Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဥ်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

“လက်တလောတော့ ရွာသစ်က မီးငြှိမ်းသွားပြီ။ ဒါပေမယ့်ရွာသစ်ရဲ့တောင်ဘက် မူးသာရွာကိုထပ်ဝင်နေတယ်။ မီးငြှိမ်းတဲ့သူတွေကလည်း အရဲစွန့်ပြီး ဝင်ငြှိမ်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

▪️စစ်ကောင်စီတပ်က ရွာသစ်ကျေးရွာကို မီးရှို့၍ ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဥ်များအား ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Khin U Specialforce Organization-KSOအဖွဲ့၏ တာဝန်ခံက ပြောသည်။

ယမန်နေ့(မေလ ၃၁ ရက်) နံနက်ပိုင်းကလည်း ရေဦးမြို့မှ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ် သည် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်များနှင့်ပေါင်းကာ ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်း တံတားသို့ ပျဉ်ထောင်ပျူစောထီးရွာမှ လှည်းအစီးရေ ၂၀ကျော်ဖြင့်လာပို့သော စပါးအပါအဝင် ရိက္ခာများအား ယာဥ်များပေါ်သယ်ယူနေခဲ့ကြောင်း KSOအဖွဲ့၏ တာဝန်ခံက ပြောသည်။

ထိုသို့ သယ်ယူနေစဉ် ဒရုန်းဖြင့် ဗုံးသီး (၈)လုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ပျဥ်ထောင်က လယ်တောဒေသ။ ရာသီမရွေးလယ်စိုက်တယ်။ အနီးတဝိုက်ကရွာတွေကိုစစ်ကြောင်းတွေဝင်ရင်လည်း ပြည်သူတွေရဲ့ စပါးတွေကိုခိုးသယ်တယ်။ သူတို့ကိုယ်တိုင်လည်း စပါးစိုက်တယ်။ အဲဒါတွေကို ရေဦးမြို့ကိုသယ်တာ။ အဲအချိန် တိုက်ခိုက်ခဲ့တာပါ။”ဟု KSOအဖွဲ့၏ တာဝန်ခံက ပြောသည်။

မေလ ၃၀ ရက် ည ၉ နာရီကျော်ကလည်း ခင်ဦးမြို့၊ အင်းပတ်ကွေ့ အထိုင်ချ စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံအနီးသို့ ခြေလျင်တိုးလာရာ တိုက်မိုင်းမိ၍ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်အား မိုင်း(၄)တွဲဖြင့် ထပ်မံဖောက်ခွဲခဲ့ရာ လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း Khin U Specialforce Organization-KSOအဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Khin U Specialforce Organization_KSO၊ Fire Dragon (Khin U)၊ Khin U Local Guerilla Force(KUGF)၊ D. U. G. F(khin U)၊ Wolf Guerrilla Force(YE U)၊ Burmese Revolutin Youthsနှင့် အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၅ နာရီခွဲခန့်တွင်မူ ရေဦး၊ အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းတို့မှ စစ်ကောင်စီတပ်နှင့်ပျူများက ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များလည်း ပစ်ခတ်နေသည်။

“လက်တလောတော့ ရွာသစ်က မီးငြှိမ်းသွားပြီ။ ဒါပေမယ့်ရွာသစ်ရဲ့တောင်ဘက် မူးသာရွာကိုထပ်ဝင်နေတယ်။ မီးငြှိမ်းတဲ့သူတွေကလည်း အရဲစွန့်ပြီး ဝင်ငြှိမ်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ရွာသစ်ကျေးရွာအပါအဝင် ချမ်းသာကုန်း၊ညောင်ပင်ခြံ၊ ဆည်ကြီးနှင့် မူးသာကျေးရွာများမှ ဒေသခံ ပြည်သူ ၃,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။