Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သဘာဝတရားရိပ်သာဆရာ​တော်က ဖမ်းဆီးခံထားရ​​သောဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမလုပ်ရန် ပြောဆိုချက် အ​ပေါ် ဝေဖန်မှုမြင့်တက်

၈၈မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးကလည်း နိုင်ငံရေးသမားတယောက်ဆက်လက်တည်ရှိခြင်း၊မတည်ရှိခြင်းသည် သူ့ကိုယုံကြည်ထောက်ခံသည့်ပြည်သူလူထုဆန္ဒနှင့် ကာယကံရှင်၏ ဆုံးဖြတ်ချက်အပေါ် မတည်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားအသိပေးသည်။

(သဘာဝတရားရိပ်သာဆရာ​တော်က ဦးတင်ဦးအိမ်သို့သွား​ရောက်၍​ပြောကြား​နေစဥ်။ဓါတ်ပုံ-ဦးဥတ္တမသာရFB)
(သဘာဝတရားရိပ်သာဆရာ​တော်က ဦးတင်ဦးအိမ်သို့သွား​ရောက်၍​ပြောကြား​နေစဥ်။ဓါတ်ပုံ-ဦးဥတ္တမသာရFB)

▪︎”ဘုန်းကြီးက ဘာသာရေးမလုပ်ဘဲ နိုင်ငံရေးမှာဝင်ရှုပ်တယ်၊စစ်တပ်ကနိုင်ငံတော်ကာကွယ်ရေးမလုပ်ဘဲ နိုင်ငံအာဏာဝင်လုတယ်လေ။ ဘုန်းကြီးက စစ်တပ်ဖက်မှ နိုင်ငံရေးပွဲစားသဖွယ်ဝင်လုပ်တာဘဲ” -ဦးထွန်းမြင့်(NLD ဗဟို​အလုပ်ကော်မတီအဖွဲ့ဝင်

သက်ဝေ၊ကိုမာယု /People’s Spring

စစ်ကောင်စီတပ်ကမတရားဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမလုပ်ရန် စစ်ကောင်စီ အလိုကျပြောဆိုခဲ့သည့် သဘာ၀တရားရိပ်သာမှ ဦးဥတ္တမသာရ၏ ပြောဆိုချက် အမြီးအမောက်မတည်သည့်ပြောဆိုချက်ဖြစ်ကြောင် ဝေဖန်မှုများစွာရှိ​နေသည်။

ဦးဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယကဦးတင်ဦးအားဇွန်လ ၈ ရက် ​နေ့ခင်း ၂ နာရီတွင်သွားရောက်တွေ့ဆုံပြီးဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကနိုင်ငံရေးမလုပ်စေချင်တော့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးအလုပ်ကိုမစွန့်၍စစ်တပ်ကတင်းမာနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်ပြီး အပြောင်းအလဲများစွာပြောင်းလဲနိုင်ကြောင်း အသက်အရွယ်ကြီး​နေပြီးစကား​ကောင်းစွာမ​ပြောနိုင်​တော့သောဦးတင်ဦးကိုပြောဆိုသွားခဲ့သည်။

ယင်းသို့ပြောဆိုချက်ရုပ်သံကိုလည်းဦးဥတ္တမသာရက၎င်း၏ လူမှုကွန်ရက်တွင်ဖော်ပြခဲ့ရာ ဦးဥတ္တမသာရ၏အတွေအခေါ်မှာ များစွာ နိမ့်လွန်းပြီး သဘာ၀မကျ၊ ယုတ္တိမတန်ကြောင်း၊ စစ်ကောင်စီ အလိုကျ ပြောဆိုခြင်းဖြစ်ကြောင်း ပြည်သူများ၊ နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများက တုံ့ပြန်ခဲ့သည်။အဆိုပါ ဦးဥတ္တမသာရဆိုသူမှာစစ်ကောင်စီတပ်မှဗိုလ်ချုပ်များနှင့်နီးစပ်မှုရှိသူဖြစ်သည်။

“ပြောတဲ့အကြောင်းအရာက အမြီးအမောက်မတည့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ထားအုံး နော် ကိုယ်တို့လိုလူမျိုးကိုယ်တောင် လက်ရှိ နိုင်ငံရေးမလုပ်ပါနဲ့လို့ လုပ်လို့မရဘူး။နိုင်ငံရေးဆို တာ နိုင်ငံသားတစ်ယောက်အနေနဲ့ လုံး၀ ကင်းလွတ်လို့ရတာမဟုတ်ဘူး။နိုင်ငံရေးမလုပ်ပါနဲ့ ဆိုတာ ဟို(ဒေါ်အောင်ဆန်းစုကြည်)က ဘ၀တွေရောမိသားစုဘ၀တွေရော အကုန်လုံးရင်းပြီးမှ နိုင်ငံတစ်နိုင်ငံ လုံးက ပြည်သူပြည်သားတွေအတွက် နိုင်ငံအတွက်လုပ်နေတဲ့ဟာကို နိုင်ငံရေးမလုပ်ပါနဲ့ဆိုတာ တော်တော့ကို အဆင်မပြေတဲ့စကားလုံး။ ဘုန်းကြီးမို့လို့သာသိပ်မပြောချင်တာ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိ အချိန်၌ မည်သို့ သတင်းများထွက်ပေါ်သည်ဖြစ်စေ သတိနှင့်ယှဉ်ပြီး တော်လှန်ရေးအောင်မြင်သည့်အထိ ချင့်ချိန်လုပ်ဆောင်သင့်ကြောင်းလည်း အဆိုပါ တော်လှန်ရေးခေါင်းဆောင်က ပြောသည်။

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD )ဗဟိုအလုပ်ကော်မတီ CWC အဖွဲ့ဝင် ဦးထွန်းမြင့်ကလည်း “ကျွန်တော်တို့နိုင်ငံမှာ အဓိက ကိုယ့်အလုပ်ကို ကိုယ်မလုပ်ကြလို့ ပြသနာဖြစ်နေကြတာဘဲ။ဘုန်းကြီးက ဘာသာရေးမလုပ်ဘဲ နိုင်ငံရေးမှာဝင်ရှုပ်တယ်၊စစ်တပ်ကနိုင်ငံတော်ကာကွယ်ရေးမလုပ်ဘဲ နိုင်ငံအာဏာဝင်လုတယ်လေ။ ဘုန်းကြီးက စစ်တပ်ဖက်မှ နိုင်ငံရေးပွဲစားသဖွယ်ဝင်လုပ်တာဘဲ။ နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမလုပ်ဖို့…လာရောက်ပြောဆိုတာဟာ သဘာဝမကျဘူး။ နိုင်ငံရေးသမားဟာ..နိုင်ငံရေးလုပ်မှာဘဲ၊စစ်တပ်က ကာကွယ်ရေးမလုပ်ဘဲ နိုင်ငံရေးထဲမှာဝင်ရှုပ်နေတာကို…ဘုန်ကြီးကမပြောရဲဘူး” ဟု​ပြောသည်။

ဆက်လက်၍ လည်း ဦးထွန်းမြင့်က “ဘုန်းကြီးက အဂတိတရား(၄)ပါးကိုကျူးလွန်တာဖြစ်တယ်။ ပြည်သူလူထုထောက်ခံမှုအစစ်အမှန်ရရှိထာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဆက်လုပ်မှာကို စစ်တပ်ကကြောက်နေလို့….စစ်တပ်ဖက်မှပွဲစားလုပ်ပြီး …စကားမပြောနိုင်တဲ့ဘဘဦးတင်ဦးကို…ဘုန်ကြီးကတဖက်သတ်ပြောသွားခဲ့တာပါ”ဟု သုံးသပ်​ပြောကြားသည်။

၈၈မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးကလည်း နိုင်ငံရေးသမားတယောက်ဆက်လက်တည်ရှိခြင်း၊မတည်ရှိခြင်းသည် သူ့ကိုယုံကြည်ထောက်ခံသည့်ပြည်သူလူထုဆန္ဒနှင့် ကာယကံရှင်၏ ဆုံးဖြတ်ချက်အပေါ် မတည်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားအသိပေးသည်။

“လုပ်ရပ်မှန်ရင်တက်မယ်၊မှားရင်ကျမယ်။ဒါဘဲ။သိပ်ကိုရိုးရှင်းတယ်။ဝေဖန်ခွင့်ရှိတယ်။အပုတ်ချခွင့်တော့ကျင့်ဝတ်အရမသင့်ဘူး။ နည်းလမ်းပေါင်းစုံသုံးပြီးဆွဲချလည်း လူထုထောက်ခံမှုရှိသရွေ့ သူကျမှာမဟုတ် ဘူး။သဘောမတူညီမှုတွေကိုနိုင်ငံရေးအရဝေဖန်ထောက်ပြခွင့်ရှိတယ်။ပြန်လှန်ငြင်းပယ်ခွင့်လည်း ရှိတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်

သက်လို့သဘောထားကွဲပြားတာတွေများစွာရှိနိုင်တယ်။ဒါ ပြဿနာမဟုတ်ဘူး။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်သူလူထုအများစုကြီးကယုံကြည်ထောက်ခံထားတယ်ဆိုတာကိုတော့မျက်ကွယ်ပြုလို့မရဘူး။ပြည်သူလူထုရဲ့ဆန္ဒကိုတော့ လေးစားရလိမ့်မယ်” ဟု ဦးမြအေးကပြောသည်။

ကြိုက်ခြင်း မကြိုက်ခြင်းထက်မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကိုချန်လှပ်စဉ်းစား၍မရဟု ဦးမြအေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ပါစေဟုလည်း ဦးမြအေးက ဆုတောင်းပေးခဲ့သည်။

သဘာဝတရားရိပ်သာဆရာ​တော်သည်စစ်တပ်ကို​ထောက်ခံသူဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီး​နောက်ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်စဥ်စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်​သောအခါ စစ်တပ်အာဏာသိမ်းမှုနှင့်ဖြစ်ပျက်​နေ​သောအခြအ​နေများသည် အတိတ်ဘဝမှ ကံများ​ကြောင့်ဖြစ်ပြီး စစ်တပ်ကိုမဆန့်ကျင်ရန် တစ်ဖက်လှည့်ဖြင့်​ရေးသားထား​သောစာများကို ဆွမ်းခံကြွရင်း ပြည်သူများထံ​ဝေခဲ့​ကြောင်း အဆိုပါစာရွက်များဖတ်ခဲ့ဖူး​​သောရန်ကုန်မြို့​နေပြည်သူအချို့က​ပြောသည်။

ထို့အပြင်သည်ဦးဥတ္တမသာရ သည်စစ်​ကောင်စီရုံးစိုက်ရာနေပြည်တော်ရှိအမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိိုလ်ချုပ်ကြီး မင်းနိုင် အပါအဝင်အဖွဲ့ဝင်များနှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၂၀၂၃ မေလ ၁၆ ရက်နေ့တို့တွင်သွားရောက်တွေ့ဆုံခဲ့ကြောင်း ၎င်း၏​ဖေစ်ဘွခ်တွင်​ပုံများနှင့်တစ်ကွ​ရေးသားထားသည်။

၂၀၂၂ ခုနှစ်ထိုင်းနိုင်ငံ၊ မဲဆောက်ရှိသဘာ၀ တရားရိပ်သာဆရာ​​တော်က ဖွင့်လှစ်ထားသောတရားရိပ်သာတွင် စစ်​ကောင်စီတပ်၏ထောက်လှမ်းရေးအချို့ကိုထိုင်းရဲကဖမ်းဆီး​ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါစစ်ထောက်လှမ်းရေးများသည် မဲ​ဆောက်၊ဘန်​ကောက်စ​သောထိုင်းနိုင်ငံအတွင်း တော်လှန်ရေးသမားများ၏ သတင်းကို စုံစမ်းရန် အ​ယောင်ဆာင်ရောက်ရှိခဲ့သည်ဟုထိုင်းသတင်းဌာနများကဖော်ပြခဲ့ကြသည်။