Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းပန်သည့်ပုံ လူမှုကွန်ရက်တင်ခဲ့သည်ဆိုကာ နတ်တလင်းဒေသခံသုံးဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့မှ ကိုသန့်စင်ထက်၊ မခင်ပြည့်ပြည့်အောင်နှင့် မဝင်းလေးတို့ဖြစ်သည်။ ၎င်းတို့ သုံးဦးအား ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီအကောင့်များက လှုံ့ဆော်ပြီး နာရီပိုင်းအကြာတွင် နတ်တလင်းမြို့မ ရဲစခန်းမှူးဦး‌ဆောင်ပြီး ဖမ်းဆီးခြင်းဟု သိရသည်။

(ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး PDFမှ ရဲမေတစ်ဦး ပန်းပန်၍ မွေးနေ့ပွဲဆင်နွှဲနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)
(ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး PDFမှ ရဲမေတစ်ဦး ပန်းပန်၍ မွေးနေ့ပွဲဆင်နွှဲနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)

ပဲခူးတိုင်း နတ်တလင်းမြို့မှ ဒေသခံ သုံးဦးသည် ဇွန်လ ၁၉ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အမှတ်တရအဖြစ် ပန်းပန်သည့်ပုံ လူမှုကွန်ရက်၌တင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

“ပန်းပန်တဲ့ပုံ၊ ပန်းပုံတင်လို့ဆိုပြီး လာဖမ်းသွားတာ။ ပြန်မလွတ်သေးဘူး။ ဘာတွေ ဆက်ဖြစ်မှာလဲ မသိဘူး “ဟု နတ်တလင်းမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့မှ ကိုသန့်စင်ထက်၊ မခင်ပြည့်ပြည့်အောင်နှင့် မဝင်းလေးတို့ဖြစ်သည်။ ၎င်းတို့ သုံးဦးအား ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီအကောင့်များက လှုံ့ဆော်ပြီး နာရီပိုင်းအကြာတွင် နတ်တလင်းမြို့မ ရဲစခန်းမှူးဦး‌ဆောင်ပြီး ဖမ်းဆီးခြင်းဟု သိရသည်။

ယနေ့(ဇွန် ၂၀ရက်) နံနက်အထိ နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ကိုသန့်စင်ထက်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁က ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါး မတရား ထောင်ကျခဲ့သူဖြစ်သည်။ ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်တွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားခြင်းဟု မြို့ခံများက‌ ပြောသည်။

ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကို နိုင်ငံတဝန်း ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာရောက် မြန်မာများက ပန်းသပိတ်ဆင်နွှဲခဲ့ကြသည်။ ပန်းသပိတ်တွင် ပါဝင်သူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့ရာ ရန်ကုန်၊ မန္တလေး၊ ‌ကလေးမြို့တို့တွင် အရပ်သားအချို့ဖမ်းဆီးခံခဲ့ရသည်။