Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်​ကောင်စီရဲ့ MFTB နဲ့ MICB ဘဏ်တို့ကို အမေရိကန် ဒဏ်ခတ်အ​ရေးယူ

အ​မေရိကန်အစိုးရဟာ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း​ရောင်းဝယ်​ရေးဘဏ်(MICB)တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ပြီး ဒီနေ့(ဇွန်လ ၂၀ ရက်)မှာ စတင်အသက်ဝင်မယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။ ပိတ်ဆို့အရေးယူမှုအသစ်များဟာ စစ်အာဏာရှင်များရဲ့ ငွေကြေးဝင်ရောက်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီစစ်တပ်က ပြည်သူများကို အကြမ်းဖက်မှုနဲ့ စစ်ဆင်နွှဲနိုင်တဲ့ စွမ်းရည်များကို လျှော့ချဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရေနံနှင့်သဘာဝအရင်းအမြစ်များ တင်ပို့မှုမှရရှိတဲ့ စစ်ကောင်စီအတွက် ၀င်ငွေနဲ့ နိုင်ငံခြားငွေများကို အနောက်နိုင်ငံများက ဖြတ်တောက်ဖို့ ကြိုးပမ်းနေကြတာပါ။

▪️ထန်တလန်မြို့သို့ ဦးတည်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပူး​ပေါင်းတပ် ပိတ်ဆို့ဟန့်တား

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြောင်းကို ချင်းပူးပေါင်းတပ်များက ပိတ်ဆို့ဟန့်တားထားရာ စစ်ကောင်စီတပ် ရှေ့ဆက်မတိုင်းနိုင်ဘဲ ဟားခါးမြို့နယ်အတွင်းမှာပဲ ရှိနေတယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မေလကုန်ပိုင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူများ ရယူပြီး ဟားခါးမြို့မှ ထန်တလန်သို့ ဦးတည်စစ်ကြောင်းထိုးလာလို့ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ လက်ရှိ အချိန်ထိ စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂၉ ရက်မှ လက်ရှိ အချိန်ထိတိုက်ပွဲများအတွင်း CNA နဲ့ CDF ရဲဘော် ၁၇ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှု များပြားခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)
(ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် ဟားခါးမြို့မြင်ကွင်း ။ဓါတ်ပုံ-The Chin Journal)

▪️မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်အချင်းချင်း မှားပစ်မိတဲ့ ရုပ်သံဖိုင် KNDF ထုတ်ပြန်

မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကိုယ့်တပ်ကို ပြန်ပစ်ခတ်မိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF UAV ဒရုန်းတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ရေးပြင်းထန်လာတဲ့ ရှမ်း-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ ဇွန်လ ၁၆ ရက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး KNDF -UAV ဒရုန်းတပ်ဖွဲ့မှ စစ်ကူသွားခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ရာ အရပ်သားနေအိမ်မှာ နေရာယူထားတဲ့ စစ်သားများကို ထိမှန်ခဲ့​တယ်လို့ ရုပ်သံနှင့်တစ်ကွ ထုတ်ပြန်ပါတယ်။

▪️ထားဝယ်သပိတ်ခေါင်းဆောင်ကို ဖမ်းမမိလို့ ဖခင်ကို စစ်တပ်က ရိုက်နှက်ဖမ်းခေါ်သွား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိလို့ ဖခင်ဖြစ်သူကို မနေ့ နေ့ခင်းက စစ်တပ်က ရိုက်နှက်ဖမ်းခေါ်သွားတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။ ကိုမင်းလွင်ဦးရဲ့ ဖခင် အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာ နေအိမ်မှာ ဝင်ဖမ်းသွားတာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဆိုပါတယ်။ စစ်ကောင်စီတပ်သား ၄၀ ခန့်ဟာ ကားလေးစီးနဲ့ရောက်လာပြီး နေအိမ်ထဲက ပစ္စည်းအချို့ကိုဖျက်ဆီးခဲ့တဲ့အပြင် ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၈ သိန်း ပါယူသွားတယ်လို့ သပိတ်ကော်မတီက ဖော်ပြပါတယ်။

▪️သိမ်ဇရပ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ ရွာလေးကွက်သစ်မှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ အဲဒီဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ကျေးရွာများအတွင်း ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေရာ ဇွန်လ ၁၆ ရက် ညပိုင်းမှာ သိမ်ဇရပ်ရဲစခန်းရှိ စစ်ကောင်စီ လက်ပါးစေများက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် နေအိမ် နှစ်လုံးရဲ့ ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားများ ထိခိုက်ခဲ့တာပါ။ ဒဏ်ရာရရှိသူတွေထဲ အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး မျက်နှာနဲ့ တင်ပါးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

▪️ကနီမြို့ပေါ် ကင်းလှည့်လာတဲ့ ရဲများကို ပစ်ခတ်ရာ သုံးဦးသေ၊ သေနတ်နဲ့ ကျည်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ် ကင်းလှည့်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲများကို စောင့်ဆိုင်းတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး မောင်းပြန်တစ်လက်နဲ့ ကျည်များသိမ်းဆည်းနိုင်ခဲ့တယ်လို့ DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) DRPA အဖွဲ့နဲ့ ကင်းလှည့်လာတဲ့ ရဲ ၁၇ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး G3 အမျိုးအစား မောင်းပြန်တစ်လက်၊ G3 ကျည်အတောင့် ၉၀၊ G3 ကျည်ဘောက် သုံးခု၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံး၊ စာရွက်စာတမ်းများနဲ့ ကျပ်နှစ်သိန်း၊ ကျည်ကာ နှစ်ထည်တို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲဘော်ညိုမင်းက ပြောပါတယ်။

▪️ဆားလင်းကြီးနယ်ကို စစ်ကောင်စီတပ် မီးထပ်ရှို့၊ ‌ပြည်သူလေးဦးရဲ့ ရုပ်အလောင်းများတွေ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေပြီး ပြည်သူလေးဦးရဲ့ ရုပ်အလောင်းများလည်း တွေ့ရှိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ညောင်ပင်ကြီးကျေးရွာရှိ ရွှေအင်းလေးရပ်ကွက်နဲ့ သိမ်တော်ရပ်ကွက်ကို မီးရှို့ဖျက်ဆီးနေပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး အပါအဝင် ပြည်သူလေးဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းများတွေ့ရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ညောင်ပင်ကြီး ရွာတောင်ဘက်မှာ ရွာတံခါးပြုလုပ်ကာ ပိတ်ထားပြီး တံခါးအောက်မှာ မိုင်းများလည်း ထောင်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

(ယနေ့နံနက်ပိုင်းက ညောင်ပင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ယနေ့နံနက်ပိုင်းက ညောင်ပင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)