Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်စဲ့မြို့နယ်တွင်ကလလတ၊ နယ်ခြားစောင့်တပ်များနှင့် ပူးပေါင်းပြီး ကရင်နီပူး​ပေါင်းတပ်များကစစ်ကောင်စီတပ်စခန်းများကိုဆက်တိုက်သိမ်းယူ

စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး ထွက်ပြေးသွားသူများလည်းရှိကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ပင် ထွက်​ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။

(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)
(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)

▪︎“ သူတို့ စခန်းတစ်ခုပဲကျန်တယ်။ အဲဒီ စခန်းကို ရိက္ခာ ဖြတ်တောက်တာတို့ ဘာတို့ လုပ်နိုင်ရင်တော့ အဲဒီ စခန်းလည်း ပြုတ်နိုင်တယ်”

▪︎မယ်စဲ့မြို့နယ်ကိုကရင်နီပူးပေါင်းတပ် စိုးမိုးထိန်းချုပ်ထား၊ စစ်ကောင်စီတပ် အင်အားဖြည့် နေ၍ ဖားဆောင်းတွင် တိုက်ပွဲဖြစ်နေဟု အသိပေး

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူး​ပေါင်းတပ်များက ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယနေ့ ပြောကြားသည်။

ဇွန်လ ၁၃ရက်တွင် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုနှင့် ရဲစခန်းတစ်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်နေသည့် တပ်စခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ခိုက်လျက်ရှိကာ တပ်စခန်းအချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းကဆက်​ပြောသည်။

“အခုက စကစတပ်က နယ်ခြားစောင့်တပ်တွေရော၊ ကလလတ တပ်တွေရော လေယာဉ်နဲ့ဗုံးလာကြဲကုန်ပြီ။ နောက်ပြီးတော့ သူတို့ စခန်းတွေလည်း ထပ်သိမ်းရတယ်လေ။

အဲဒီမှာ ကျနော်တို့ ဗျူဟာအောက်က တပ်ရင်းတွေပေါ့။ ကျနော်တို့ ဆီမှာဆိုတာ ဗျူဟာဆိုတာရှိတယ်။ တပ်ရင်းက တပ်ရင်း(၅)နဲ့ တပ်ရင်း(၁)နဲ့ နောက်ပြီး နယ်ခြားစောင့်တပ်တွေလည်းပါလာတယ်လေ။ ၁၀၀၄ ပေါ့။ နောက်ပြီးမှ အဲဒီမှာ ရှိတဲ့ ကလလတ အဖွဲ့တွေအားလုံးပေါင်းပြီး တော့မှ သူတို့ စခန်းတွေကို လိုက်သိမ်းနေတယ်” ဟု ခူညေးရယ်က People’s Spring သို့ပြောသည်။

(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)
(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)

ဇွန် ၂၃ မနက်အ​စောတွင် မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းတစ်ခု (မယ့်စဲမြိုမှ ဗျူဟာကုန်း ဟုလည်း​ခေါ် ) ကို ကရင်နီပူးပေါင်းတပ်များက ထပ်မံသိမ်းယူ​လိုက်ကြောင်းသိရသည်။ စခန်းသိမ်းခံရပြီး​တောက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ၄ ကြိမ် လာ​ရောက်ပစ်ခတ်စစ်ကူ​ပေးခဲ့​ကြောင်း​ကရင်နီ တပ်ဖွဲ့များထံမှ သိရသည်။

တောင်လှစခန်း၊ မယ်တနွယ်စခန်း ၊ထိုင်းနယ် စပ်ရှိ နမ့်ပေါင်စခန်း၊ မယ်စဲ့ရဲစခန်းနှင့် ဇွန် ၂၃သိမ်းယူနိုင်ခဲ့​သော မယ့်စဲမြို့နယ်မှအ​ခြေစိုက်စခန်း တို့ကို ကရင်နီပူး​ပေါင်းတပ်များက ဆက်တိုက်သိမ်းယူထားခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး ထွက်ပြေးသွားသူများလည်းရှိကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ပင် ထွက်​ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။

“သူတို့လည်း လေယာဉ်နဲ့ နေ့တိုင်းလာတယ်ပြောတယ်။ ဖားဆောင်းတံတားနားအထိတိုက်ပွဲတွေဖြစ်ကုန်ပြီလေ။တံတားအနောက်ဘက်က ဖားဆောင်းမြို့ပေါ့။ အရှေ့ဘက်က မယ်စဲ့မြို့နယ်။ အဲဒီ တံတားနားမှာ တိုက်ပွဲတွေဖြစ်တယ်။ နောက်ပြီး ဖားဆောင်းဘက်က လူထုတွေကို စစ်ကောင်စီဘက်က ထွက်ခိုင်းတယ်။သူတို့က စစ်ကူလိုက်ဖို့ အင်အားမရှိဘူး။ အင်အားမရှိတော့ မရှိတော့ ဒေါတမကြီး ၊ ဒေါညေးခူဘက်မှာ ထိုင်တဲ့တပ်တွေ ခလရ(၈၀)တို့ ၅၁၅ တို့ နောက်ပြီး ခလရ(၂)လား အဲဒီ အဖွဲ့တွေက အကုန်လုံးအောက်ပိုင်းဆင်းကုန်ပြီ။ တချို့က ကျနော်သိရသလောက်ဆို လွိုင်ကော် မိုးဗြဲဘက်ကနေ ဟတ်စကီးနဲ့သယ်ပြီး သွားချတာပေါ့။ သွားချပြီး စစ်အင်အားဖြည့်နေတယ်” ဟု ခူညေးရယ်ကရှင်းပြသည်။

စစ်ကောင်စီဘက်က စစ်အင်အားများ ဖြည့်ရန် ကြိုးပမ်းနေသော်လည်း ဖားဆောင်းတံတားကို ကူးနိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် မယ်စဲမြို့နယ် ကျောက်ပိန်းညိုဘက်တွင် တိုက်ပွဲဖြစ်နေသည်ဟု လည်းသိရသည်။

“တံတားမဖြတ်ဘဲနဲ့ ဖောင်တွေဘာတွေနဲ့ ကူးပြီးသံလွင်အရှေ့ဘက် ရောက်သွားတာ တစ်ဖွဲ့ရှိမယ်နဲ့တူတယ်။ ကျောက်ပိန်းညိုဆိုတာက နယ်ခြားစောင့်တပ်(၁၀၀၄) ပန်တိန်းနားမှာပဲလေ” ဟု ခူညေးရယ်က ပြောသည်။

လက်ရှိတွင် မယ်စဲ့မြို့နယ်တွင် နယ်စပ်၌ ရှိ​သောစစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်ရှိတော့သည်ဟု ၎င်းက​ပြောသည်။

“လောလောဆယ် အနေအထားမှာ သူတို့ စခန်းတစ်ခုပဲကျန်တယ်။ အဲဒီ စခန်းကို ရိက္ခာ ဖြတ်တောက်တာတို့ ဘာတို့ လုပ်နိုင်ရင်တော့ အဲဒီ စခန်းလည်း ပြုတ်နိုင်တယ်။ အခြေအနေကတော့ စောင့်ကြည့်ရအုံးမယ်။ဘီပီ (၁၃)မှာ မဆုတ်တမ်းစခန်းဆိုတာ တစ်ခုရှိတယ်။ အပေါ်ဘက်မှာ လက်နက်ကြီး ကုန်းရှိတယ်ပြောတယ်။ သူတို့ အဲဒီမှာပဲ သွားပေါင်းနေကြတော့တယ်” ဟု ခူညေးရယ်က ပြောသည်။

(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)
(မယ်စဲ့မြို့ ကို Google Map တွင်​တွေ့ရပုံ/ KNDF နှင့် KA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF ၊KA)

စစ်ကောင်စီတပ်သည် စခန်းများအသိမ်းခံရပြီး​နောက်မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်းများ ပါမချန် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ယခင်ကစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(၁၀၀၄) တပ်နေရာကိုလည်း လေကြောင်း တိုက်ခိုက်သကဲ့သို့ ကလလတ ဌာနချုပ် ဟိုစဲကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ခူညေးရယ်က ပြောပြသည်။ ထို့ပြင် ဘောလခဲမြို့နယ် ရွာသစ်ရှိစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(၁၀၀၅)သည်လည်း တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းလာပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပေါင်းလိုက်တဲ့ သဘောမျိုးဖြစ်ပြီ။ကျနော်တို့သက်ဆိုင်ရာ တပ်မှူးတွေနဲ့လည်း အဆက်အသွယ်တွေရပြီ”ဟုခူညေးရယ်က ပြောသည်။

မယ်စဲတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ထောင်ချီထိုင်းဘက်သို့တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း စစ်ရှောင်နေကြရကြောင်း ၎င်း ကဆိုသည်။ထိုင်းဘက်သို့ တိမ်းရှောင်နေသူ သုံးထောင်ကျော်ရှိပြီဖြစ်သကဲ့သို့ထိုင်းဘက်က ပေးမဝင်၍ နယ်စပ်၌ သောင်တင်နေသည့် စစ်ရှောင်ဦးရေ ထောင်ချီရှိသည်ဟုလည်း ခူညေးရယ်က ပြောသည်။

“အဲဒီ(စစ်ရှောင်) အထဲမှာ ဝန်ထမ်းတွေလည်း ပါတယ်လေ။ ထွေအုပ်တောင်ပါတယ်ပြောတယ် အဲဒီစစ်ဘေးရှောင်ထဲမှာ။ ကြည်ခြင်းအားဖြင့် မယ်စဲ့ကတော့ ကျနော်တို့ ပူးပေါင်းတပ်တွေ အုပ်စိုးနေတယ်လို့ ပြောလို့ရတာပေါ့” ဟု ခူညေးရယ်က ပြောသည်။