Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ရန်သူကို ခုခံနေတာကနေ တချို့နေရာတွေမှာ တွန်းလှန်စစ်ထိုးနိုင်တဲ့အနေအထားအထိ ဖြစ်လာတယ်”

တနင်္သာရီတိုင်းအတွင်းစစ်​ရေးအ​ခြေ​တွေနဲ့ပတ်သပ်ပြီးတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံနဲ့​ People’s Spring ကမေးမြန်းထားတာကို​ဖော်ပြ​ပေးလိုက်ပါတယ်။

(တနင်္သာရီစစ်​ဒေသခွဲ မှ PDF တပ်ဖွဲ့ဝင်အချို့ )
(တနင်္သာရီစစ်​ဒေသခွဲ မှ PDF တပ်ဖွဲ့ဝင်အချို့ )

▪︎တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊ စစ်ဆင်ရေးတာဝန်ခံနဲ့​မေးမြန်းခန်း

ခုခံ​တွန်းလှန်စစ်ပိုမိုအား​ကောင်းလာ​သော တနင်္သာရီတိုင်းတွင် မတ်လနှင့်ဧပြီလတွင် စစ်​ကြောင်းများထိုး၍ ထိုးစစ်ဆင်ခဲ့သည်။ထို​ကြောင့်တိုက်ပွဲများ ပိုမိုဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။တနင်္သာရီတိုင်းအတွင်းစစ်​ရေးအ​ခြေ​တွေနဲ့ပတ်သပ်ပြီးတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံနဲ့​ People’s Spring ကမေးမြန်းထားတာကို​ဖော်ပြ​ပေးလိုက်ပါတယ်။

မေး- တနင်္သာရီမှာ မတ်၊ဧပြီလထဲ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့တယ်။ အခု စစ်​ကောင်စီတပ် စစ်ကြောင်းတွေ ဆုတ်သွားတယ်ကြားတယ်။ ဘာကြောင့်ဆုတ်သွားတာလဲခင်ဗျ ။

‌ဖြေ- သူတို့ ထိုးလာတဲ့စစ်ကြောင်းကမောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ထိုးလာတာ အဓိကရည်ရွယ်ချက်က မောတောင်မှာရှိတဲ့ တပ်ရင်းနဲ့ သူတို့တပ်နဲ့ အချိန်းအပြောင်းလုပ်တာ အဲ့အတွက်ကိုသူတို့ကစစ်ကြောင်းထိုးလာတဲ့ သဘောပဲ။ ကျွန်တော်တို့ဘက်ကတော့ သူတို့က မောတောင်နဲ့ ထုံခါ ကြားဒေသတွေသည် အင်အားစုတွေကထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်တယ်ပေါ့နော်။ အဲ့နယ်မြေထဲကို စစ်ကြောင်းထိုးလာတဲ့အတွက်ကို ဒီဘက်က တော်လှန်ရေးအင်အားစုတွေက ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတဲ့သဘောမျိုးဖြစ်တယ်။ သူတို့က မောတောင်နဲ့ ထုံခါကြားက သဲဖြူရွာမှာ စခန်းထိုင်မလားလို့ ‌အရင်က ကျွန်တော်တို့ဘက်က တွေးထားချက်‌တွေရှိတယ်။ သူတို့က အဲ့ဒီစခန်းမှာထိုင်တာမျိုးမဟုတ်ဘနဲ့ သူတို့အဓိကစစ်ကြောင်းထိုးလာတဲ့ရည်ရွယ်ချက်က အဲ့အချိန်းအပြောင်း လုပ်ဖို့ပဲ ထိုးလာတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ တကယ်လို့ အဆင်ပြေရင်တော့ ကြားစခန်းနေရာမှာ ထိုင်ရင်ထိုင်မှာပေါ့။ သဲဖြူကတော့ အရင်က စစ်ကောင်စီဘက်က စခန်းချထားခဲ့ဖူးတဲ့ နေရာပဲ။ နောက်ပိုင်း အာဏာသိမ်းပြီး တစ်နှစ်ကျော်ကျော်ဖြစ်တဲ့အချိန်မှာတော့ သူတို့ဘက်ကနေ စခန်းချတာမျိုးမရှိတော့ဘဲ ပြန်ဆုတ်သွားတယ်။

မေး -သူတို့က တပ်အချိန်းအပြောင်းလုပ်ဖို့လာတာဆိုတော့ အချိန်းအပြောင်းကိုရော ဖြောင့်ဖြောင့်တန်းတန်း လုပ်သွားနိုင်ခဲ့လား။

ဖြေ- အရင်တုန်းက(အာဏာမသိမ်းခင်)တော့ သူတို့ဖြောင့်ဖြောင့်တန်းတန်းလုပ်လို့ရတယ်။ သူတို့စစ်ကြောင်းထိုးလာတယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သတင်းပို့ပြီးသွားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ အခုကတော့ အဲ့အခြေအနေမျိုး မဖြစ်တော့ဘူး။ မဖြစ်တော့ဘူးဆိုတာ အဲ့နယ်မြေထဲကို အဝင်မခံတော့တဲ့သဘောဖြစ်သွားပြီ။သူတို့စစ်ကြောင်းထိုးလာရင် ဒီဘက်က တော်လှန်ရေးအင်အားစုတွေအကုန်လုံးက‌တော့ ခုခံမှာပဲ။ ပြန်တိုက်ခိုက်မယ့်ပုံစံမျိုးဖြစ်သွားပြီ။ အရင်ကလို လွယ်ကူတဲ့ကိစ္စမဟုတ်တော့ဘူး။ သူတို့သွားတဲ့နေရာတိုင်းမှာ သူတို့ကိုပြန်တိုက်ခိုက်မယ့် ပြန်ခုခံမယ့် အင်အားစုတွေက နေရာအနှံအပြားမှာ ရှိနေပြီဆိုတဲ့ သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် အရင်ကလို လွယ်လွယ်ကူကူ သွားလို့မရတော့တဲ့သဘောမျိုး ဖြစ်သွားပြီ။

မေး- သူတို့ကတပ်အချိန်းအပြောင်းလုပ်ဖို့လာတဲ့စစ်​ကြောင်းအင်အားကဘယ်​လောက်ရှိလဲ ။ တိုက်ပွဲ​တွေဖြစ်ခဲ့​သေးလား။

ဖြေ-အခုစစ်ကြောင်းထိုးလာတဲ့အင်အားက‌တော့ အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ ဒါဟာ အရင်ကထက်စာရင် တော်တော် နည်းသွားတဲ့ အရေအတွက်ဖြစ်သွားပြီ။ သူတို့လည်း တစ်နိုင်ငံလုံးမှာ ပတ်ပြီးတိုက်နေရတဲ့ အနေအထားမျိုးဆိုတော့ ခုစစ်ကြောင်းထိုးတဲ့အင်အားက တော်တော်နည်းသွားပြီပေါ့နော်။ နောက်တစ်ချက်ကလည်း သူတို့စစ်ကြောင်းထိုးလာတဲ့နေရာတွေမှာ အရင်တုန်းက ERO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ဘက်ကိုဝင်ရင် အပြန်အလှန်ဆက်စပ်ပြီး ဝင်ကြတာပေါ့နော်။အခုကတော့ အာဏာသိမ်းပြီးထဲက ERO ရဲ့နယ်မြေထဲကို အဝင်မခံဘူးဆိုတာ ‌သိသာသွားပြီ။ ဘယ်နှစ်ယောက် ဝင်ဝင် ဘယ်အပိုင်းကဝင်ဝင် အဆင်သင့် ပြန်တိုက်ခိုက်မယ့် အဖွဲ့တွေ ရှိနေပြီ။ သူတို့ ပြည်ထောင်စုလမ်းမကြီး‌ပေါ်မှာတောင် သူတို့အရင်လိုသွားလာလှုပ်ရှားလို့မရအောင် အင်အားစုကဖန်တီးပြီး ဖြစ်တယ်။

မေး-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ERO တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေကို​ပြောပြပါလား ။

ဖြေ – ကျွန်တော်အမြင်အရတော့ ERO နဲ့ PDF တွေဆိုတာ ဗဟိုမှာလည်း JCC ရဲ့မူဝါဒ ရှိတယ်ပေါ့နော်။မူဝါဒအရဆိုရင် PDF တွေရဲ့စစ်ရေးဦးဆောင်မှုအပိုင်းကို ERO ရဲ့စစ်ရေး ဦးဆောင်မှုနဲ့ သွားရမယ်ဆိုတာကို အပေါ်မှာလည်း သဘောတူညီပြီးသား။ အဲ့ဒါကို အောက်ခြေအဆက်ဆက်မှာ တပ်ရင်းတပ်ဖွဲ့အားလုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတဲ့ကာလတစ်ခုလည်းဖြစ်တယ်။ အချို့နေရာမှာတော့ တော်တော်လေးအရှေ့ရောက်နေတဲ့ အခြေအနေရောက်နေပြီ။ အဲ့ဒီအတိုင်းသွားနေတာပါ။အဲ့ဒီတော့ PDF နဲ့ ERO တွေရဲ ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှုမှာတော့ အားကောင်းတယ်လို့ပြောလို့ရပါတယ်။

မေး- ERO နဲ့ PDF တွေရဲ့ ထိန်းချုပ်ဧရိယာဆိုရင် မနှစ်ကနဲ့ ဒီနှစ် ဘာတွေကွာခြားသွားလဲ။

ဖြေ – အရင်တုန်းကဆို တချို့‌သောနေရာတွေမှာERO နဲ့ PDF တွေပေါင်းစပ်နိုင်တဲ့အပေါ်မူတည်ပြီး ထိန်းချုပ်ထားမှု အနေအထားကွာတယ်လို့ပြောလို့ရတယ်။ အခုကတော့ တော်လှန်ရေးအခြေအနေအရ စစ်ရေးကလည်း တင်းမာသွားတယ်။ ERO ရဲ့တပ်ရင်းတော်တော်များများကလည်း စစ်‌ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ အနေအထားဆိုတော့ ERO ထိန်းချုပ်ထားတဲ့ နယ်မြေမှန်သမျှ PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေရှိပြီးသားဖြစ်တယ်။ ERO တွေဘက်က စစ်ရေးကို ပြတ်ပြတ်သားသားလုပ်ပြီးဆိုတာနဲ့ သူတို့တို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးသွားပြီလို့တပ်အပ်ပြောနိုင်ပါတယ်။ ‌အာဏာသိမ်းပြီး (၁)နှစ်လောက်အနေအထားမှာတိုင်း(တနင်္သာရီ)တိုင်းထဲက တပ်ရင်းတွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး ထိန်းချုပ်ထားတဲ့နယ်မြေက အများကြီးတိုးတက်ပြောင်းလဲလာတယ်လို့ ပြောလို့ရပါတယ်။

မေး – တနင်္သာရီတိုင်းထဲမှာ ဘယ်မြို့က ခုခံတော်လှန်စစ် အားအကောင်းဆုံးဖြစ်ပြီး ဘယ်မြို့နယ်က အားအနည်းဆုံး ဖြစ်မလဲ။

ဖြေ – အားကောင်းတယ်၊အားနည်းတယ်ဆိုတာထက်ကို တပ်ရင်း ဖွဲ့စည်းပုံတွေနဲ့လည်း ဆိုင်တယ်။ ဥပမာ ပြည်သူကာကွယ်ရေးအဖွဲ့ဆိုရင် ERO ဘက်က(KNU/KNLA) တပ်မဟာ ၄ ပေါ့နော်။ အဲ့တာကို တိုင်းထဲမှာ တပ်ရင်းရှိ‌နေတဲ့ ဒေသတွေပေါ်မူတည်ပြီး ဖွဲ့စည်းခဲ့တာရှိတယ်။အဲ့တော့ အဲ့ဒေသမှာ PDF ‌တပ်ရင်းတပ်ဖွဲ့လည်း ရှိတယ်၊ EROတပ်ရင်းတပ်ဖွဲ့လည်းရှိတယ်။ အဲ့ဒီဒေသက စစ်ရေးအရ အားကောင်းနေတယ်ပေါ့နော်။ PDFတပ်ဖွဲ့လည်း မရှိဘူး ERO တပ်ဖွဲ့လည်းမရှိဘူးဆိုရင်တော့ အဲ့ဒေသတွေက အားနည်းတယ်ပေါ့။ ဒါပေမဲ့ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ၁၀ မြို့နယ်လုံးမှာ NUG/MOD လက်အောက်မှာ PDF တပ်ရင်းတွေ ဖွဲ့စည်းပြီးသားမို့ အဲ့နေရာတွေမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

မေး-တနင်္သာရီတိုင်းထဲမှာစစ်ကောင်စီတပ်ကရွာတွေမီးရှို့ဖျက်စီးတာဘယ်လိုအခြေအ‌နေရှိနေလဲခင်ဗျ။

ဖြေ- ရှိတယ်။ အဓိကကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတွေပိုပြီးအထိနာတာကို တွေ့ရတယ်ပေါ့နော်။ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မရှိတဲ့နေရာတွေကျတော့ ဖြတ်သွားဖြတ်လာပုံစံမျိုးဖြစ်လို့ အခိုင်အမာတပ်စွဲထားနိုင်တဲ့ အနေအထားမျိုးမရှိတဲ့အတွက် ကြောင့် နည်းတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ နေရာတွေမှာ PDFနဲ့ ပကဖတွေ အနေနဲ့ လှုပ်ရှားမှုပိုများတယ်ဆိုရင် အဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တာနဲ့ နီးစပ်ရာကျေးရွာတွေကို တော်တော်ဒုက္ခပေးတာတွေ့ရတယ်။

မေး- လက်ရှိမှာ‌ရော တိုင်းတစ်တိုင်းလုံးအနေအထားနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဘယ်နှစ်ဦးလောက်များ ရှိနိုင်လဲ။

​ဖြေ-အဲ့ဒါက အကြမ်းဖျင်းပြောရရင်တော့ သောင်းဂဏန်းနဲ့ ချီတယ်။ မြို့နယ်အလိုက် အတိအကျတော့ မသိဘူး။ လူသားစာနာရေးနဲ့ ပတ်သတ်တဲ့လုပ်နေတဲ့အဖွဲ့တွေ၊ စစ်ဘေးရှောင် စီမံခန့်ခွဲရေး အဖွဲ့တွေရှိတဲ့အတွက် သူတို့ကအသေးစိတ်ပိုသိပါလိမ့်မယ်။

မေး- လက်ရှိ PDF ရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်အပေါ်မှာရော ဘယ်လိုရှုမြင်လဲ။

ဖြေ- နွေဦးတော်လှန်ရေးက အာဏာသိမ်းပြီးတဲ့နောက်မှာဖြစ်လာတာပေါ့နော်။ စစ်ကောင်စီရဲ့ မတရားသဖြင့် အာဏာသိမ်းမှုကနေဖြစ်လာတဲ့၊သူတို့ရဲ့တွန်းပို့မှုကြောင့်ရောက်ခဲ့တဲ့ လမ်းလို့ပြောလို့ရတယ်။ အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ အရပ်သား စစ်စစ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုပြီးဖြစ်လာ​အောင်လုပ်ရတာ လွယ်ကူတဲ့ အရာတော့မဟုတ်ဘူး။ အချိန်တွေ၊ လေ့ကျင့်မှုတွေအများကြီးယူရတယ်။ဒေသကိုအခြေခံပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေကိုလုပ်ရတယ်။ အားသာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ အာဏာရှင်စနစ် ပြုတ်ကျဖို့အတွက် မဖြစ်မနေ တိုက်ပွဲ၀င်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေကတော့ ရဲဘော်တွေရဲ့စိတ်ထဲမှာ အပြည့်အ၀ရှိပြီးသားဖြစ်တယ်။ ပကဖတွေဆိုတာက ဒေသကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နယ်မြေကျွမ်းကျင်မှုအပိုင်းမှာတော့ အားသာချက်ရှိတယ်။ အဓိကဖြစ်တဲ့ ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကတော့ တပ်ရင်းတွေအပေါ်မှာအပြည့်အ၀ရှိတယ်လို့ ပြောလို့ရတယ်။ ကျွမ်းကျင်မှုအပိုင်းပဲဖြစ်ဖြစ်၊လက်နက်အင်အားအရပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့ယှဉ်ရင် အားနည်းချက်တွေရှိပေမယ့် အားသာချက်တွေက ပြန်ပြီးလွှမ်းခြုံသွားနိုင်တဲ့အနေအထားမျိုးတွေ တွေ့နေရပါတယ်။ ၂ နှစ်တာ ကာလမှာလည်း ပြောက်ကျားစနစ်တွေနဲ့ ရန်သူကိုအများကြီးတိုက်ခိုက်ခဲ့ပြီးပြီဖြစ်တဲ့အတွက် စစ်ရအတွေ့အကြုံညံ့တယ် ပြောလို့မရဘူး။ ရန်သူကို ခုခံနေတာကနေ တချို့နေရာတွေမှာ တွန်းလှန်စစ်ထိုးနိုင်တဲ့အနေအထားအထိ ဖြစ်လာတယ်။

မေး- အများပြည်သူတွေအသိချင်ဆုံးမေးခွန်းဖြစ်တဲ့ “ဒီတော်လှန်ရေးက အောင်မှာလား”ဆိုတဲ့မေးခွန်းကိုဘယ်လိုဖြေပေးလို့ရမလဲ။

ဖြေ- တည့်တည့်ပြောရရင် အောင်မှာလားဆိုတာထက် အောင်မှကိုဖြစ်မှာ။ အောင်မှကိုဖြစ်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒီတော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားသွားဖို့ရှိတယ်။ အလားတူပဲ ပြည်သူတွေရဲ့ခံစားချက်တွေကလည်း ဒီတိုင်းပဲဖြစ်‌နေပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ အရပ်သားအစိုးရ( NLDအစိုးရလက်ထက်)မှာ ဒီမိုက​ရေစီ ရဲ့အငွေ့အသက်ကိုအထိုက်အလျောက်သိရှိခံစားခွင့်ရခဲ့ပြီးမှ အတိတ်ရဲ့နိုင်ငံရေးအခြေအနေတစ်ခုကိုရုတ်တရက်ပြန်ရောက်သွားတဲ့အချိန်မှာ မျှော်လင့်ချက်၊ အိပ်မက်တွေပျက်စီးသွားခဲ့တယ်။ အဲ့လိုခံစားချက်တွေကိုဘယ်လိုမှ လက်မခံနိုင်တဲ့အနေအထားရောက်သွားတာဖြစ်တဲ့အတွက် အခုတော်‌လှန်ရေးက ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးပါတီတစ်ခုက ဦးဆောင်တဲ့ တော်လှန်ရေးမဟုတ်ဘူး။ ပြည်သူလူထုကိုယ်တိုင်က လိုလိုလားလားနဲ့ဦးဆောင်လှုပ်ရှားခဲ့တဲ့တော်လှန်ရေးလို့ပြောလို့ရတယ်။ ဒါကြောင့် နိုင်မလား၊ မနိုင်ဘူးလားဆိုတာထက် တစ်ချိန်ကရရှိခဲ့တဲ့ အခွင့်အရေးတွေပြန်ရဖို့အတွက်၊ လွတ်လပ်ခွင့်တွေ မဆုံးရှုံးဖို့အတွက်ဆိုရင် ဒီတော်လှန်ရေးသည် နိုင်မှရမယ်ဆိုတဲ့ ရည်မှန်းချက်‌တွေရှိတယ်ပေါ့နော်။ အဲ့ဒီ့ရည်မှန်းချက်နဲ့ပဲ ကျွန်တော်တို့က ဒီတော်လှန်ရေးကို မနိုင် နိုင်အောင်လုပ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင်ဝောာ်လှန်ရေးမှာ ပြည်သူတွေကလည်း နိုင်တဲ့ဖက်ကနေပြီးတော့ အင်တိုက်အားတိုက် ပူးပေါင်းပါ၀င်ကြတယ်လို့ ပြောလို့ရပါတယ်။

မေး- အလွှာပေါင်းစုံက ပြည်သူတွေအနေနဲ့က ဒီတော်လှန်ရေးမှာ ဘယ်လိုမျိုးဆက်ပြီး ပါ၀င်ဖို့ လိုအပ်မလဲ

ဖြေ-လက်နက်ကိုင်တဲ့သူက လက်နက်ကိုင်တော်လှန်နေတဲ့နေရာမှာ ပြည်သူတစ်ရပ်လုံး ပါ၀င်လာဖို့က မလွယ်ကူပါဘူး။ လက်နက်ကိုင်သူတွေက လက်နက်ကိုင်တိုက်ခိုက်တဲ့အချိန် ပြည်သူတွေကလည်း နိုင်တဲ့ဖက်၊တတ်စွမ်းတဲ့ဖက်က ပါ၀င်လို့ရတယ်။ ဥပမာ လူကိုယ်တိုင်မပါ၀င်နိုင်ရင်တောင် တစ်စိတ်တစ်ပိုင်းအနေနဲ့တော်လှန်ရေးရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊အလှူငွေထည့်တယ်ဆိုတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း စစ်ကောင်စီရဲ့လှုပ်ရှားမှု သတင်းအချက်အလက်တွေကိုပေးပို့တဲ့နေရာမှာ လုပ်လည်းရတယ်။ လူတိုင်းလက်နက်ကိုင် တိုက်နေဖို့မဟုတ်ဘူး။ ရောက်တဲ့နေရာ၊ ကိုယ်စွမ်းနိုင်တဲ့အပေါ်မှာမူတည်ပြီးတော့ လှူတာပဲဖြစ်ဖြစ်၊ ကူတာပဲဖြစ်ဖြစ် စသဖြင့် ထမ်းနိုင်တဲ့တာ၀န်တွေ ထမ်းကြမယ်ဆိုရင် အချိန်အကြာကြီးမစောင့်ရဘဲနဲ့ ရည်မှန်းချက်ပန်းတိုင်ကိူ အမြန်ဆုံးရောက်ပါလိမ့်မယ် လို့ ပြောချင်ပါတယ်။ ။