Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဖမ်းအဆီးကြမ်းနေ၍ ငွေလဲကောင်တာအများစုနှင့် ရွှေစင်ရွှေတုံးရောင်းဝယ်မှုပိတ်ထားရ

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။

အဖမ်းအဆီးကြမ်းနေ၍ ငွေလဲကောင်တာအများစုနှင့် ရွှေစင်ရွှေတုံးရောင်းဝယ်မှုပိတ်ထားရ
အဖမ်းအဆီးကြမ်းနေ၍ ငွေလဲကောင်တာအများစုနှင့် ရွှေစင်ရွှေတုံးရောင်းဝယ်မှုပိတ်ထားရ

စစ်ကောင်စီကဖမ်းဆီးနေခြင်းကြောင့်ငွေလဲကောင်တာများပိတ်ထားရပြီး ရွှေဈေးကွက်လည်းမဖွင့်နိုင်ကြောင်းပြည်တွင်းဈေးကွက်အတွင်းမှာသိရသည်။

ဒေါ်လာဈေးနှင့် ရွှေဈေးကစားသည်ဟုအကြောင်းပြချက်ဖြင့် အနည်းဆုံးလူ ၅၀ ကျော်ကိုစစ်ကောင်စီကဖမ်းဆီးထားပြီးနောက် ငွေလဲကောင်တာများပိတ်ထားကာရွှေစင်၊ရွှေတုံးအရောင်းဝယ်လုပ်သည့် ဈေးကွက်လည်း ပိတ်ထားရခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှသိရသည်။

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။

“ငွေလဲကောင်တာအများစုကပိတ်ထားတယ်။ဒေါ်လာအရွက်လိုချင်ရင် ရောင်းသူနဲ့ ဝယ်သူ အချင်းချင်းချိတ်ပြီးဝယ်ရတယ်။ မှောင်ခိုပစ္စည်းဝယ်ရသလိုဘဲ”ဟု နိုင်ငံခြားထွက်ရန် ဒေါ်လာဝယ်ခဲ့သူတစ်ဦးကပြောသည်။

ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကအဖမ်းအဆီးများ၍အရောင်းအဝယ်မလုပ်ဘဲ ရပ်နားထားရခြင်းဖြစ်သည်ဟုပြောသည်။

ရွှေဈေးကွက်တွင်လည်း အခါက်ရွှေရောင်းချမှုကို ဆိုင်အများစု ပိတ်ထားပြီး လက်ဝတ်ရတနာများကိုသာရောင်းချနေသည်ဟု ရွှေဆိုင်မန်နေဂျာတစ်ဦးကပြောသည်။ နိုင်ငံအတွင်း ဒေါ်လာဈေးနှင့်ရွှေဈေးတက်ရန် ဈေးကစားသည်ဟု အကြောင်းပြချက်ဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ရွှေလုပ်ငန်းရှင်နှင့် ငွေလဲလုပ်ငန်းဆောင်ရွက်နေသူ လူ ၅၀ကျော်ကို စစ်ကောင်စီက ဇွန်လအတွင်းက ဖမ်းဆီးခဲ့သည်။

လက်ရှိအချိန်တွင်လည်း ရွှေလုပ်ငန်းရှင်နှင့် ငွေလဲလုပ်ငန်းဆောင်ရွက်သူများကို စစ်ကောင်စီဥ ခေါ်ယူစစ်ဆေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးနေသည်။

“စစ်ကောင်စီက ဒေါ်လာနဲ့ရွှေဈေးတက်တာကို ဈေးကစားလို့တက်တယ်လိုပဲ လှေနံဓါးထစ်မှတ်နေတယ်။ ဈေးကစားမယ့်သူမရှိရင် မတက်ဘူး။ ဈေးငြိမ်နေလိမ့်မယ်လို ထင်ပြီး လုပ်ငန်းရှင်တွေ ဖမ်းထိမ်းထားတာ။ ဒီအကျိုးဆက်အနေနဲ့ ဈေးကွက်ပါရပ်သွားတာ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အ​မေရီကန်အစိုးရက အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်ဘဏ်MFTB နှင့် MICB ဘဏ်တို့ကိုဇွန် ၂၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် ဈေးကွက်အတွင်း ရွှေနှင့် ဒေါ်လာဈေးများ ဆက်တိုက်တက်လာသည်။

အ​မေရီကန်၏ အ​ရေးယူပိတ်ဆို့မှု​နောက်ဆက်တွဲ ​ဒေါ်လာ​နှင့် ​​ရွှေဈေးများတက်လာ​သောအခါ စစ်​ကောင်စီက ရန်ကုန်နှင့် မန္တ​လေးရှိ ​ဒေါ်လာ​၊​ရောင်းဝယ်သူများကိုဈေးကစားသည်ဟုစွပ်စွဲကာဖမ်းဆီး​​ခဲ့ခြင်းဖြစ်သည်။