Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးနည်းဗျူဟာအရ စစ်ကောင်စီအား ခုခံစစ်အဆင့်မှ ထိုးစစ်ဆင်သွားမည်ဟု NUG အသိပေး

စစ်အုပ်စု၊ စစ်ခေါင်းဆောင်များအနေဖြင့် လက်နက်အားကိုးပြီး မြန်မာပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည့် ဒဏ်ကို ပြည်သူများ ခံခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်များ အဆုံးသတ်နိုင်ရေး ရှေ့တွင်ကြိုးစားခဲ့ကြကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDFမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - MDY-PDF)
(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDFမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - MDY-PDF)

▪️ဘက်ပေါင်းစုံမှ ဖိအားပေးသွားမည်ဖြစ်ပြီး စစ်အုပ်စုက အပြောင်းအလဲ ဖော်ဆောင်မှသာ ထိုးစစ်ရပ်မည်

“တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲလက်ရှိ အခြေအနေအတိုင်းဆက်ပြီး သွားနေမယ်ဆိုရင် ပန်းတိုင်ကို မရောက်ရောက်အောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆက်ပြီးသွားရမှာဖြစ်ပါတယ်”

စစ်အာဏာရှင်တိုက်ဖျက်ရေး (၁)နှစ်တာ အစီအမံအရ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းအဆင့်မှထိုးစစ်ဆင်သည့်အဆင့်သို့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ အသိပေးပြောကြားသည်။

NUGဖွဲ့စည်းမှု (၂)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ (မေလ ၃ရက်) ကျင်းပခဲ့ခြင်းဖြစ်ပြီးဦးနေဘုန်းလတ်က ခုခံစစ်မှ ထိုးစစ်ဆင်တိုက်ခိုက်မည့်အခြေအနေ၊ စစ်ရေးသည် ဖိအားပေးသည့် ယန္တရားတစ်ခုအဖြစ် ဆောင်ရွက်နေခြင်းကိစ္စ၊ ခုခံစစ်မှ ထိုးစစ်သို့ပြောင်းလဲခြင်းသည် အကြမ်းဖက်မှုလုပ်ဆောင်ခြင်း ပဋိပက္ခ ကြီးမားအောင်လုပ်ဆောင်ခြင်း မဟုတ်ဘဲ မြန်မာပြည်သူများကို ကာကွယ်ရန် စစ်တိုက်နေရခြင်း အကြောင်းတို့အား အသေးစိတ်ရှင်းပြသည်။

“Defensive ကနေ offensive ကိုသွားမယ်ဆိုတဲ့ကိစ္စ ဒါဟာ ကျနော်တို့ စစ်ရေးနည်းဗျူဟာအရ ကျနော်တို့ဟာ ကာကွယ်မှုဆိုတဲ့ အဆင့်ကနေ တဆင့်ထပ်တိုးပြီး အကြိုထိုးစစ်ကာလကနေ နောက်ပိုင်းမှာ ထိုးစစ်ကာလကိုဆက်သွားဖို့ ဆိုတဲ့ကိစ္စကို ပြင်ဆင်နေတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ဖိအားပေးသည့် ယန္တရားဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဘက်ပေါင်းစုံကနေ အကြမ်းဖက်စစ်အုပ်စုကို Pressureပေးလို့ အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့တစုံတရာ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာနဲ့ အပြောင်းအလဲကို ဖော်ဆောင်မယ်ဆိုရင် ဒါဆိုရင်တော့ ဒီကိစ္စတွေက ရှေ့ဆက်တိုးစရာ မလိုတော့တဲ့ အနေအထားဖြစ်မှာပေါ့။ အဲဒီလိုတော့ မဟုတ်ဘဲ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲလက်ရှိ အခြေအနေအတိုင်းဆက်ပြီး သွားနေမယ်ဆိုရင် ကျနော်တို့ NUG တင်မကဘူး တော်လှန်ရေးအင်အားစုတွေအားလုံးက ကျနော်တို့ရဲ့ လမ်းကြောင်း ကျနော်တို့ရဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆက်ပြီးသွားရမှာ ဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် အကြမ်းဖက်မှုကို အားလုံးလုပ်ဆောင်နေကြသည်ဆိုသည့် ပြောဆိုမှုများအပေါ်ဦးနေဘုန်းလတ်က မဟုတ်မှန်ကြောင်းရှင်းပြခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအပါအဝင် တော်လှန်ရေးအင်အားစုများက မည်သည့်အတွက် စစ်တိုက်နေကြသည်ဆိုခြင်းကို မြန်မာနိုင်ငံ အခြေအနေအား သေချာလေ့လာသုံးသပ်သူများဆိုပါက သိမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

“မြန်မာနိုင်ငံရဲ့ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒအမှန်က ဘာလဲဆိုတာ အားလုံးသိကြမှာဖြစ်တယ်။ အဲဒီအတွက် ကြောင့် ကျနော်တို့က Violence ဆိုတဲ့ စကားလုံးသုံးတာကို ငြင်းဆိုပါတယ်။ ကျနော်တို့တွေ တရားသော စစ်ပွဲကိုရွေးချယ်စရာမရှိတဲ့အတွက်ကြောင့်မို့လို့လုပ်ကိုင်ဆောင်ရွက် နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်အုပ်စု၊ စစ်ခေါင်းဆောင်များအနေဖြင့် လက်နက်အားကိုးပြီး မြန်မာပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည့် ဒဏ်ကို ပြည်သူများ ခံခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်များ အဆုံးသတ်နိုင်ရေး ရှေ့တွင်ကြိုးစားခဲ့ကြကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

“စစ်အာဏာသိမ်းပြီးတဲ့နောက်တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထွက်လာပြီး သူတို့ရဲ့ ဆန္ဒကဘာလဲဆိုတာကို ပြသတာကို ဒီအပ်တို တစ်ချောင်းတောင်မပါတဲ့ ပြည်သူလူထုကို ခေါင်းတွေကိုပစ်သတ်ခဲ့တဲ့ကိစ္စတွေရှိတယ်။ ဒီလိုကိစ္စတွေကို ကျတော့ဘာဖြစ်လို့မပြောသလဲပေါ့”ဟု ဦးနေဘုန်းလတ်ကဆက် ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ခဲ့သော်လည်း စစ်အုပ်စုက ဂရုမစိုက်ဘဲ လက်နက်အားကိုးဖြင့် တစ်ဖက်သတ် ပစ်ခတ်သတ်ဖြတ်ခဲ့သည် အခြေအနေများကို ၎င်းက ရှင်းပြသည်။ ထို့ကြောင့် ပြည်သူလူထုက လွှတ်တော် CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရကို လုပ်ပိုင်ခွင့်ပေးထားရာ ပြည်သူလူထုကို ကာကွယ်ရမည့် တာဝန်ရှိ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုင်းရင်းသားအင်အားစုများ၏ ပူးပေါင်းကူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။