Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဇွန်လမှာ ရာထူးကနေ စွန့်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ဆွစ်ဇာလန် နိုင်ငံသူ ခရစ္စတင်း ရှာရာနာ ဘာဂါနာ ဆိုရင်လည်း အာဏာသိမ်း စစ်တပ်က မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တာ ခံထားရသလို စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာလည်း သူ့ကို ပစ်မှတ်ထား အပုပ်ချမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။

ဇွန်လမှာ ရာထူးကနေ စွန့်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
ဇွန်လမှာ ရာထူးကနေ စွန့်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ အခုလထဲမှာ ရာထူးကနေ စွန့်ခွာတော့မယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက ဟေဇာဟာ ၁၈ လကြာ တာဝန် ခန့်အပ် ခံရမှု ပြီးဆုံးတဲ့နောက် ဇွန်လထဲမှာ ရာထူးသက်တမ်း စေ့တော့မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ သက်တမ်းတလျှောက် ဟေဇာဟာ အာဏာသိမ်း စစ်တပ်ရော၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေဆီကပါ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ့ နိုင်ငံရေးဟာ ဖြေရှင်းလို့ မရနိုင်လောက်အောင် ရှုပ်ထွေးတဲ့ အကျပ်အတည်းတွေထဲ ကျရောက်သွားခဲ့ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ သံတမန်ရေးရာ အားထုတ်မှုတွေကလည်း အကြိမ်ကြိမ် ကျရှုံးနေခဲ့ပါတယ်။

ဟေဇာကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခဲ့တာပါ။ သူ့ရဲ့ သတ်မှတ် ရာထူးသက်တမ်းက ဇွန်လ ၁၂ ရက်မှာ ကုန်ဆုံးပြီး အဲဒီကျရင် ဟေဇာဟာ ရာထူးကနေ စွန့်ခွာသွားမယ်လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဒူဂျာရစ်က ဆိုပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ ဂူတာရက်စ် အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေအတွက် မနားမနေ အားထုတ်ခဲ့တဲ့ ဟေဇာကို အထူးကျေးဇူးတင်တယ်လို့လည်း ဒူဂျာရစ်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး ကုသလမဂ္ဂဟာ မြန်မာနိုင်ငံဆိုင်ရာ နောက်ထပ် အထူးကိုယ်စားလှယ်သစ် ခန့်အပ်သွားမယ်လို့လည်း သူက အတည်ပြုသွားပါတယ်။

စင်ကာပူ နိုင်ငံသူ တဦးဖြစ်တဲ့ ဟေဇာဟာ မြန်မာ့ နိုင်ငံရေးကို ဆွေးနွေးမှု နည်းလမ်းတွေနဲ့ အဖြေရှာရေးအတွက် အာဏာသိမ်း စစ်တပ်ကို ကြိုးစား စည်းရုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို မျက်ကွယ်ပြုခဲ့သလို အတိုက်အခံ လှုပ်ရှားမှုတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေလည်း ရပ်တန့် မသွားခဲ့ပါဘူး။

ဟေဇာဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် တော်လှန်ရေး အင်အားစုတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဟေဇာက မင်းအောင်လှိုင်တို့နဲ့ သွားတွေ့ဆုံတာဟာ အာဏာသိမ်း စစ်တပ်ကို အစိုးရအဖြစ် တရားဝင်မှု ပေးအပ်တဲ့ အဓိပ္ပါယ် မဟုတ်ဘူးလို့ ပြန်ဖြေရှင်းခဲ့ရပါတယ်။

သူဟာ အကျဉ်းချခံ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကိုလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်က ဟေဇာဟာ ဆွေးနွေးမှုတွေမှာ တဖက်သတ် တောင်းဆိုမှုနဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲ ကြေညာခဲ့ပါတယ်။

သံတမန်ရေးရာ အသိုက်အဝန်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ရုရှားနဲ့ တရုတ်တို့လို စူပါပါဝါတွေဆီက လက်နက်နဲ့ တခြား အထောက်အပံ့တွေ ကျောထောက်နောက်ခံ ရရှိနေဆဲ ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းရေး ကိစ္စကို ခေါင်းမာမာနဲ့ ငြင်းဆန်နေနိုင်ဆဲလို့ ထောက်ပြကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ဆွစ်ဇာလန် နိုင်ငံသူ ခရစ္စတင်း ရှာရာနာ ဘာဂါနာ ဆိုရင်လည်း အာဏာသိမ်း စစ်တပ်က မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တာ ခံထားရသလို စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာလည်း သူ့ကို ပစ်မှတ်ထား အပုပ်ချမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ ပရက်ခ်ဆော့ခန်းကလည်း မြန်မာနိုင်ငံကို ၂ ကြိမ် သွားရောက်ခဲ့ဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ရဲ့ အစွမ်းကုန် မွှေနှောက် ဖျက်ဆီးတဲ့ လုပ်ရပ်တွေအတွင်း အရပ်သား ပြည်သူ ၃၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုသလမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။