Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယန်စီကုမ္ပဏီဝင်းမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းက ကလေးတစ်ဦးအပါအဝင် ပြည်သူ၃ဦးကို ပစ်သတ်

ပစ်ခတ်မှု​ကြောင့် စစ်​ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ရဲတပ်ရင်း(၂၈) မှ ၂၅မိုင်အကွာအဝေးအထိရောက်သော ၁၂၀မမ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု ရဲဘော်များက ဆိုသည်။

(​ဒေသခံကာကွယ်​ရေးတပ်များက စစ်အုပ်စုအားတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-DRPA)
(​ဒေသခံကာကွယ်​ရေးတပ်များက စစ်အုပ်စုအားတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-DRPA)

▪︎အဆိုပါစစ်​ကြောင်းကို ​တော်လှန်​ရေးအဖွဲ့များကလက်နက်ကြီးများဖြင့်တစ်နာရီခွဲခန့်ကြာအောင်ပစ်ခတ်တိုက်ခိုက်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ ယန်စီကုမ္ပဏီဝင်းမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းက ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရှိယန်စီကုမ္မဏီမှထွက်ခွာလာသော အင်အား ၉ဝခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အင်ကြင်းတောင်အနီး၌ ပြည်သူ ၂ ဦးကို ​သေနတ်ဖြင့်သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် ၎င်းတို့စစ်ကြောင်းဆက်ထွက်လာပြီး ပစ်ခတ်မှုကြောင့် ရွာသာ(ကြီး)ကျေးရွာမှ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရကြောင်း အထက်ပါအဖွဲ့က ပြောသည်။

ထိုစစ်ကြောင်းသည် ယင်းမာပင်မြို့ပေါ်သို့ ရောက်ရှိပြီးနောက် မြို့အရှေ့ပိုင်းရှိ စာသင်ကျောင်းအတွင်း တပ်စွဲခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုစစ်ကောင်စီတပ်ကို ယမန်နေ့( ဇူလိုင်လ ၇ ရက်)နေ့ ည ၉ နာရီခွဲခန့်က ယင်းမာပင်မြို့အရှေ့ပိုင်းရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ် ၆၀မမ (၄၅)လုံးခန့်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။

ပစ်ခတ်မှု​ကြောင့် စစ်​ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ရဲတပ်ရင်း(၂၈) မှ ၂၅မိုင်အကွာအဝေးအထိရောက်သော ၁၂၀မမ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု ရဲဘော်များက ဆိုသည်။

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ပြန်ပစ်သော်လည်း ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဘဲ ည ၁၁ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

“စကစဘက် အထိအခိုက်ရှိတာတော့ သေချာတယ်ဗျ။ ဘာလို့လဲဆိုတော့ပုံမှန်ဆိုသွားတိုက်တဲ့နေရာမှာရှိတဲ့ စကစတွေကပဲ ပြန်ပစ်တာ။ အခုဟာက ရဲတပ်ရင်း(၂၈)ကပါလက်နက်ကြီးပစ်ကူပစ်ပေးရတော့ အထိအခိုက်ရှိတာတော့သေချာတယ်။”ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုကျောင်းသည်ကျောင်းဖွင့်လှစ်စာသင်ကြားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်ဖြင့် တပ်စွဲထားသော စစ်စခန်းနေရာဖြစ်သည်။ ယင်းမာပင်နယ်သည် ပြည်သူ့ခုခံစစ် အားကောင်းရာဒေသဖြစ်၍ ​ဒေသခံကလေးငယ်များသည် ပြည်သူ့အခြေပြုကျောင်းများတွင်သာ ပညာသင်ကြားနေကြောင်း တော်လှန်ရေးအင်အားစုများက ရှင်းပြသည်။

စာမသင်သည့်ကျောင်းအဆောက်အအုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။

ထိုစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၃၀)DRPA၊ တပ်ခွဲ(၄) Black Shadow PDF၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁) ၊တောသားကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဘာမထီပွဲတိုင်းကျော်၊တဇောက်ကန်းဘဂျမ်း၊Power 54၊YinmarbinFighter Brotherhood Guerrilla Army တို့က အင်အား ၅၀ ကျော်ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။