Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထား

ထိုင်း-မြန်မာ နယ်စပ်မှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ ဆယ်စုနှစ်သုံးခုလောက် ပြုလုပ်ပေးခဲ့သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားလိုက်တယ်လို့ Bangkok Post သတင်းစာက ဒီနေ့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဖွား၊ ကရင်တိုင်းရင်းသူ အသက် ၆၃ နှစ်အရွယ် နှလုံးလှ ဆရာဝန်မကြီးဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့်တရားဝင်လျှောက်ထားခဲ့ကြောင်းဖော်ပြသွားပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ မဲဆောက်မှာ မယ်တော်ဆေးခန်းကို စတင်ထူထောင် ဖွင့်လှစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်က မြန်မာဒုက္ခသည်တစ်ဦးအနေနဲ့ပဲ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် အလုပ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလိုက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေကိုပိုမိုချိတ်ဆက်လို့ အဆင်ပြေလာမှာ ဖြစ်ကြောင်း မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

(​ဒေါက်တာစင်သီယာ​မောင်။ ။ဓါတ်ပုံ-KIC)
(​ဒေါက်တာစင်သီယာ​မောင်။ ။ဓါတ်ပုံ-KIC)

▪️KNU တပ်မဟာ(၅) နယ်မြေကို တိုက်လေယာဉ်နဲ့ စစ်ကောင်စီ ထပ်မံဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ စာသင်ကျောင်းနဲ့ လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မဟာ(၅)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးဟာ ဖာပွန်(မူတြော်)ခရိုင်၊ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း ဗုံးသီး ခြောက်လုံး ကြဲချခဲ့ရာ စာသင်ကျောင်း ခုနစ်လုံး၊ လူသူမဲ့အဆောက်အဦး ခြောက်လုံး၊ ဈေးဆိုင် သုံးဆိုင်၊ စပါးကျီ နှစ်လုံး၊ ဆန်စက်တစ်လုံးအပါအဝင် စုစုပေါင်း ကာလတန်ဖိုး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းကလည်း တိုက်လေယာဉ် သုံးစီးနဲ့ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး ခြောက်လုံးနဲ့လာရောက်ကြဲချရာ လူသူမဲ့အဆောက်အဦး ခြောက်လုံးထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

▪️ကသာမှာ သက်ကြီးရွယ်အိုတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရပ်မိ၊ ရပ်ဖငါးဦး လာတွေ့ဖို့ ခိုင်းစေခဲ့ပြီး လာတွေ့တဲ့ သက်ကြီးရွယ်အိုထဲက တစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မိုးတားလေးရွာနဲ့ ထိစပ်နေတဲ့ မြေနုကျေးရွာမှ ရပ်မိ၊ ရပ်ဖငါးဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်က ခေါ်တွေ့ပြီး တစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ နှိပ်စက်မှုကနေ ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

▪️မိတ္ထီလာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီ​ရဲ့ ဆီသယ်ယာဉ်တန်းကို တိုက်ခိုက်

မိတ္ထီလာမှ မန္တလေးမြို့သို့ ‌လောင်စာဆီများသယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးသွားတယ်လို့ အောင်စည်တော် စစ်ဆင်ရေးက အသိပေးပါတယ်။ မနေ့ နေ့ခင်းက ရှေ့တန်းထောက်ပို့တပ် မိတ္ထီလာမှ မန္တလေးမြို့သို့ ဒီဇယ်နဲ့ ဓာတ်ဆီများ သယ်ဆောင်လာတဲ့ ဆီသယ်ယာဉ် ၁၆ စီးကို မိတ္ထီလာ-မန္တလေးလမ်းဟောင်း ကျောက်ဆည်နဲ့ စဉ့်ကိုင်မြို့အကြားမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆီသယ်ယာဉ်ကားများအနက် နှစ်စီးမှာ ထိခိုက်ပျက်စီးသွားတယ်လို့ အောင်စည်တော်စစ်ဆင်ရေးက ဖော်ပြပါတယ်။ စစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနဲ့ အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

▪️ရွှေဘိုနယ် ကျေးရွာခြောက်ရွာကို မီးတင်ရှို့တဲ့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ငါးရက်အတွင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို PDF များက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပန်းလှိုင်ရွာနဲ့ မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် မနက်ပိုင်းကစလို့ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တစ်နာရီခွဲကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj
ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj

▪️ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ အီနာဂါဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောပါတယ်။ မနေ့က ရေစ​ကြိုမြို့နယ် ကံသစ်ကျေးရွာတောင်ဘက်သို့ စစ်ကောင်စီ​ရဲ့ (၂၅၈)တပ်တွင်းမှ ခန့်မှန်းအင်အား ၃၀ ခန့်နဲ့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့ အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်မှတ်တိကျစွာ တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိတယ်လို့ ပကဖ တာဝန်ခံက ပြောပါတယ်။ စစ်ဆင်ရေးသွားရောက်ခဲ့တဲ့ ဒရုန်းတပ်သားများ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

▪️လောင်းလုံးမြို့မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dawei Defense Team(DDT)က ပြောပါတယ်။ မနေ့ ညနေပိုင်းက လောင်းလုံးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားများ၊ ရဲများနဲ့အတူ ခြင်းလုံးခတ်ပြီး ပြန်လာတဲ့ ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းဦးဆိုသူကို မြို့ပေါ်လမ်းပိုင်းတစ်နေရာမှာ DDTတပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်နဲ့ ငါးချက်ပစ်ခတ်ရှင်းခဲ့တာလို့ ဆိုပါတယ်။ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ကိုအောင်ဆန်းဦးကို DDT တပ်ဖွဲ့က စစ်ကောင်စီနဲ့ ဆက်လက်မပူးပေါင်းဖို့ သုံးကြိမ်တိတိ သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူကို ဆက်လက်ဒုက္ခပေးနေတာကြောင့် အခုလို ရှင်းလင်းရခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။

You May Also Like