Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖာပွန်ခရိုင် သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ခုနစ်ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၄ မှ ၆ ရက်အတွင်း စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးပြီး မြင်းလားတစ်ကောင်နဲ့ ရိက္ခာတင်မော်တော်ယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

▪️မိုးဗြဲမြို့မှာ တိုက်ပွဲဆက်ဖြစ်

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၃ )က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မိုးဗြဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေကြောင့် ပြည်သူများအနေနဲ့ မိုးဗြဲမြို့နဲ့ ဆက်စပ်ကာ အသွားအလာရှောင်ရှားပေးဖို့ KNDF တပ်ရင်း ၃ က တိုက်တွန်းပါတယ်။

(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)
(မိုးဗြဲ မြို့ကို Google MP တွင်​တွေ့ရစဥ်)

▪️အောင်မြေသာစံမြို့နယ်ယာဉ်ထိန်းရဲလိုင်းခန်း ဗုံးပစ်တိုက်ခိုက်ခံရ

ပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ်နေတဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ယာဉ်ထိန်းရဲလိုင်းခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD တာဝန်ရှိသူက ပြောပါတယ်။ ယာဥ်ထိန်းရဲလိုင်းခန်းကို မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်းကလည်း NMD ဟာ ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ NMD ဟာ ပြီးခဲ့တဲ့မေလမှာ စစ်ဆင်ရေး ကိုးခုဖော်ဆောင်ခဲ့ပြီး ဒီလအစမှာ စစ်ဆင်ရေးနှစ်ခုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေးများလုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူများရဲ့အထောက်အပံ့များလိုအပ်နေတယ်လို့ တာ၀န်ရှိသူက ဆိုပါတယ်။

အောင်မြေသာစံမြို့နယ်ယာဉ်ထိန်းရဲလိုင်းခန်း ဗုံးပစ်တိုက်ခိုက်ခံရ
အောင်မြေသာစံမြို့နယ်ယာဉ်ထိန်းရဲလိုင်းခန်း ဗုံးပစ်တိုက်ခိုက်ခံရ

▪️မွန်နဲ့ တင်္သာရီတိုင်းကြား လမ်းမကြီးတလျှောက် ထိုးဖောက်ဝင်ရောက် ထိန်းချုပ်လှုပ်ရှားနေပြီလို့ KNLA တပ်ရင်း(၂၇)ထုတ်ပြန်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နဲ့ တနင်္သာရီတိုင်းကြားဆက်သွယ်ထားတဲ့ လမ်းမကြီးတလျှောက်ကို ထိုးဖောက်ဝင်ရောက် ထိန်းချုပ်လှုပ်ရှားနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAတပ်မဟာ(၆)တပ်ရင်း (၂၇)က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ အမှတ်(၈)လမ်းမကြီးတလျှောက်သွားလာကြတဲ့ မော်တော်ယာဉ်များအနေနဲ့ လာမယ့် ဇွန်လ ၁၅ ရက်ကစလို့ အမိန့်ထုတ်ပြန်ချက်အတိုင်း တိကျစွာလိုက်နာကြရမယ်လို့ အသိပေးပါတယ်။ မော်တော်ယာဉ်များ ကြည်ဖြူစွာရပ်တန့်ကာ အစစ်ဆေးခံပေးကြဖို့၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယာဉ်များလည်း ကြည်ဖြူစွာ ရပ်တန့်အစစ်အဆေးခံကြရဖို့ ဖော်ပြပါတယ်။

▪️ကောလင်းမှာ စစ်ကောင်စီတပ်က စစ်ရှောင် ၁၇ ဦးဖမ်းဆီးပြီး ရှစ်ဦးကို သတ်ဖြတ်၊ လေးဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင် အရပ်သား ၁၇ ဦးဖမ်းဆီးခဲ့ပြီး ရှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လေးဦးမှာ သတင်းအစအနပျောက်နေတယ်လို့ ဆိုပါတယ်။ ကောလင်းမြို့နယ် သစ်ဖုလှတောင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)
(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

▪️ခင်ဦးနယ်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး၊ ဝက်လက်နယ်မှာ မွန်ပြည်နယ်ကနေ လာရောက်ပူးပေါင်းတဲ့ ရဲဘော်တစ်ဦးလည်း ကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဇွန်လ ၉ ရက်က ခင်ဦးမြို့နယ် ရေအေးကုန်းကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး မနေ့ မနက်ပိုင်းမှာ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ သံဘိုကျေးရွာတောင်ဘက်မှာ မိုင်းထိပြီး ထိခိုက်သေဆုံးမှုများရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်စဥ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ်မှာလည်း မွန်ပြည်နယ်မှလာရောက်ကာ စစ်​ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ရဲဘော်ဇာမဏီ မိုင်းဆင်ရင်းမ​တော်တဆဖြစ်ကာ ကျဆုံးခဲ့တယ်လို့ ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)