စစ်ကိုင်းတိုင်း တမူးမြို့တွင် ယနေ့(မတ်လ၁၄ ရက်) နံနက်က ဖြစ်ပွားသောတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအချက်၂၀ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့နံနက် ၈ နာရီခန့်က တမူးမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကွမ်းတောင်တိုက်ပွဲမှာ ရွာရဲ့ဒီချုပ်ရုံးရှေ့တည့် တည့်အိမ်က ပျူစောထီးခေါင်းဆောင်သေသွားတယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေ ရမ်းသမ်းထုတယ်” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။
ကွမ်းတောင်းကျေးရွာသည် တမူးမြို့နှင့် (၈)မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီခြေကုပ်ယူထားသည့် နေရာတစ်ခု ဖြစ်သည်။
ဒေသခံလူထုကို ဒုက္ခပေးနေသော ကွမ်းတောင်းကျေးရွာမှ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့အား တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် မင်းမောင်ကြီးဆိုသူ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က သတင်းထုတ်ပြန်ထားသည်။
ကွမ်းတောင်ရွာတွင် မတ်လ ၁၃ရက် ညနေကတည်းက စစ်ရေးတင်းမာနေခြင်းဟု ဒေသခံများကပြောသည်။
မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့ တစ်ရက်လုံး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် နေသည်ဟု ဒေသခံများက ပြောသည်။
“ စစ်တပ်က အကြောက်လွန်နေပုံရတယ်။ လက်နက်ကြီးတွေချည်းပစ်နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။