Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသခံများလှူဒါန်းမည့်ဆန်များကို စစ်ကောင်စီ သယ်ခွင့်မပြု

မေလ ၁၄ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား၌ ထိခိုက်ပျက်စီးမှုများနှင့် လူသေဆုံးမှုများ ရှိခဲ့သည်။

(မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA)
(မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA)

▪️နယ်လုံဝန်ကြီးလက်မှတ်ပါမှ သယ်ခွင့်ပြုမည့်ကိစ္စ လူသားချင်းမစာနာရာရောက်ဟု ရခိုင်အမတ်ပြော

မုန်တိုင်းဒဏ်ကြုံခဲ့ရသည့် ရခိုင်ဒေသပြည်သူများအား ကူညီမည့်ဆန်များကို စစ်ကောင်စီက သယ်ခွင့်မပြု၍ ဒေသခံများအခက်အခဲကြုံနေရသည်ဟု ရခိုင်ဒေသခံအချို့က ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ရန် အတွက် စစ်တွေမှ ရသေ့တောင်မြို့သို့ ဆန်သယ်ယူရာ စစ်ကောင်စီဂိတ်က သယ်ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်ဒေသခံက ပြောသည်။

“ကျနော်တို့ ရသေ့တောင်မြို့နယ်ဟာ မိုခါ မုန်တိုင်းဒဏ်ကိုအပြင်းထန်ခံစားခဲ့ရတယ်။ ဆန်စပါးတွေလည်း မုန်တိုင်းဒဏ်မိတော့ စားရေးသောက်ရေးအခက်အခဲဖြစ်နေတာ။ ဒါကြောင့် ရန်ကုန်ကအလှူရှင် တစ်ဦးဆီကအလှူခံပြီး အုပ်စုမှာရှိတဲ့ တကယ့်ကိုငတ်နေကြတဲ့အိမ်ထောင်စုတွေကို မျှဝေမယ်ပေါ့။သို့ပေမယ့် ဆန်ကို နယ်လုံဝန်ကြီးလက်မှတ်ပါမှ သယ်ခွင့်ရမယ်ဆိုတော့ ကျနော်တို့ရခိုင်တွေကို ငတ်သေစေချင်တာလားလို့ အစိုးရ(စစ်ကောင်စီ)ကို မေးခွန်းထုတ်ချင်တယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

အခြားရခိုင်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ ဆန်သယ်ယူခွင့်မပြုသည့် လုပ်ရပ်သည် စစ်ကောင်စီ၏ ရခိုင်ပြည်သူများအပေါ် သဘောထားကိုမြင်တွေ့နိုင်ကြောင်း မှတ်ချက်ပြုသည်။

“စစ်တွေက ရသေ့တောင်သို့ သယ်မယ်ဆိုရင် နယ်လုံထောက်ခံစာတောင်းနေပါတယ်။ စစ်တွေ ကျောက်တန်းဂိတ်ကို ဖြတ်သန်းခွင့်မပြုပါ” ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း ယခုကဲ့သို့ ပြည်သူများ မုန်တိုင်းဘေးဒဏ် ကြုံနေရချိန်တွင် တားဆီးပိတ်ပင်ခြင်းများ မဖြစ်သင့်ကြောင်း ပြောသည်။

“ပထမတစ်ချက်က ULA/AAနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ကာလ ဖြစ်တယ်။ ဒုတိယ အချက်က ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုလုပ်တာက သိပ်ပြီးလူသားချင်းမစာနာတဲ့လုပ်ရပ်ပေါ့” ဟု ဦးဖေသန်းက ပြောသည်။

ထိုသို့ ပိတ်ပင်မှုများ ဆက်လုပ်နေပါက AAနှင့် ပါ ဆက်ဆံရေးတင်းမာလာနိုင်သည်ဟု ဆိုသည်။

“ဒီလိုအချိန်မျိုးမှာ ပြည်သူတွေ တကယ်လိုအပ်နေတဲ့ ရိက္ခာတွေ ဆေးဝါးတွေ ဆောက်လုပ်ရေးပစ္စည်းတွေ အဲဒါတွေကို နယ်လုံဝန်ကြီး လက်မှတ်ပါမှတို့ သူတို့ ခွင့်ပြုချက်ရမှတို့ အဲဒီလိုမျိုး လု်ပတာက တော်တော့်ကို မစာမနာရာကျတာပေါ့” ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် မုန်တိုင်းဘေးကြုံရသည့် ပြည်သူများကို ထိရောက်စွာ မကူညီသည့်အပြင် ဟန့်တားခြင်းဖြစ်ကြောင်း ဦးဖေသန်းက ပြောသ်ည။

“လူသားချင်းစာနာထောက်ထားမှုကို သူတို့ဘက်က ချိုးဖျက်တယ်ပေါ့။ ဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မျိုးမှာ ဒါမျိုးလုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်”ဟု ဦးဖေသန်းက ပြောသည်။

မေလ ၁၄ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား၌ ထိခိုက်ပျက်စီးမှုများနှင့် လူသေဆုံးမှုများ ရှိခဲ့သည်။