Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မည်သည့်အာဏာရှင်မှ ထပ်မံပေါ်ပေါက်မလာဖို့နဲ့ စစ်အာဏာရှင်များကို သေချာပေါက် အပြစ်ပေးအရေးယူဖို့ NUG သန္နိဋ္ဌာန်ပြု

နောင်အနာဂတ်မှာ မည်သည့်အာဏာရှင်မှ ထပ်မံပေါ်ပေါက်လာမှုမရှိစေရေးနဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှု သေချာစေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်မယ်လို့ NUG ဒီနေ့ ကျရောက်သော ဆဲဗင်းဂျူလိုင်(7 July) မှာ သန္နိဋ္ဌာန်ပြုပါတယ်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နဲ့ အမှန်တရားအတွက် အသက်နဲ့ ဘဝကို ပဓာနမထားဘဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂများအပါအဝင် ကျောင်းသား၊လူငယ်၊တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရ NUG က လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေတဲ့ လက်နက်ဖြင့် အနိုင်ကျင့်သတ်ဖြတ်မှုကို အားပေးတဲ့ စစ်အာဏာသိမ်းမှုများကို ဒီနွေဦးတော်လှန်ရေးမှာ အပြီးသတ်အမြစ်ဖြတ်မယ်လို့လည်း NUG က ဆိုပါတယ်။

▪️ဆဲဗင်းဇူလိုင်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်

ရန်ကုန်မြို့ရှိ တံတားတစ်ခုပေါ်မှာ Falcon Revolutionaries Team မှ လူငယ်များက “၇.၇.၁၉၆၂ ကို မမေ့ကြနဲ့” စာသား ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း သပိတ်အင်အားစု လူငယ်များက (၆၁)နှစ်ပြည့် ဆဲဗင်းဂျူလိုင်မမေ့ကြဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ မုံရွာမြို့ပေါ်မှာ သပိတ်အင်အားစုမှ လူငယ်များက “7 July စိတ်ဓာတ်ကို ကိုင်စွဲ တိုက်ပွဲဝင်ကြ” စာသားကိုင်ဆောင်ကာ ဆန္ဒပြခဲ့သလို ဆားလင်းကြီးမြိုနယ်အတွင်းရှိ စျေးတစ်ခုမှာလည်း မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ၅/လက်ပံတောင်းသပိတ်အင်အားစုများ စုပေါင်းပြီး (၆၁) နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ၊ စစ်ကြောင်း(၃)ချင်းတွင်းဒေသတပ်ရင်းတို့ကလည်း ဒီနေ့ ကျရောက်တဲ့ (၆၁)နှစ်ပြည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များ အလေးပြုခြင်း၊ 7July ကျောင်းသားအရေးတော်ပုံနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်များမှ ဗုံးခွဲဖျက်စီးခဲ့ပုံ သမိုင်းကြောင်း ဟောပြောခြင်းတို့ လုပ်ဆောင်ခဲ့ကြပါတယ်။

▪️ကျုံအိတ်တံတား ကင်းပုန်းအပါအဝင် စစ်ကောင်စီတပ် ပစ်မှတ်နေရာ သုံးခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျုံအိတ်တံတား ပြုပြင်ရေးအတွက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်အပါအဝင် ပစ်မှတ်နေရာသုံးခုကို ဒီနေ့ မနက်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)တပ်မှူးတစ်ဦးက ပြောပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၈ ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီက ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေရာ တံတားကင်းပုန်းနေရာ နှစ်နေရာကို ပူးပေါင်းတပ်က ဒီနေ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။ အဲဒီ တံတား ကင်းပုန်းနေရာ နှစ်နေရာအပြင် ဘီးလင်း အခြေစိုက် စစ်ကောင်စီရဲ့ (၃၁၄) အမြောက်တပ်ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ယမန်နေ့က KNLAပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းမှ တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယမန်နေ့က KNLAပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းမှ တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️စစ်ကောင်စီ‌တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှု ပိုများလာ

ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ ညနေပိုင်းက မင်းလှမြို့မရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးသွားတဘ်လို့ ရဲစခန်းအနီးနေသူက ပြောပါတယ်။ နိုင်ငံတစ်ဝန်း ခုခံတွန်းလှန်မှု ပိုအား​ကောင်းလာချိန်မှာ စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းကြား အချင်းများပြီး ပစ်ခတ်မှုများမကြာခဏ ဖြစ်ပေါ်နေကာ အခု မင်းလှရဲစခန်းဖြစ်စဉ်ဟာ ၁၁ ရက်အတွင်း သုံးကြိမ်မြောက်ဖြစ်ပါတယ်။

စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ပိုများလာ
စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ပိုများလာ

▪️ရေးမြို့နယ်ရှိ စစ်​ကောင်စီတပ်စွဲထား​တဲ့ ဆက်သွယ်​ရေးစခန်းကုန်းကို​ တော်လှန်​ရေးတပ်ဖွဲ့များ စီးနင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဆက်သွယ်ရေးစခန်းကုန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ခဲယမ်းနဲ့ ကျည်များစွာရရှိတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။ ၁၄ မိုင်ကျေးရွာ အနောက်ဘက်ရှိ ဆက်သွယ်ရေးစခန်းကုန်းကို စစ်ကောင်စီမှ အရာရှိဦးစီး အင်အား ၁၀ ဦးခန့်တပ်စွဲထားပြီး KNLAတပ်ရင်း(27)၊ တပ်ခွဲ (2) နဲ့ YGF-ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ်ကြောင်းတို့က မနေ့ ညပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ညအချိန် စီးနင်းတိုက်ခိုက်တာဖြစ်လို့ စစ်ကောင်စီဘက်က ဘယ်လောက် သေဆုံးထိခိုက်တယ်ဆိုတာ မျက်မြင်အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အသိပေးပါတယ်။ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)
(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)

▪️တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်းများ ထုတ်လုပ်နေတယ်လို့ Federal Wings အသိပေး

ပြည်တွင်းနဲ့ ကမ္ဘာအနှံ့မှ နည်းပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုဖြင့် တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်း ထုတ်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ Federal Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေနဲ့ စစ်ကိုင်းတိုင်းဒေသအချို့မှာ တိုက်ပွဲဝင်နေပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ (၁)နှစ်တာကာလအတွင်းသို့ ချဥ်းနင်းဝင်ရောက်လာပြီလို့ ဆိုပါတယ်။ လက်ရှိမှာ နည်းပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုဖြင့် ဒရုန်းကိုယ်ထည်အား Composite နည်းပညာများနဲ့ Federal Wingsရဲ့ ထုတ်လုပ်ရေးတပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အဆင့်သို့ ရောက်ရှိနေပြီလို့ အသိပေးပါတယ်။ လုပ်ငန်းများ လျှင်မြန်ထိရောက်အောင်မြင်ဖို့ ပြည်သူလူထုရဲ့ ငွေကြေးထည့်ဝင်မှုကို အားကိုးအားထားပြုရမယ်လို့ ဖော်ပြပါတယ်။

(Federal Wings အဖွဲ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ- Federal Wings)
(Federal Wings အဖွဲ့ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ- Federal Wings)

▪️ကန့်ဘလူ၊ ဘုတလင်နဲ့ မြင်းမူတို့မှာ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းများကို တိုက်ခိုက်

စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ဘုတလင်နဲ့ မြင်းမူမြို့နယ်တို့မှာ ရဲစခန်းနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းများကို တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇူလိုင် ၅ ရက် နေ့ခင်းက ကန့်ဘလူခရိုင်ရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ်တော်လှန်ရေးအင်အားစုများက အသိပေးပါတယ်။ မနေ့ မနက်ပိုင်းက ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မြောက်တောကြီးရွာအနီး မိုင်းငါးလုံးတန်း နှစ်နေရာဆင် တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် မနေ့ ညနေပိုင်းကလည်း မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ (၃၃)မှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို (၈၁) မမ ဗုံးသီးအလုံး ၂၀ နဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်ရှိတယ်လို့ မြင်းမူ(ပကဖ) အဖွဲ့က ထုတ်ပြန်ပါတယ်။

(ကန့်ဘလူမြို့နယ် ၊ဇီးကုန်းတိုက်နယ် နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(ကန့်ဘလူမြို့နယ် ၊ဇီးကုန်းတိုက်နယ် နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)