Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ည​နေခင်းသတင်း”

ယ​နေ့ (ဇူလိုင် ၈ရက်) ယ​နေ့ခင်းသတင်း​တွေကို People’s Spring ကတင်ဆက်​ပေးလိုက်ပါတယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ည​နေခင်းသတင်း

▪︎ကသာမှာစစ်တပ်စစ်​ကြောင်းကို KIA ၊PDF ကတိုက်လို့ပြန်ဆုတ်သွား

ကသာမြို့နယ်၊ အထက်ဝဲကြီးရွာကိုရောက်လာတဲ့စစ်‌ကောင်စီတပ်စစ်ကြောင်းဟာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရပြီး ပြန်လည်ဆုတ်ခွာသွားပါတယ်။ မနေ့က(ဇူလိုင် ၇ရက်)မနက်က အထက်ဝဲကြီးရွာသို့ ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ မိုးတားတိုက်နယ်ပကဖ၊ မြို့မတိုက်နယ်ပကဖ၊ ဟာရီကိန်းကင်းထောက် ဒရုန်းအဖွဲ့စတဲ့ ​ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းအပြင် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ဒီရက်ပိုင်းမှာ ကသာနဲ့ ထီးချိုင့်အပါအဝင် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထိစပ်ဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းတွေ တကျော့ပြန်လှုပ်ရှားလာလို့ ပြည်သူများ စစ်ရေးသတိပြုနေထိုင်ကြဖို့ PDFတွေက သတိပေးထားပါတယ်။

▪︎မိုးကုတ်မှာ KIA/PDF ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမင်းတံတားကျေးရွာအုပ်စု ဗန်မွန်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့KPDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) က ထုတ်ပြန်ပါတယ်။ဇူလိုင် ၅ရက်ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာ မိနစ် ၂၀ကျော် ကြာမြင့်ကာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၆ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDFက ဇူလိုင် ၇ရက်မှာထုတ်ပြန်ထားပါတယ်။

(KIA နှင့် KPDF ပူး​​ပေါင်းတပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-KPDF)
(KIA နှင့် KPDF ပူး​​ပေါင်းတပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-KPDF)

▪︎စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘီးလင်းဒေသခံ ၆ဦး ဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီးနဲ့ပစ်ခတ်လို ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာက အရပ်သား ပြည်သူ ၆ ဦးဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင် ၇ရက် နံနက် ပိုင်းမှာ လက်နက်ကြီး ၃လုံး ပစ်ခတ်ရာ တစ်လုံးဟာ ရွာအတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်သုံးလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒဏ်ရာရခဲ့တဲ့ အရပ်သား ၆ဦးမှာ ကလေးငယ် ၂ဦး ပါဝင်ကြောင်းဖော်ပြထားပါတယ်။ အဲဒီအမြောက်တပ်ကို ဇူလိုင် ၇ရက် မနက်မှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KNLA တပ်မဟာ(၁) တပ်မှူးက ပြောပါတယ်။

▪︎မိုင်းခွဲခံရလို့ တခြမ်းပျက်စီးနေတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီက တံတားတစ်ခုလုံးဖျက်ဆီး

မိုင်းခွဲခံရလို့ တခြမ်းပျက်စီးနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကျုံအိတ်တံတားကို စစ်ကောင်စီတပ်က တံတားတစ်ခုလုံးဖျက်ဆီးလိုက်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးက ပြောပါတယ်။ ဇွန်လ ၂၈ရက်ညပိုင်းက ကျုံအိတ်တံတားကို KNLA ပူးပေါင်းတပ်က မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားတခြမ်းပြုတ်ကျ ပျက်စီးခဲ့ပါတယ်။ အဲဒီပျက်စီးနေတဲ့ တံတားကို အကြီးစားပြင်ဆင်ဖို့စစ်ကောင်စီက ကြိုးစားနေပြီး မနေ့ညပိုင်းက တံတားတစ်ခုလုံးကိုဖျက်ဆီးလိုက်တာလို့ KNLA တပ်မှူးကပြောပါတယ်။ KNLA ပူးပေါင်းတပ် အနေနဲ့ မနေ့မနက်က တံတားပြင်ဆင်ဖို့အတွက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတံတားကို မိုင်းခွဲဖျက်ဆီးတာဟာ စစ်ကောင်စီထောက်ပို့နဲ့ စစ်ကူအင်အားဖြည့်တင်းတာကို ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ KNLA တာဝန်ရှိသူက ပြောကြားထားပါတယ်။

▪︎ခင်ဦးမှာ စစ်တပ်ကပြည်သူနှစ်ဦးကိုဖမ်းပြီးတစ်ဦးကိုသတ်၊လက်နက်ကြီးနဲ့ပစ်လို့ပြည်သူ​ထောင်ချီထွက်​ပြေး​ရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အနောက်တောင်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းက မနေ့ ကဇူလိုင်လ ၇ရက်နေ့နံနက်ပိုင်းမှာ မြကန်ကျေးရွာကိုဝင်ပြီး နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား၂ဦးကို ဖမ်းဆီးပြီး ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ဒီကနေ့ မနက် ၇ နာရီ ၁၅ မိနစ်ခန့်မှာတော့ အဲဒီစစ်အုပ်စုကို ပဒေသာမိုင်း(၂)တွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောပါတယ်။

▪︎ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

ပဲခူးတိုင်း ၊ဒိုက်ဦးမြို့နယ် ၊ကျိုက်ဇကော ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ကိုခန့်လင်းနိုင်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့မနက်ပိုင်းမှာအသိပေးပါတယ်။ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားတာပါ။အဆက်အသွယ်ပြန်ရချိန် မှာတော့ ကိုခန့်လင်းနိုင် စစ်တပ်လက်ချက်နဲ့သေဆုံးသွားပြီဆိုတာကို မနေ့ ဇူလိုင်လ ၇ ရက်မှာ သိရတာလို့ ဗကသများအဖွဲ့ချုပ်ကဆိုပါတယ်။ကိုခန့်လင်းနိုင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းဖမ်းဆီးခဲ့ပြီးအကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ချထားတာဖြစ်ပါတယ်။

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

▪︎​​ကြေးနီစီမံကိန်းကထွက်လာတဲ့စစ်​ကြောင်းက ပြည်သူ ၃ ဦးကိုပစ်သတ်၊ထိုစစ်​ကြောင်းကို PDF​တွေတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက ယန်စီကုမ္ပဏီဝင်းက​နေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်မှုကြောင့် အင်ကြင်းတောင်အနီးမှာ ပြည်သူ၂ဦး နဲ့ ရွာသာ(ကြီး)ကျေးရွာမှာ အသက်၅နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။အဲဒီစစ်ကောင်စီတပ်ကို မနေ့က ဇူလိုင်လ ၇ ရက်နေ့ ည ၉ နာရီခွဲခန့်မှာ လက်လုပ် ၆၀မမ (၄၅)လုံးနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစု​တွေက ပြောပါတယ်။

(​ဒေသခံကာကွယ်​ရေးတပ်များက စစ်အုပ်စုအားတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-DRPA)
(​ဒေသခံကာကွယ်​ရေးတပ်များက စစ်အုပ်စုအားတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-DRPA)