Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဆက်တိုက်ပွဲဝင်ဖို့ AKSF တိုက်တွန်း

ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းများနဲ့အတူ ဆက်လက်ပြီး တိုက်ပွဲဝင်ကြဖို့ ကချင်ဒေသ တကျော့ပြန်စစ်ပွဲ (၁၂)နှစ်မြောက်နေ့မှာ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားဖက်ဒရေးရှင်း(AKSF)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီနေ့ကျရောက်တဲ့ ကချင်ဒေသ တကျော့ပြန် စစ်ပွဲဖြစ်ပွားမှု (၁၂)နှစ်မြောက်နေ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြတာပါ။ ကချင်စစ်ဘေးဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းမှ တိုက်ရိုက်ကူညီပေးဖို့၊ အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း AKSFက တိုက်တွန်းပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်လျက်ရှိရာ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့လည်း AKSF ဒုဥက္ကဋ္ဌ ကိုလထော်ဇော်တန်က ပြောပါတယ်။

(လိုင်ဇာမြို့အနီး ကတုတ်ကျင်းတူးနေသော စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်။ဓာတ်ပုံ - Simsa Kasa Multimedia)
(လိုင်ဇာမြို့အနီး ကတုတ်ကျင်းတူးနေသော စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်။ဓာတ်ပုံ – Simsa Kasa Multimedia)

▪️မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလေးဦးကို သတ်ဖြတ်

ရှမ်းကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ထားတဲ့ အရပ်သား ညီအကိုနှစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိပြီး ၎င်းတို့ တပ်စွဲထားတဲ့နေရာအနီးမှာ သားအဖနှစ်ဦးကိုပါ သတ်ဖြတ်ထားတယ်လို့ မိုးဗြဲဒေသခံ သတင်းရင်းမြစ်များက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားတဲ့အတွက် တိုက်ပွဲဖော်ဆောင်ဖို့ ခက်ခဲနေဆဲလို့ မိုးဗြဲ PDFတာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့ တွင်းသို့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အင်အား ၄၀၀ ခန့်နဲ့ ထိုးစစ်ဆင်တပ်စွဲထားပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ – Myingyan Citizen Journalist)

▪️NUG လူ့အခွင့်အရေးဆိုင်ရာအကြံပေးရဲ့ အစ်ကိုအကြီးဆုံးကို ရန်ကုန်မှာ ပျူစောထီးများ သတ်ဖြတ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုအကြီးဆုံးကို ပျူစောထီးများက ဇွန်လ ၇ ရက် ညပိုင်းမှာ သတ်ဖြတ်ခဲ့ပါတယ်။ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုအကြီးဆုံး အသက် ၄၅ နှစ်အရွယ် ဦးသန်းမြင့်(ခ)Sayedul Anwar ကို ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးဗလီအနီးမှာ ပျူစောထီးများက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဦးသန်းမြင့်မှာ ဓားဒဏ်ရာ ၅ ချက်အပါအဝင် အခြားဒဏ်ရာများနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးခဲ့ပါတယ်။

(ဦး​အောင်​ကျော်မိုး၏အစ်ကိုအကြီးဆုံး အသတ်ခံခဲ့ရ​သော​နေရာ ။ဓါတ်ပုံ-CJ)
(ဦး​အောင်​ကျော်မိုး၏အစ်ကိုအကြီးဆုံး အသတ်ခံခဲ့ရ​သော​နေရာ ။ဓါတ်ပုံ-CJ)

▪️မြိုင်မှာ စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းကို တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ တစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇွန်လ ၇ ရက်က ပခုက္ကူမြို့ တပ်မ(၁၀၁)မှ စက်မှု (၂)သို့ ရိက္ခာပို့ဆောင်လာတဲ့ မော်တော်ယာဉ် ခုနစ်စီးပါ ရိက္ခာပို့စစ်ကြောင်းကို မနက်ပိုင်းတိုက်ခိုက်ခဲ့ရာ ရိက္ခာယာဉ်တစ်စီး ပျက်စီးပြီး ယာဉ်ပေါ်ပါ စစ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ နေ့ခင်းမှာလည်း အဲဒီရိက္ခာယာဉ်တန်းကို ကင်းပုန်း၀တ်စောင့်​ပေးနေတဲ့ စက်မှု(၂)မှ အင်အား ၂၀ ခန့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုကြောင့် နှစ်ဦး‌ သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။

(စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းအား တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းအား တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

▪️စစ်ကိုင်းနဲ့ မြင်းမူနယ်ရှိ ရဲစခန်း၊ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဝင်များ ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ မြင်းမူမြို့ရှိ ရဲစခန်း၊ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ ညနေပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းခုနစ်စီးနဲ့ ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စခန်းမှူးအပါအဝင် စစ်အုပ်စုဝင် ခုနစ်ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဇွန်လ ၇ ရက် မနက်ပိုင်းက မြင်းမူမြို့၊ မြို့မရဲစခန်းအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းစခန်းကို လက်ပစ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး မိနစ်အနည်းငယ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့စဥ်)
(ပြီးခဲ့သည့်လပိုင်းအတွင်းက ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့စဥ်)

▪️ပုလောမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၇ ရက် ညနေပိုင်းက ပုလောမြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် မင်းထိန်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တာပါ။ မင်းထိန်ကျေးရွာမှ အသက်(၅၀)ဝန်းကျင် ဦးဖိုးချောင်းဆိုသူ လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်
ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်

▪️ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ လောက်ကို ထိုင်းကယ်ဖို့ ကြိုးပမ်း​နေ

ရှမ်းပြည်နယ်ထဲ ပိတ်မိနေပြီး ပြည့်တန်ဆာ လုပ်ငန်းအတွက် အတင်းအကျပ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ လောက်ကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ထိုင်းအာဏာပိုင်တွေနဲ့ စေတနာ့ဝန်ထမ်း လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။ ရှမ်းပြည်နယ်ထဲကို လှည့်စားပြီး လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီး တချို့ဟာ ရရာနည်းလမ်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းခံမှုတွေ ရှိနေတယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားသူ ပါဗီနာ ဟွန်ဆာကူလ်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။ သူတို့ ရရှိထားတဲ့ သတင်းတွေအရ ထိုင်းအမျိုးသမီးတွေဟာ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် မူးယစ်ဆေးဝါး သုံးစွဲစေတာမျိုးတွေလည်း ကြုံနေရတယ်လို့ သိရှိထားကြောင်း ပါဗီနာက ဆိုပါတယ်။