Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တူမီးနဲ့ စတော်လှန်တဲ့ ချင်းလူမျိုးများနွေဦးတော်လှန်ရေးတပ်ဦးမှာ ဆက်လက်ဦးဆောင်ဖို့ ယာယီသမ္မတ တိုက်တွန်း

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို တူမီးနဲ့ စတင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ချင်းလူမျိုးများအနေနဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဦးဆောင်မှုပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတက တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ ချင်းလူမျိုးဟာ ခေတ်အဆက်ဆက်ကပင် ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် ရရာလက်နက်နဲ့ အသက်ပေးစွှန့်လွှတ်စွန့်စားခဲ့ကြတဲ့ လူမျိုးများဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီကို ချင်းလူမျိုးများက တူမီးသေနတ်များနဲ့ ပထမဆုံး စတင်တိုက်ခိုက်ခဲ့တယ်လို့ ယာယီသမ္မတက ချီးကျူးးပါတယ်။

▪︎မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကို လုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

ဒေါ်လာလေးသန်းတန် မိုးကုတ်ရှိ ကျောက်မျက်တူးဖော်ရေးတွင်းတစ်ခုကို လုပ်ငန်းရှင်တစ်ဦးကဝယ်ယူသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျောက်မျက်ရောင်းချရေးအဖွဲ့ Early Partnership Programက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ လုပ်ငန်းရှင် ဝယ်ယူသွားတဲ့ ​ကျောက်မျက်တွင်းမှာ မိုးကုတ်မြို့ရှိ ကင်း-၂ အမည်နဲ့ ကျောက်မျက်တူးဖော်ရေးတွင်း နံပတ်-၁၇ ဖြစ်ပါတယ်။ NUG က နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်း ၄၅ ခုကို ရောင်းချနေတာပါ။ အခု ကင်း-၂ ကျောက်မျက်တွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခွင့်ရရှိခဲ့ပြီး ကျန် ၄၄ တွင်းအတွက်လည်း ဝယ်ယူဖို့ ကမ်းလှမ်းမှုအမြောက်အမြားရှိနေတယ်လို့ NUGက ဆိုပါတယ်။ ကျောက်မျက်တွင်း ၄၅ တွင်းစုစု​ပေါင်းမှာ ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး ၎င်းတို့ကို ဒေါ်လာ ၁၄၄ ဒသမ ၆ သန်းနဲ့ ရောင်းချဖို့ စီစဉ်နေတာပါ။

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ
ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

▪︎ကန့်ဘလူနယ် မြေမွန်ရွာတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ

ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးပါ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် စစ်တပ်က ရဟတ်ယာဥ်နဲ့ လာရောက် ခေါ်ဆောင်သွား​တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ကန့်ဘလူအခြေစိုက် စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းက မြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်ညက စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ PDFများက မိုင်းအဓိကထား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ ကန့်ဘလူမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြေပြင်သတင်းရရှိကြောင်း ပြောပါတယ်။

(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ဆိပ်ဖြူမြို့နယ်တိုက်ပွဲ ​​​စစ်ဗိုလ်နှစ်ဦးအပါအဝင်ထိခိုက်မှုများဟု PPC ပြော၊ PDF တစ်ဦးကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ပုသိမ် – မုံရွာလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ စစ်ဗိုလ်နှစ်ဦးအပါအဝင် ၂၀ ဦးခန့်သေဆုံးတယ်လို့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးပြီး ပြန်ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီယာဥ်တစ်စီးကို ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း)က မိုင်း (၉)လုံးဆွဲ တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အင်အားထပ်တိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အပြန်အလှန်ပစ်ခတ်မှု ၃၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦးအပါအဝင် ၂၀ ဦးကျော်သေဆုံးကာ ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်အဆုတ်မှာ ဒုတပ်စိတ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးလည်း ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

▪︎ကျောက်မျက်တောင် စစ်တပ်ယာယီစခန်းကို PDFတပ်ပေါင်းစု တိုက်ခိုက်သိမ်းပိုက်

ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားရှိ ​ကျောက်မျက်​တောင်​ပေါ်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို မြို့နယ်​လေးမြို့နယ်မှ PDF တပ်​ပေါင်းစုက မနေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့​တဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေက​ပြောပါတယ်။ PDF များက စခန်းကိုတိုက်ခိုက်စဥ် စစ်ကောင်စီတပ်မှာ ထိခိုက်ကျဆုံးမှုများနဲ့ ဆုတ်ခွာသွားတာကြောင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တစ်နာရီခွဲခန့် ကြာမြင့်တဲ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က အထိအခိုက်အကျအဆုံးမရှိခဲ့ဘဲ လက်နက်များသိမ်းဆည်းကာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ GZ-21 Yinmarbin အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စစ်မုန်းက ပြောပါတယ်။

▪︎ရွှေဘိုမြို့ မြို့မရဲစခန်းနဲ့ မြဝတီဘဏ်ရှိ စစ်ကောင်စီတပ်ကို မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များရှိရာ မြို့မရဲစခန်းနဲ့ မြဝတီဘဏ်ရှိ လုံခြုံရေးအဖွဲ့ကို လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Who am i-Army အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့ ညပိုင်းက ရွှေဘိုမြို့၊ လမ်းမတော်လမ်းရှိ မြဝတီဘဏ်မှာ ဘဏ်ရှေ့ဘန်ကာအတွင်း ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိနေချိန် Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့များက K.R.L လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းကလည်း ရွှေဘိုမြို့မ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်ကင်းစောင့်နေတဲ့ ရဲများကို ပစ်ခတ်တိုက်ခိုက်‌ခဲ့တယ်လို့ သိရပါတယ်။

▪︎မြန်မာစစ်တပ် တက်ခွင့် မရတော့တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်အားအလုံးအရင်းနဲ့ လုပ်ဆောင်သွားမယ်

မြန်မာနိုင်ငံကို လေ့လာသူအဖြစ် တက်ရောက်ဖို့ မဖိတ်ကြားတော့တဲ့ ထိုင်း-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု Cobra Gold အစီအစဉ်ကို ဒီနှစ်မှာ အင်ပြည့်အားပြည့် ပြန်လည် စတင်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ကပ်ရောဂါ ဂယက်ကြောင့်ရော၊ ၂၀၁၄ ခုနှစ်က ထိုင်းမှာ စစ်တပ် အာဏာသိမ်းမှုရဲ့ ဂယက်ရိုက်ခတ်မှုတွေကြောင့်ပါ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ Cobra Goldရဲ့ အတိုင်းအတာနဲ့ ပမာဏတွေကို လျှော့ချခဲ့ရပါတယ်။ ဒါပေမဲ့ လာမယ့်​ဖေ​ဖော်ဝါရီ ၂၇ ရက်က​နေ မတ်လ ၁၀ ရက်အထိပြုလုပ်မယ့် ၂၀၂၃ ခုနှစ်ရဲ့ Cobra Gold စစ်ရေး လေ့ကျင့်မှုကတော့ အင်အားအပြည့် ပြန်ဖြစ်လာမယ်လို့ အမေရိကန်နဲ့ ထိုင်းစစ်ဘက် အရာရှိတွေက အတည်ပြုထားပါတယ်။ ထိုင်းနဲ့ အမေရိကန်တို့က ကြီးမှူးတယ်ဆိုပေမယ့် နိုင်ငံပေါင်း ၃၀ လောက်က စစ်သည် ၇၃၉၄ ဦးဟာ လည်း လေ့ကျင့်ရေးကဏ္ဍမှာ ကိုယ်တိုင်ပူးပေါင်းပြီးဖြစ်စေ၊ စောင့်ကြည့်လေ့လာသူအနေနဲ့ဖြစ်စေ ပါဝင်ကြမှာပါ။

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)
(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

▪︎ကွင်းကောက်​မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဗုံးခွဲတိုက်ခိုက်

ဧရာဝတီတိုင်း ကွင်းကောက်​မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကွင်းကောက်မြို့ရှိ တောင်ဘက်ကမ်းအုပ်ချုပ်ရေးမှူးရုံးကို မနေ့ညက ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဗုံး​ပေါက်ကွဲတဲ့ ရပ်ကွက်ရုံးနဲ့ မလှမ်းမကမ်းမှာ စစ်ကောင်စီ ပြုလုပ်နေတဲ့ ပျော်ပွဲရွှင်ပွဲနဲ့ လောင်းကစားပွဲရှိနေတယ်လို့ ဆိုပါတယ်။ ထိခိုက်မှုသတင်းမကြားရပေမယ့် ပေါက်ကွဲတဲ့ နေရာဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို ခြိမ်းခြောက်မာန်မဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook

You May Also Like