Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎လားရှိုးမြို့ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ လားရှိုးမြို့နယ်၊ အထက်မန်အိုင်တောင်ကုန်းရှိ ခမရ (၅၀၇)တပ်နဲ့ အမှတ် (၁၂)နယ်မြေရဲစခန်းကို MNDAA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု မရှိဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ဇွန်လဆန်းမှာစစ်ကောင်စီတပ်ဟာ တရုတ်ရဲ့ကြားဝင်ပေးမှုနဲ့ MNDAA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မိုင်းလားမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပေမယ့် တစ်ဖက်မှာလည်း ကိုးကန့်ဒေသမှာ ထိုးစစ်ဆင်ခဲ့လို့ MNDAA နဲ့ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လားရှိုးစစ်ကောင်စီတပ်ကို တိုက်ခိုက်မှုဟာ MNDAA ရဲ့လက်တုန့်ပြန်တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

(ကိုးကန့်တပ်ဖွဲ့(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်တပ်ဖွဲ့(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

▪︎မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုယ်ကျဦးဆောင်ဖို့ NUG နိုင်ငံခြားရေးတိုက်တွန်း

စစ်အုပ်စုရဲ့အစုလိုက်၊အပြုံလိုက်သတ်ဖြတ်နေမှုများရပ်တန့်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးရာ စိတ်ဆန္ဒကို ဖော်ဆောင်နိုင်မယ့် နိုင်ငံရေးအဖြေထွက်ပေါ်လာဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုယ်ကျဦးစားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိအချိန်ဟာ ကုလထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် ဦးဆောင်လမ်းပြရမယ့် အချိန်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြီးလေးမှုနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တာ၀န်ရပ်ဆိုင်းမှုမှ ဖြစ်ပေါ်လာမယ့် လစ်ဟာမှုတို့ကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများကို ကောင်းစွာအသုံးချဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာ မကြာခင်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်တော့မယ့် ဒေါက်တာနိုလင်းဟေဇာနဲ့ ဇွန်လ ၂ ရက်မှာ လူချင်းတွေ့ဆုံခဲ့ပါတယ်။

▪︎ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ထီးဆောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အချိန် နှစ်နာရီခန့်ကြာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာမှာ အင်အား ၅ဝ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်း ခုနစ်စီးနဲ့ ဗုံးသီး ၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။

▪︎ စစ်တပ်ရဲ့ ဂျန်ဘာကို​ကျော်လွှားနိုင်ဖို့နည်းပညာအကူအညီပေးဖို့ ချောက်ပြောက်ကျားတပ် တိုက်တွန်း

ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်း၊ အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခြင်း အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုများကို တားဆီးဖို့ စစ်ကောင်စီတပ်က ဆက်သွယ်ရေးလှိုင်းများ ဖြတ်တောက်တဲ့ ဂျမ်ဘာများ အသုံးပြု ဆောင်ရွက်နေတာကြောင့် ဂျမ်ဘာများကို ကျော်လွှားနိုင်တဲ့ နည်းပညာများကို တော်လှန်ရေးအဖွဲ့အချင်းချင်း မျှဝေပေးဖို့ ချောက်ပြောက်ကျားတပ်ဖွဲ့(CGF)က မေတ္တာရပ်ခံပါတယ်။ စစ်ကောင်စီထုတ်လုပ်တဲ့ ဂျမ်ဘာများကို ကျော်လွှားနိုင်သော ဖောက်ခွဲရေးပစ္စည်းများကို နည်းပညာများစုဆောင်းကာ ကြိုးစားထုတ်လုပ်ပေးကြဖို့နဲ့ မြို့တွင်းလုပ်ဆောင်မယ့် ပ.က.ဖ များ UGများ အနေနဲ့ စစ်မိစ္ဆာတို့ရဲ့ ဂျမ်ဘာများကို သတိထားကာ မစ်ရှင်များ ဖော်ဆောင်သွားနိုင်ဖို့အတွက်လည်း ချောက်ပြောက်ကျားတပ်ဖွဲ့ ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

(စစ်ကောင်စီ ကပစ-၂၁မှ တပ်ကြပ်ကြီး အောင်သူတင့်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-CGF)
(စစ်ကောင်စီ ကပစ-၂၁မှ တပ်ကြပ်ကြီး အောင်သူတင့်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-CGF)

▪︎ဝက်လက်မှာ ကြားကာလပညာရေးဦးဆောင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကြားကာလပညာရေးအတွက် ဦးဆောင်နေတဲ့ နဘဲပင်လှကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်များကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီက ပြောပါတယ်။ ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နဲ့ စာသင်ဆောင်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ နဘဲပင်လှကျေးရွာမှာ ကြားကာလပညာရေးအတွက် စတင်လှုပ်ရှားခဲ့တဲ့ နေရာဖြစ်ပြီး လက်ရှိအချိန်အထိ ပညာရေးဆက်လက်‌အားကောင်းနေတဲ့ နေရာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတစ်ဦးကိုလည်းမီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

▪︎ပန်းဆိုးတန်းအခွန်ရုံးပေါက်ကွဲမှု ဒုဦးစီးမှူးအပါအ၀င် ၆ ဦးခန့် ထိခိုက်ဒဏ်ရာရဟုဆို

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်ရှိ ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှာဒီ​နေ့နေ့လယ်ပိုင်းကဗုံးပေါက်ကွဲခဲ့ရာမှာ ဒုဦးစီးမှူးအပါအ၀င် ၆ ဦးခန့်ထိခိုက်ဒဏ်ရာရရှိတယ်လို့​ဒေသခံပြည်သူ​တွေကပြောပါတယ်။ဒီ နေ့လယ် ၁၂ နာရီကျော်မှာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ဦးစီးမှူးရုံး (၃)လွှာမှာဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်ဒုဦးစီးမှူးအပါအ၀င် အမျိုးသမီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူများက ပြောသည်။ ဒုဦးစီးမှူး အမျိုးသမီးနဲ့ရုံးဝန်ထမ်း ၅ ယောက်လောက် ဗုံးစမှန်တယ်လို့ သိရပါတယ်။ ဆေးရုံကားတွေလဲ တောက်လျှောက်သွားနေတာလည်း တွေ့ရတယ်လို့​ဒေသခံ​တွေက ပြောပါတယ်။

(၂၀၂၁ ဒီဇင်ဘာ ၂၉ရက်က ပေါက်ကွဲမှုဖြစ်ပွားဖြစ်စဥ်၌ ပန်းဆိုးတန်းလမ်း အခွန်ဦးစီးမှူးရုံးရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(၂၀၂၁ ဒီဇင်ဘာ ၂၉ရက်က ပေါက်ကွဲမှုဖြစ်ပွားဖြစ်စဥ်၌ ပန်းဆိုးတန်းလမ်း အခွန်ဦးစီးမှူးရုံးရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ – CJ)

▪︎မိုးဗြဲမှာတိုက်ပွဲပြင်းထန်ပြီး ဖုန်းနှင့်အင်တာနက်ပြတ်​တောက်​နေ

ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲ မြို့မှာ ဇွန် ၄ ရက်ညက တိုက်ပွဲပြင်းထန်ခဲ့ပြီး​တော့ ဖုန်းနဲ့အင်တာနက်လိုင်း​တွေ ပြတ်တောက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်း မြစ်​တွေက ပြောပပါတယ်။ မိုးဗြဲ မြို့ မှာ မ​နေ့ညကတိုက်ပွဲ ဖြစ်ပွားပြီး​နောက် စစ်ကောင်စီတပ်က လက်နက်ကြီး ​တွေနဲ့ မြို့တွင်းကို ပစ်ခတ်ခဲ့တာ​ကြောင့် မဟာဓာတ်အားလိုင်းပြတ်​တောက်တာ၊ အရပ်သားပြည်သူ​တွေထိခိုက်တာနဲ့နေအိမ် ​တွေပျက်စီးမှု​တွေရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့​နောက်မှာစစ်​ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်း​တွေ ဖြတ်​တောက်ထားလို့ ပြတ်တောက်နေပါတယ်။မနေ့ ညပိုင်းတိုက်ပွဲအ​ခြေအ​နေအသေးစိတ်ကိုမူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့​တွေနဲ့ဆက်သွယ်မရ​သေးလို့မသိရ​သေး​ပါဘူး။

(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)
(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)