Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်ရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို မဟာမိတ် အဖွဲ့များ ဗုံးခွဲတိုက်ခိုက်

အထက်ပါစစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်​၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်​၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်မြို့ ခရိုင်လေးခုအတွင်းရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း ၍ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Freeland Attack Force-FLA မှ တာဝန်ရှိသူက ပြောသည်။

“ဇူလိုင်လ ၄ ရက် ည၌ ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေးခု၌ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခု၊ စစ်ကောင်စီ၏ထောက်တိုင် ဦးစီးဌာနသုံးခု၊ စစ်ကောင်စီ၏ ပြည်သူအားအနိုင်ကျင့် စစ်ဆေးရေးလုပ်နေသော နေရာတစ်ခုတို့အား ဗုံး ၁၂လုံး အသုံးပြု၍ မိမိတို့အင်အားစုမှ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။”ဟု ၎င်းက ပြောသည်။

ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းနှင့် သန်လျင်မြို့နယ် တပင်ရွှေထီးလမ်းမ ၌ စစ်ကောင်စီဝင်များက ပြည်သူများ၏ ဆိုင်ကယ်များကို မတရားစစ်ဆေးနေသည့် နေရာအနီးတို့၌ ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါစစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိပြီး လှိုင်သာယာနှင့် သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု‌များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သည်ဟု ဆိုသည်။

“တော်တော်ကိုကျယ်တာ ။ အိမ်တွေပါတုန်တယ်။ လှိုင်သာယာမှာ စစ်ကောင်စီတပ်သား နှစ်ဦးထိတယ်”ဟု လှိုင်သာယာမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား၊ရွှေပြည်သာတံတား၊ ပန်းလှိုင်တံတားနှင့် အဝေးပြေးအနီး၌ ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြပေးနေသည့် HTY Scout Channel ၌ ဖော်ပြထားသည်။

” ၈ခွဲကျော်တုန်းက ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်။ မြင်သာစျေးဘက်က ပြောကြတယ်။ နေရာအတိအကျတော့ မသိဘူး။ ၉ နာရီကျော်တော့ နောက်တစ်ကြိမ် ပေါက်သံထပ်ကြားရတယ်။ အချိန်ကလဲ ၉နာရီကျော်နေတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ရဲကားတွေ မြင်သာစျေးဘက်ကို သွားတာတော့ တွေ့လိုက်တယ် “ဟု ​တောင်ဥက္ကလာပမြို့နယ်တွင် ​နေထိုင်သူတစ်ဦးကပြောသည်။

Anonymous Fighters Force -AFF ၊ Freeland Attack Force-FLA နှင့် Emerald Girls Army – EGAတို့သည် ဇွန်လ ၁၈ရက်ကလည်းဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး၊ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်းနှင့် လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ(၅၃၂)တပ်ရင်းအနီးတို့၌ ဗုံး ၉လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။