Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ရာထူးက နုတ်ထွက်မယ်

မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အထူးသံတမန် နိုလင်းဟေဇာဟာ အခု ဇွန်လ ၁၂ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ လပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သက်တမ်းမကုန်မီမှာပဲ ရာထူးကနေ နုတ်ထွက်မှာပါ။ စစ်တပ်အာဏာသိမ်းပြီး ၉ လအကြာ မှာ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးဖို့ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာကို ကုလသမဂ္ဂက အထူးသံတမန်အဖြစ် ခန့်အပ်ပါတယ်။ အထူးသံတမန်တာ၀န်ထမ်းဆောင်စဥ်မှာ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို တစ်ကြိမ်လာရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံရာမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးလမ်းကြောင်းပေါ်ပြန်သွားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ဖို့ စတာတွေ တောင်းဆိုပေမယ့် စစ်ကောင်စီက လျစ်လျူရှူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရရင် မြန်မာဆီ ထပ်မသွားတော့ဘူးလို့ နိုလင်းဟေဇာက အဲဒီခရီးစဉ်အပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်

▪️စစ်ကောင်စီကို ထိရောက်စွာတိုက်ခိုက်နိုင်ရေး ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း စတင်ဖွဲ့စည်း

စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းကို ဒီနေ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က အသိပေးထုတ်ပြန်ပါတယ်။ အဲဒီတပ်ရင်းဟာ တပ်ရင်း(၅၁၀၁) ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များအတိုင်း စုဖွဲ့ထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း၊ စစ်ဒေသခွဲဟာ နယ်မြေအခြေအနေအရ သာမက လုံခြုံရေးအရ အရင်ကမြို့ပြပြောက်ကျားလှုပ်ရှားမှုများနဲ့သာ စစ်ကောင်စီရဲ့ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း/ တပ်ဖွဲ့များဖွဲ့စည်းဖို့ ညွှန်ကြားလာလို့ အခုလို စုဖွဲ့လိုက်တာလို့ ဖော်ပြပါတယ်။

▪️စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ရပ် တည်ဆောက်မယ်လို့ စစ်ကိုင်းဖိုရမ် ကြေညာ

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများအကြား အားလုံးပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်ချက်ချနိုင်တဲ့ တိုင်းအတိုင်ပင်ခံ ကောင်စီ (သို့မဟုတ်) အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ဖို့ ရည်မှန်းတယ်လို့ ပထမအကြိမ် စစ်ကိုင်းဖိုရမ်က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ နဲ့ ၃၁ ရက်တို့မှာ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းရှိ မြို့နယ် (၂၈)မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

▪️မင်းတပ်နဲ့ ပခုက္ကူကြားထိန်းချုပ်နိုင်ရေး မဟာမိတ်များ၊ NUGအောက်ရှိ တပ်ရင်းများနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ CDF စစ်ဒေသမှူးပြော

ချင်းပြည်နယ် မင်းတပ်နဲ့ မကွေးတိုင်း ပခုက္ကူမြို့အကြားရှိမြို့များကို ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်ဖို့ စတင်ပြင်ဆင်နေပြီး မဟာမိတ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးအောက်ရှိ တပ်ရင်းများနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က ပြောပါတယ်။ အဲဒီ ထိုးစစ်အတွက် လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူနိုင်ရေး ‘အားယူထပျံ အောက်ချင်းအားမာန်’ ကမ်ပိန်းရန်ပုံငွေရှာဖွေမှုကို ပံ့ပိုးကူညီပေးဖို့ သူက တောင်းဆိုပါတယ်။ လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားနေရာ ကျည်လိုအပ်ချက် များလည်းရှိနေတယ်လို့ ဆိုပါတယ်။

▪️စစ်တပ်မှရ​တဲ့စနိုက်ပါနဲ့ ခလရ ၂၇၄ ဒုတပ်ရင်းမှူးကို ပစ်ခတ်ခဲ့

မင်းတပ်မြို့နယ် ထင်ချောင်းရွာအနီးရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်များပြားခဲ့တယ်လို့ မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က ပြောပါတယ်။ မင်းတပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး သေဆုံးခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူးကို အာဏာသိမ်းစ ဂေါက်ကွင်းတိုက်ပွဲမှာ သိမ်းဆည်းရရှိရခဲ့တဲ့ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
((ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

▪️ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ဦးခန့်သေဟု ချင်းတပ်သတင်းရင်းမြစ်ပြော

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားမှာ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်က ၂၀ ဦးခန့် သေဆုံးနိုင်တယ်လို့ ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

(ရှေ့တမ်းသွားမည့် CNAရဲဘော်များအား ဗိုလ်မှူးကြီးမှ Col. Solomonမှ ဆုမွန်ကောင်းတောင်းပေးနေစဉ်။ဓာတ်ပုံ - The Chin Journal)
(ရှေ့တမ်းသွားမည့် CNAရဲဘော်များအား ဗိုလ်မှူးကြီးမှ Col. Solomonမှ ဆုမွန်ကောင်းတောင်းပေးနေစဉ်။ဓာတ်ပုံ – The Chin Journal)

စစ်ကောင်စီတပ်က မေလ ၂၉ ရက်ကစလို့ မြေပြင်၊ လက်နက်ကြီး၊ လေကြောင်း ပစ်ကူများနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ထန်တလန်နဲ့ ဟားခါးနယ်ကြားရှိ သီးမစ်ဒေသမှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ဆိုပါတယ်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CDF)

▪️ထားဝယ်မှာ စစ်ဆင်ရေးကိုးကြိမ်အတွင်း ရန်သူ့တပ်သား ၅ ဦးသေ၊ ၂၇ ဦးထိခိုက်ဟု DCC ပြော

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တစ်လအတွင်း စစ်ဆင်ရေး ကိုးကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိသည်အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးများကို ထားဝယ်မြို့နယ်တွင်း စစ်ကောင်စီအထိုင်ချထားတဲ့ ပကာရီရဲစခန်း၊ ဥယျာဥ်ကြီးရွာ၊ ပခပ်ရွာနဲ့ ၈ မိုင်ဂိတ်တို့ကို ထိုးစစ်ဆင်မှု ၂ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်နဲ့ ထိတွေ့မှု ၅ ကြိမ် အသီးသီးဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)
(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)

▪️မုံရွာနယ်အခြေစိုက် PDFစခန်းတစ်ခု စီးနင်းဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Area 71 PDFအဖွဲ့ရဲ့ စခန်းတစ်ခု စီးနင်းဖျက်ဆီးခံရပြီး ဒေသခံပြည်သူတစ်ဦးကို ပစ်သတ်သွားတယ်လို့ အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က စစ်ကောင်စီတပ်ဟာ မုံရွေးရွာနဲ့ ကြေးမုံကျေးရွာဝန်းကျင်ကို အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးပြီး စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပြအဖြစ် ခေါ်ဆောင်လာသူ ဒေသခံပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး စခန်းနဲ့အတူ မီးရှို့ခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF
မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF

▪️ရေလယ်ကျွန်းမှာ စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၆၅၀ ကျော် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လေးရက်အတွင်း ကျေးရွာ ၂၅ ရွာမှ နေအိမ်ပေါင်း ၆၅၀ ကျော်နဲ့ ဆေးပေးခန်းနှစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်း ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်းနဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစတဲ့ စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရေစကြိုမြို့နယ်က ထုတ်ပြန်ပါတယ်။