Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အခြားပြည်နယ်များ၏ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို စံတန်ဖိုးအနေဖြင့် အခြေပြု တည်ဆောက်နေခြင်းဖြစ်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကြီးစွာသော အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အခြားပြည်နယ်များ၏ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း ယာယီသမ္မတ ပြော
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အခြားပြည်နယ်များ၏ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း ယာယီသမ္မတ ပြော

▪️အခြားဒေသများ၌လည်း အုပ်ချုပ်ရေးယန္တရားများ ဖန်တီးရန် ယာယီသမ္မတနှင့် ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတိုက်တွန်း

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အခြားသောပြည်နယ်များ၏ စံနမူနာဖြစ်စေရန်မျှော်လင့်ကြောင်းနှင့် ကရင်နီပြည်သူလူထု၏ လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ကျင်းပသည့် ကရင်နီပြည်ကြားကာလ ကောင်စီဖွဲ့စည်းခြင်း မိတ်ဆက်ပွဲတွင် ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုလို အခမ်းအနားမျိုးမှာကရင်နီပြည်နယ် လွတ်မြောက်ရေးအတွက် အလားအလာသစ်တွေကိုတွေ့မြင်နေရပြီဖြစ်ပါတယ်။ဒါကြောင့် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီကို အထူးမျှော်လင့် အားကိုးတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ တိုက်တွန်းလိုတာ တချို့ရှိပါတယ်။ အဲဒါက လောလောဆယ်အားဖြင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ ရည်ရွယ်ချက် သုံးရပ်ကို စနစ်တကျ နဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အစဉ်တစိုက်လိုလားကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေပြုပြီး တည်ဆောက်ကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို စံတန်ဖိုးအနေဖြင့် အခြေပြု တည်ဆောက်နေခြင်းဖြစ်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကြီးစွာသော အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“ဒါကြောင့် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် ကရင်နီပြည်နယ်ဟာ အရေးကြီးသော ဗဟိုချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်လို့ ပြောချင်ပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသော ပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အလားတူ ဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမိုစုစည်းညီညွတ်စွာ ပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်”ဟု ယာယီသမ္မတကပြောကြားသည်။

ကြားကာလဖြစ်၍ ပြီးပြည့်စုံသည့် ကောင်စီရယ်လို့ မဟုတ်သော်လည်း အလုပ်လုပ်နိုင်မည့် တကယ်ကို ရပ်တည်ချက် ကောင်းကောင်း၊ ရည်မှန်းချက်ကောင်းကောင်းဖြင့်လုပ်ဆောင်နိုင်သည့် စွမ်းအားရှိသည့် အဖွဲ့တစ်ခုဖြစ်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါကို ပြည်သူလူထုအားလုံးလည်း လက်ခံပြီးတော့ နောက်ကနေ ပံ့ပိုးပေးကြပါ။ အခြားအခြားသော ပြည်နယ်တွေဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေကလည်း ကရင်နီပြည်ရဲ့ ကောင်စီကဲ့သို့ လုပ်ဆောင်ပြီးတော့ လတ်တလော ပြည်သူတွေ မိမိတို့ ဒေသကို အုပ်ချုပ်နိုင်ဖို့ ခြေလှမ်းစပြီး လုပ်ဆောင်ကြပါ လက်တွဲကြပါ”ဟု ယာယီသမ္မတက ပြောကြားသည်။

ကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်ကလည်း လက်ရှိ အချိန်တွင် အခြေခံလိုအပ်ချက်များစွာထဲမှ တော်လှန်ရေးကြီးကို တစ်စုံလုံး၏ လုပ်ငန်းစဉ်များ အပြီးမသတ်နိုင်သေးသော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ ပေါင်းစည်းမှု အင်အားဖြင့် လှပကောင်းမွန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုအဖြစ် အနာဂတ်သမိုင်းသစ်ကို အားလုံး အတူတကွ ပြန်လည်တည်ဆောက်ခွင့်ရကြပြီဖြစ်ကြောင်း ပြောသည်။

“ဒါကြောင့် တခြားသော ညီအကိုပြည်နယ်များအနေနဲ့လည်း ကျနော်တို့ ကရင်နီပြည်နယ်ကဲ့သို့ပဲ အလုံးစုံမပြည့်စုံသေးပေမယ့် လက်ရှိ မိမိတို့ရဲ့ ပြည်နယ်အခင်းအကျင်းအပေါ်မှာ အခြေခံပြီး အားကောင်းခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားအခင်းအကျင်းတွေကို မိမိတို့ လူထုအတွက် ကြိုးစားဖန်တီးရင်း အားကောင်းခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနှင့်အတူ ဆက်လက်အတူတကွ တည်ဆောက်သွားကြပါစို့လို့ ခွန်အားပေး တိုက်တွန်းလိုက်ပါတယ်”ဟု ခူဦးရယ်က ပြောသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို စစ်ကောင်စီ ကနဦးတွင် ၆ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ကောင်စီ၏ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။