Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ရှမ်း-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ မနက်စောပိုင်းမှာ မြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PDFက အသိပေးထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ဘေး‌ရှောင်ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် သုံးလုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ လက်ရှိ မိုးဗြဲမြို့မှာ စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ဖြတ်သန်းသွားလာမယ့် ပြည်သူများနဲ့ စစ်ဘေးရှောင်ပြည်သူများအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုဖို့ မိုးဗြဲ PDF က သတိပေးပါတယ်။

(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

▪️မင်းတပ်ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံးများနဲ့ CDF တိုက်ခိုက်

စစ်ကောင်စီတပ်ရဲ့ မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်း၊ မင်းတပ်ရဲစခန်း ၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံး၊ ရော့ကတ်အလုံး ၃၀ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်သမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေတာကြောင့် ပြည်သူလူထုအသက်အိုးအိမ်ဆုံးရှုံးမှုများပြားလာလျက်ရှိရာ စစ်ကောင်စီရဲ့ ကျူးလွန်မှုများကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မေလ ၂၅ ရက်မှာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ မေလ ၂၆ ရက်မှာလည်း ကျောက်ထုမှ တက်လာတဲ့ စစ်ကောင်စီအင်အား ၁၈၀ ခန့်ကို ကျောက်ထု-မင်းတပ်လမ်းပိုင်းတစ်နေရာမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ ဆိုပါတယ်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – Chin Defence Force – Mindat)

▪️မဟာမိတ်စာချုပ်ကို ဆက်အသိအမှတ်ပြုဖို့၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ KIOနဲ့ PSLF/TNLAသဘောတူ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်အဖွဲ့တို့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသမှာ တွေ့ဆုံဆွေးနွေးခဲ့ရာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတူလက်တွဲဆောင်ရွက်သွားဖို့ အပါအဝင် အခြားသဘောတူညီချက်များ ရရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို မေလ ၁၆၊ ၁၇ ရက်တို့မှာ ပြုလုပ်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားဖို့တို့ ဆွေးနွေးခဲ့တယ်လို့ KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ KIO နဲ့ ယခင် PSLOတို့ နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့ ထာ၀ရ မဟာမိတ်စာချုပ်ကို KIOနဲ့ PSLF တို့မှ ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်း အကောင်အထည်ဖော်သွားဖို့၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြဖို့၊ အမျိုးသားတန်းတူရေးအပေါ် အခြေခံပြီး အပြန်အလှန် လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားဖို့ အချက်တွေ သဘောတူညီခဲ့တယ်လို့ အသိပေးပါတယ်။

▪️တိုက်ပွဲ နှစ်လတာအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော်သေ၊ ၁၁ ဦးအရှင်မိဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်လကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၁၄ ဦး သေဆုံးပြီး ၁၂၉ ဦးဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့ကထုတ်ပြန်အသိပေးပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲများဖြစ်ပွားနေခဲ့တာပါ။ စစ်ကောင်စီဘက် ၁၁ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို့ (၆၀) မမပြောင်းရှည် တစ်လက်၊ (၆၀) မမပြောင်းတို တစ်လက်၊ (၄၀) မမ တစ်လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းလေးစင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အသိပေးပါတယ်။

(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

▪️ရခိုင်အတွက် ရှမ်း SSPP၊ မိုင်းလား NDAA နဲ့ မွန် NMSPတို့က AA ထံ အလှူငွေများပေးအပ်

မုန်တိုင်းဘေးကြုံနေရတဲ့ ရခိုင်ပြည်သူများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံ အလှူငွေများပေးအပ်ခဲ့ပါတယ်။ မိုင်းလားတပ်ဖွဲ့က ကျပ်သိန်း ၂,၀၀၀၊ SSPPက ကျပ်သိန်း ၁,၀၀၀ နဲ့ NMSP က ကျပ်သိန်း ၅၀၀ တို့ဖြစ်ပြီး AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန်မှာ အခုလို မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်ရဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြပါတယ်။

(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)
(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်​ဘေး​ရှောင်စခန်းပျက်စီး​နေမှုကို ​မေလ​​နောက်ဆုံးပါတ်က​​တွေ့ရစဥ်။ ဓာတ်ပုံ-Arakan Princess Media)

▪️ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက်စစ်ကြောင်းထိုးမီးရှို့၊ စစ်ဘေးရှောင် ပြည်သူနှစ်ဦးသတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက် စစ်ကြောင်းထိုး မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူ နှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ ချင်းယားရွာ၊ မိုးကွဲရွာ၊ မိုးဖြူရွာတို့အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားစစ်ကြောင်းတစ်ကြောင်းဟာ ကူနီနဲ့ ရေယှားကျေးရွာကြားရှိ စစ်ဘေးရှောင် ၂၀၀ ခန့် တိမ်းရှောင်နေတဲ့နေရာသို့ ပစ်ခတ်ဝင်ရောက်ကာ စစ်ဘေးရှောင် အမျိုးသား နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

▪️မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးလုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ Dog Killers People’s Defence Force Myinmu အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာတဲ့ စစ်ကားလေးစီးအနက် နှစ်စီးကို မြင်းမူမြို့နဲ့ ထီးဆောင်းကျေးရွာကြားမှာ ပဒေသာမိုင်း သုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ DK PDF-MMU အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ ထိခိုက်မှုရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်နဲ့ အဆက်မပြတ်ပြန်လှန်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီယာဥ် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရစဥ်)
(စစ်ကောင်စီယာဥ် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရစဥ်)