– ဆလိုင်းမာန်အောင်
ညက မဲမဲမှောင်နေသည်။ ညငှက် တကောင်တလေအော်သံမှလွဲ၍ ပတ်ဝန်းကျင်တခွင်လုံး တိတ်ဆိတ်နေသည်။ လေက ငြိမ်နေပြီး တခါတရံ ခပ်သော့သော့ တိုးဝင်လာတတ်သည်။
ကျည်ကွယ်မျက်ကွယ်နေရာမှာ နေရသည်မို့လေလည်းကွယ်နေသည်ထင်သည်။ တညလုံး ပူလောင်အိုက်စပ်နေသည်။ကိုမောင်ဦးတစ်ယောက် နေ့ရော၊ ညပါ အိပ်ရေးပျက်ခဲ့သည်မှာ ၆ ရက်တိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အခုညတွင်လည်း တမှေးမှပင် အိပ်မပျော်။
မေ့လောက်မှတခါ တိုးဝင်လာတတ်သော လေနှင့်အတူပါလာသော စူးရှရှ မီးခိုးနံ့ကို ရှုရှိုက်မိသောအခါ ယောင်္ကျားအရင့်အမာကြီးကိုမောင်ဦးတစ်ယောက်အံကြိတ်ငိုကြွေး မိသည်။ ထိုမိးခိုးအနံ့သည် ကိုမောင်ဦးတို့ ရွာမှ ဆွေမျိုးသားချင်းများ၊ရွာသူရွာသားများ ၊လူပင်ကောင်းကောင်းဖြစ်ခွင့်မရရှာခဲ့သော လူမမယ်ကလေးငယ်များ၏ ရုပ်အလောင်းများအား မီးရှို့ရာနေရာမှ လွင့်ပျံ့လာခြင်းဖြစ်၍ သူနာနာကျင်ကျင် ငိုကြွေးမိခြင်းဖြစ်သည်။
အထက်ပါ မြင်ကွင်းက နာမည်ကျော်သွေးစွန်းမြေဖြစ်သော ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီး တောစပ် တစ်နေရာမှ ဧပြီ ၁၆ရက်ညနက်ပိုင်းနှင့်ဧပြီ ၁၇ ရက် အာရုံမတက်ခင်ကာလ မြင်ကွင်းဖြစ်၏။
ဧပြီ ၁၇ရက်သည် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲ၍ ပဇီကြီးရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများ၏ရက်လည်နေ့ဖြစ်သည်။ မြန်မာလိုနှစ်တစ်နှစ်၏ အဦးဆုံး နှစ်ဆန်း(၁)ရက်နေ့လည်း ဖြစ်သည်။ နှစ်ဆန်း(၁)ရက်နေ့သည် ဘာသာတရားအယူအဆနှင့် ယုံကြည်မှုအရ မင်္ဂလာယူရသော နေ့ဖြစ်သော်လည်း ကိုမောင်ဦးတို့လို ပဇီကြီးရွာဒေသခံများအတွက် မင်္ဂလာမမည်ပါ။
ပဇီကြီးရွာအပါအဝင် ရွာသုံးရွာမှ အရပ်သား ၁၇၀ ခန့်အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်အသတ်ခံရသည့် ခုနှစ်ရက်မြောက်နေ့ဖြစ်သည်။ သေဆုံးသူများ ဘဝကူးကောင်းစေရေးအတွက် သံဃာတော်များဦးဆောင်ပြီးရက်လည် ဆွမ်းသွပ် တရားဟောပြီး အမျှအတန်းဝေရမည့်နေ့လည်းဖြစ်သည်။ သို့သော် လတ်တလောတွင် ရက်လည်ဆွမ်းသွပ်ပင်လုပ်၍ မရသော အခြေအနေက ကိုမောင်ဦး၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိုးနှက်နေသည်။
“သွားလေသူ ကျွန်တော့် ညီအစ်ကိုတွေအတွက်ရက်လည် ဆွမ်းသွပ်တောင်လုပ်ပေးလို့မရဘူးဗျာ။ စစ်တပ်က လေကြောင်းကရော၊ မြေပြင်ကပါ အချိန်ပြည့်စောင့်ကြည့်နေတာ။ အခု ကျွန်တော်တို့ရဲ့ ပူဆွေးမှုက စကားနဲ့တောင် ပြောမပြတတ်တော့ဘူး” ဟု ကိုမောင်ဦးကရင်ဖွင့်သည်။
ကိုမောင်ဦးသည်ပဇီကြီးရွာသားတစ်ဖြစ်သည်။ စစ်ကောင်စီ၏ ဆိုးယုတ်မှုကိုရှင်းလင်းစွာထပ်မံပြသသော ဧပြီ ၁၁ရက်နံနက်ပိုင်း ပဇီကြီးရွာအားလေကြောင်းတိုက်ခိုက်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံမှုတွင်နဖူးတွေ့ဒူးတွေ့ သူကြုံခဲ့သည်။
ပဇီကြီးရွာသည့် ကန့်ဘလူမြို့နယ်အတွင်းရှိပြီးလူနေအိမ် ၂၃၃ လုံး ၊ ၂၀၁၉ စာရင်းအရ လူဦးရေ ၂၀၁၉ ဦးရှိသည်။ တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်သောရွာဖြစ်သည်။ ၂၀၂၁ စစ်အုပ်စုအာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကိုလက်မခံသောရွာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်၍ ပြည်သူ့အုပ်ချုပ်ရေးပုံစံဖြင့် ရပ်ရွာကိစ္စများကိုပြည်သူများကိုယ်တိုင် စီမံနေသောရွာဖြစ်သည်။
ဧပြီလ ၁၁ရက် နံနက်က ပဇီကြီးရွာတွင် အသစ်ဆောက်လုပ်ထားသောအဆောက်အအုံ၌ ပြည်သူ့လုံခြုံရေး၊အုပ်ချုပ်ရေး ၊ကာကွယ်ရေးစသော ကိစ္စရပ်များဆောင်ရွက်မည့်အိမ်လည်းဖြစ် ၊ရုံးလည်းဖြစ်သော အဆောက်အအုံသစ်တွင်အလှူပွဲကျင်းပရန် ဒေသခံများက စုဝေးနေခဲ့သည်။ကျောင်းမသွားခင် အလှူထမင်းလာစားသောကလေးငယ်များ၊ မိန်းမသားများအပါအဝင် အလှူလာသူ ၂၀၀ ကျော်သည် ပြည်သူ့လုံခြုံရေးရုံးရှေ့ မဏ္ဍပ်ထဲတွင် ရှိနေကြသည်။
ထိုအလှူပွဲသို့ ပဇီကြီးအပြင် ဘေးပတ်ဝန်းကျင်ရှိ ရွာသာယာရွာ၊ လေးတွင်းစင်ရွာ ၊ ကျောက်တံခါးရွာ၊ မယ်ဇတောရွာ ၊ သာယာမွန်ရွာ ၊ ကျောက်မြေရွာ ၊ ထနောင်းကိုင်းကြီးရွာ ၊ခင်ဦးရွာ၊မလည်ရွာ၊ညောင်ပေါင်ရင်းရွာတို့မှဒေသခံများလည်းရောက်နေကြသည်။ နံနက် ၇နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ကရုရှားနိုင်ငံထုတ် YAK-130 ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးနှစ်လုံးကိုကျဲချလိုက်သည်။ ထိုနောက် ဖျက်အားပြင်းဗုံးကြောင့် သေနေသူများရော၊မသေသေးသူများကိုပါ
MI-35 ရဟတ်ယာဉ်ပေါ်မှာ စက်သေနတ်များ ၊စက်အမြောက်များဖြင့် ထပ်ခါထပ်ခါ ပတ်ချာလည်ပျံသန်း၍ပစ်ခတ်သတ်ဖြတ်ခဲ့ပြန်သည်။ ကလေးငယ် ၄၀၊ အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဧပြီ ၁၇ ရက်တွင်ထုတ်ပြန်သည်။ ဒဏ်ရာရသူအများအပြားလည်းရှိခဲ့သည်။
ကိုမောင်ဦးသည် ကံကောင်းထောက်မ၍အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း သူ့ညီအငယ်ဆုံး ကိုဝေဖြိုးအောင်၊ သူ့၀မ်းကွဲအကို ကိုမိုဦးနှင့် သူ့အဘိုးလေးတော်စပ်သူ နှစ်ဦး၊ စုစုပေါင်းသူ့ဆွေမျိုးရင်းချာလေးဦးဆုံးရှုံးခဲ့သည်။
သူ၏ ညီအငယ်ဆုံးကို ဝေဖြိုးအောင်မှာ အသက် ၂၅ နှစ်သာရှိသေးသည်။ ၀မ်းကွဲအကို ဖြစ်သူကိုမိုးဦးမှာအသက် ၃၅ နှစ်ဖြစ်ပြီး ၊ အဖိုးလေး ဦးမိုးမှာ ၇၀ နှစ်နှင့် အဖိုးလေး ဦးတင်ရွှေမှာ အသက် ၇၈ နှစ်ဖြစ်၏ ။
စစ်တပ်က လေကြောင်းမှတိုက်ခိုက်ချိန်တွင် ကိုမောင်ဦးတစ်ယောက် မဏ္ဍပ်နှင့် ပေ ၃၀၀ ခန့်အကွာလောက်ရှိ ရွာဈေးဆိုင်တစ်ဆိုင်သို့ရောက်နေသည်။ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် စက်သေနက်ဖြင့်ပစ်ခတ်ချိန်တွင်လမ်းဘေး မြောင်းထဲတွင် ဝပ်နေရင်းလေကြောင်းတိုက်ခိုက်မှုတွင် အသက်ဘေးမှလွတ်မြောက်ခဲ့သည်။
ကိုမောင်ဦးတွင် မိဖနှစ်ပါးအပါအဝင် မိသားစုဝင် ခြောက်ဦး ကျန်ရစ်ခဲ့သည်။သေဆုံးသူ ကိုဝေဖြိုးအောင်သည် သူတို့မိသားစု၏ အချစ်ရဆုံး မိသားစုဝင်တစ်ယောက်လည်းဖြစ်သည်။ ထိုနေ့က မနက်အစောပိုင်းအလှူတွင် ဝေရာဝစ္စ ကူလုပ်နေသည့် ညီငယ်ကို မြင်လိုက်ရခြင်းမှာ အသက်ရှင်လျက် နောက်ဆုံးမြင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ညီအရင်းအပါအဝင် ဆွေမျိုးများ ၊အပြစ်မဲ့ပြည်သူများတစ်ရာကျော်ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုအဖြစ်ဆိုးအလွန်တွင်ကိုမောင်ဦး စိတ်သန္တန်၌ စစ်အာဏာရှင်အား မုန်းတီးမှုအတိုင်းအဆပို၍ ကြီးမားလာသည်။
” အခုနေ စစ်ခွေးနဲ့ တစ်ဦးချင်းသာ တွေ့ရင် တစ်စစီဆွဲဆုတ်ပစ်ချင်တဲ့အထိ ကျွန်တော်တို့ နာကျည်းတယ်” ဟုသူ၏ ဆန္ဒကိုပြောသည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် သူတို့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရပြီး ကိုမောင်ဦးအပါအဝင် ပဇီကြီးရွာမှ အိမ်ထောင်စုသုံးစုသည် ရွာနှင့်မလှမ်းမကမ်းတောထဲတွင် ပုန်းအောင်းနေကြရသည်။ ကျန်အိမ်ထောင်စုများလည်း ဘေးလွတ်မည်ထင်ရာနေရာတွင် ကိုယ့်အစုနှင့်ကိုယ် ပုန်းခိုနေကြရသည်။
သူအပါအဝင် ရွာသူ၊ရွာသားများသည်ညဘက်တွင်ပုန်းအောင်းအိပ်စက်ရပြီး နေ့ဘက်တွင် သေဆုံးသူများ၏ရုပ်အလောင်းများအား ရှာဖွေခဲ့ကြသည်။ ယခုအခါ ရက်လည်ဆွမ်းသွပ်ရမည့်နေ့ရောက်ပြီ။ မြေပြင်တွင် ရုပ်အလောင်းများမရှိတော့ပါ။ ဒီအချိန်တွင် သူအလုပ်ချင်ဆုံးမှာ သွားလေသူများအတွက် ဆွမ်းသွပ်တရားနာပြီး သရဏဂုံရွတ်ဆိုအမျှအတန်းပေးနိုင်ရေးသာဖြစ်သည်။
သို့သော် ဘီလူးစီးနေသည့် စစ်ကောင်စီတပ်သည် ပဇီကြီးရွာကို ဆက်လက်အငြိုးအတေးထားနေသည်။ ပဇီကြီးရွာကောင်းကင်တွင် ကင်းထောက်လေယာဉ်များအဆက်မပြတ် စောင့်ကြည့်နေသည်။ ရွာနှင့် လေးမိုင်ခန့်အကွာ မလည်ရွာအနီးတွင် အင်အား ၂၀၀ခန့်ရှိသော မြေပြင်စစ်ကြောင်းအသင့်ပြင်ထားသည်။
ထို့ကြောင့် ကိုမောင်ဦးနှင့် ပဇီကြီးရွာသားများသည် စစ်ကောင်စီက မိနစ်ပိုင်းအတွင်း သတ်ဖြတ်သွားသည့် လူပေါင်း၁၇၀ ခန့်အတွက် ရက်လည်ဆွမ်းသွပ်ကိုပင် ဖြောင့်ဖြောင့်တန်းတန်းမလုပ်နိုင်ခဲ့ပေ။ အချို့က ဖုန်းမှတဆင့် သံဃာတော်များ၏ တရားနာကာ အစီအစဉ်မကျလှသော ရက်လည်ဆွမ်းသွပ်ကို လုပ်ခဲ့ကြရသည်။
ကိုမောင်ဦးတို့မိသားစုကတော့ သူ့ဆွေမျိုးသားချင်းများအတွက် ရက်လည်ဆွမ်းသွပ်မလုပ်နိုင်သေးပါ။
” ဆရာတော်တွေလည်းကျွန်တော်တို့ရှိရာကိုမလာနိုင်ဘူး။ကျွန်တော်တို့ ပုန်းနေရတဲ့နေရာကလည်း ဖုန်းလိုင်းက အရမ်းဆိုးပါတယ်။ ဘယ်တော့မှ ရက်လည်ဆွမ်းသွပ်ရမလဲ ကျွန်တော်တို့မသိဘူး”ဟုခပ်တိုးတိုးဆိုလေသည်။