲ့ ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ ခင်ဦးနယ်ဘက်မှတဆင့် ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီတပ်က ​ရွှေဘိုမြို့နယ်။အင်ကြင်းပင်ရွာအား မီးရှို့ဖျက်ဆီးသဖြင့် မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က ​ရွှေဘိုမြို့နယ်။အင်ကြင်းပင်ရွာအား မီးရှို့ဖျက်ဆီးသဖြင့် မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ

You May Also Like