Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အောက်လွှတ်တော် ဥက္ကဋ္ဌသစ်ကို ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ အင်အားကြီး မဟာမိတ်တို့ ညှိနှိုင်းရွေးချယ်

ထိုင်းလွှတ်တော် အစည်းအဝေးတွေကိုတော့ ၁၀ ရက်လောက် အချိန်ယူ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ဘယ်သူ တင်မြှောက်ခံရမလဲ ဆိုတဲ့ ကိစ္စကတော့ ခုထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌသစ်ကို ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ အင်အားကြီး မဟာမိတ်တို့ ညှိနှိုင်းရွေးချယ်
အောက်လွှတ်တော် ဥက္ကဋ္ဌသစ်ကို ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ အင်အားကြီး မဟာမိတ်တို့ ညှိနှိုင်းရွေးချယ်

နိုင်ငံရေးအရ အရေးပါတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ တင်မြောက်ရေး ကိစ္စမှာ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ အင်အားကြီး မဟာမိတ် ပါတီတို့ကြား သဘောတူညီမှု ရရှိနိုင်ခဲ့ပါတယ်။

ဇူလိုင် ၃ ရက်က ထိုင်းအစိုးရသစ်နဲ့ အရေးပါတဲ့ ရာထူးတွေကို တင်မြှောက်မယ့် လွှတ်တော် အစည်းအဝေးတွေကို ကျင်းပချိန်မှာ ရွေးကောက်ပွဲ အနိုင်ရ မုဗ်ဖော်ဝပ်ပါတီ (MFP)နဲ့ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ပျူထိုင်းပါတီ (PTP)တို့ဟာ အတိုက်အခံ မဟာမိတ် အင်အားစုတွေထဲက ဝါရင့် နိုင်ငံရေးသမား တစ်ဦးကို လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် မဲပေး အဆိုပြုဖို့ သဘောတူကြောင်း ပူးတွဲ ကြေညာခဲ့ပါတယ်။

ထိုင်းလွှတ်တော် အစည်းအဝေးတွေကို ဘုရင် မဟာ ဗဂျီရာလောင်ကွန်းနဲ့ မိဖုရားကြီး စုသီဒါတို့ကိုယ်တိုင် ဦးစီးပြီး ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ထိုင်းဘုရင်က လွှတ်တော် အမတ်တွေ ဆိုတာဟာ ပြည်သူလူထုကို ကိုယ်စားပြု ရပ်တည်ဖို့ တာဝန်ရှိတယ်ဆိုတာ မမေ့သင့်ကြောင်း ပြောကြားခဲ့သလို တစ်ဦးချင်းစီရဲ့ အတွေးအမြင်၊ ကျွမ်းကျင်မှု၊ ရိုးသားမှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကောင်းကောင်း အသုံးချပြီး နိုင်ငံနဲ့ လူမျိုး တိုးတက်ရာ တိုးတက်ကြောင်းအတွက် အကောင်းဆုံး ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

လွှတ်တော် အစည်းအဝေး ပထမနေ့မှာတော့ MFPနဲ့ PTPတို့ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ဝမ်မူဟာမက် နော်မာသာကို အဆိုပြုသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် နေရာကို မျှော်လင့်ထားသူ MFP အကြီးအကဲ ဖီထာ လင်မ်ဂျာရွန်ရတ်က ပြောကြားခဲ့ပါတယ်။

ဖီထာ ရည်ညွှန်းခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ဝါရင့် နိုင်ငံရေးသမားကြီးဟာ အတိုက်အခံ မဟာမိတ် အင်အားစုမှာ PTP၊ MFPတို့နဲ့ လာရောက် ပေါင်းစည်းခဲ့တဲ့ ပရာချာချတ် ပါတီရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ဖီထာက အောက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နေရာမှာတော့ PTP အမတ်တစ်ဦးကို တင်မြှောက်ဖို့ ညှိနှိုင်း လျာထားကြောင်း ပြောပါတယ်။ အစောပိုင်းက လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာတွေနဲ့ ပတ်သက်ပြီး PTPနဲ့ MFPကြား အချိန် အတော်ကြာအောင် ညှိမရဘဲ ဖြစ်နေခဲ့ပါသေးတယ်။

ဝမ်နော်လို့ ခေါ်ဝေါ်လေ့ ရှိကြတဲ့ နိုင်ငံရေးသမားကြီးဟာ အရင် အစိုးရတွေ လက်ထက် ဝန်ကြီးဌာန တချို့ကို ဦးစီးခဲ့ဖူးသလို သူ့ကို လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရေးဟာ အားလုံး လက်ခံနိုင်တဲ့ အဖြေတစ်ခု ဖြစ်လာတယ်လို့လည်း ဖီထာက မှတ်ချက် ပေးသွားခဲ့ပါတယ်။

PTPနဲ့ MFPတို့ ဦးဆောင်တဲ့ မဟာမိတ် အင်အားစုဟာ အောက်လွှတ်တော် အမတ်နေရာ ၃၁၂ ခုထိ ရရှိထားပြီ ဖြစ်ပေမယ့် ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရေးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။ ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ အထက်နဲ့အောက် လွှတ်တော်အမတ် စုစုပေါင်း ၃၇၆ ဦးက ထောက်ခံသူသာ ဝန်ကြီးချုပ် ဖြစ်ခွင့် ရှိတာကြောင့် ဖီထာ အနေနဲ့ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေထဲက သူ့အတွက် ထောက်ခံမဲတွေ ရလာအောင် စည်းရုံးယူရမှာပါ။ ထိုင်းစစ်တပ်နဲ့ နီးစပ်မှုရှိတဲ့ အထက်လွှတ်တော် အမတ်အများစုက ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးဖြစ်တဲ့ ဖီထာကို ဝန်ကြီးချုပ် ဖြစ်မလာစေချင်ကြောင်း အတိအလင်း ထုတ်ပြောထားကြပါတယ်။

ထိုင်းလွှတ်တော် အစည်းအဝေးတွေကိုတော့ ၁၀ ရက်လောက် အချိန်ယူ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ဘယ်သူ တင်မြှောက်ခံရမလဲ ဆိုတဲ့ ကိစ္စကတော့ ခုထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။