Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ပေါင် ၅၀၀ဗုံးသီးများကြဲချ

ရှမ်း-ကရင်နီပြည််နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများအသုံးပြု လေကြောင်းမှကြဲချ တိုက်ခိုက်လို့ အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိကာ ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်များပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီဟာ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များနဲ့ ပစ်ခတ်ပြီး ပေါင် ၅၀၀ ဗုံးသီး သုံးလုံးကိုလည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အရပ်သား အနည်းဆုံးနှစ်ဦး ဒဏ်ရာပြင်းထန်ရထားပြီး ကလေးငယ်တစ်ဦး စက်သေနတ်ကျည်ထိထားတယ်လို့ မိုးဗြဲမြို့လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ ICJ ရုံးရှေ့တို့မှာ တောင်းဆိုဆန္ဒပြ

စစ်ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အမြန်ဆုံး အရေးယူပေးဖို့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဒ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ ICJ ရုံးရှေ့မှာ ပြည်ပရောက် မြန်မာများဦးဆောင်ကာ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူများက “Free Burma” ၊ “Save Myanmar” စတဲ့ စာတန်းများ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်း ကျူးလွန်ထားသော စစ်ပွဲများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်အာဏာရှင်ကို အမြန်ဆုံး ICC သို့ ပို့ဆောင်တရားစွဲဆိုရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

▪️မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို

မြန်မာနိုင်ငံအလယ်ပိုင်းဒေသပါဝင်တဲ့ အမှတ် (၁) စစ်ဒေသမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းထုတ်ပြန်ပါတယ်။ အမှတ် ( ၁) စစ်ဒေသမှာ မန္တလေးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည် မြောက်ပိုင်းတို့ပါဝင်တာပါ။ တိုက်ပွဲများအတွင်း နှစ်ဖက် အကျအဆုံးရှိခဲ့ပြီး NUG ရဲ့စာရင်းအရတော့ စစ်ကောင်စီဘက်က ၆၀၀ ကျော်သေဆုံးပြီး ၇၀၀ ထိခိုက်ဒဏ်ရာရသလို PDF တွေဘက်ကလည်း ၆၀ ကျဆုံးပြီး ၉၀ ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

▪️မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးရဲကင်း တိုက်ခိုက်ခံရ၊ ဂိတ်စောင့်ရဲ သုံးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့်ရဲကင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်ရဲ သုံးဦးသေဆုံးတယ်လို့ ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၅ ရက် ညနေပိုင်းက ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်ရဲ သုံးဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းက ပြောပါတယ်။ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့ဦးပိုင်နှင့်ပူးပေါင်း၍ ကြေးနီတူးဖော်နေသော လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်တို့ကို ဂြိုဟ်တုမှမြင်တွေ့ရသောပုံ ၊ဓါတ်ပုံ-ejatlas.org)
(မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့ဦးပိုင်နှင့်ပူးပေါင်း၍ ကြေးနီတူးဖော်နေသော လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်တို့ကို ဂြိုဟ်တုမှမြင်တွေ့ရသောပုံ ၊ဓါတ်ပုံ-ejatlas.org)

▪️အုတ်တွင်းမြို့မှာ ဆရာမ ၂ ဦး ဆွဲကြိုးဆွဲလုခံရ၊ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက ရန်ကုန် − မန္တလေး လမ်းဟောင်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောင်းဆရာမ နှစ်ဦး ဆွဲကြိုးဖြတ်လုခံရချိန် ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေဆုံးခဲ့ရပါတယ်။ မနေ့ နေ့ခင်းက ဆရာမနှစ်ဦးဟာ တောင်ငူမြို့ကနေ ကျောင်းသုံးပစ္စည်းတွေဝယ်ယူပြီး နေရပ် အုတ်တွင်းမြို့၊ အင်ဒိုင်းရွာ အပြန်လမ်းမှာ လုယက်မှုကိုကြုံရတာလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ကဖော်ပြပါတယ်။ ရွာထိပ်နားအရောက်မှာပဲ နောက်ကနေ လိုက်လာတဲ့ ဆိုက်ကယ်စီးအမျိုးသားနှစ်ဦးက ဆွဲကြိုးဆွဲလု ပြီးမောင်းပြေးရာမှာ ဆရာမနှစ်ဦးရဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)
ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)

▪️မန္တလေး-ဗန်းမော်လမ်းပိုင်း သပိတ်ကျင်းနယ် ရောက်နေတဲ့ယာဉ်များ ခေတ္တရပ်နားပေးဖို့ မြို့နယ်(ပကဖ) အရေးပေါ် ကြေညာ

မန္တလေး-ဗန်းမော် ကားလမ်းပိုင်းအသုံးပြုနေကြသော မိဘပြည်သူများအနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေကြတဲ့ မည်သည့် မော်တော်ယာဉ်အမျိုးအစားမဆို ရောက်တဲ့နေရာမှာ ခေတ္တရပ်နားပေးဖို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရေးပေါ်ကြေညာချက် ဒီနေ့ မနက် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ကားလမ်းကြောပေါ်ရှိ တွေ့ရာ မော်တော်ယာဉ်များကို ချောဆွဲပြီး စစ်သုံးပစ္စည်းများအဖြစ် အသုံးပြုနေကာ ပြည်သူများကို ဓားစားခံအဖြစ် ပြုလုပ်နေတာကြောင့် အခုလို တားမြစ်ရတာလို့ ဆိုပါတယ်။ သပိတ်ကျင်းနယ်မှာ တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာနေလို့ ပြည်သူလူထုကားများကို ချောဆွဲအသုံးပြုနေတာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ်(ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - သပ်တ်ကျင်း-ပကဖ)
(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – သပ်တ်ကျင်း-ပကဖ)

▪️ရွှေဘို-မန္တလေးလမ်းပိုင်း မိုင်းထိစစ်သားများတင်ဆောင်လာတဲ့ယာဉ်ကို ဒေသတွင်း PDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်မှာ မိုင်းထိစစ်သားများကို တင်ဆောင်လာတဲ့ ယာဉ်ကို ဒေသတွင်း PDF များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးပြီး PDFရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တာဝန်ခံက ပြောပါတယ်။ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေတဲ့ ခမရ( ၃၆၄)မှ စစ်ကောင်စီတပ်ဟာ မနေ့က လှတောတိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသခံ ပကဖနဲ့ PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းထိမှုကြောင့် စစ်သားအများအပြား ဒဏ်ရာရရှိကာ လှတောအထိုင်စခန်းသို့ ထမ်းခေါ်သွားခဲ့တယ်လို့ တိုက်နယ်(ပကဖ)အဖွဲ့က ပြောပါတယ်။

(ပင်းဇင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ-Wet Let Information Network)
(ပင်းဇင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ-Wet Let Information Network)