Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှတိုက်ခိုက်

ယနေ့( ဇူလိုင်လ ၁၀ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်က တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၂စီးသည် ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎စေတီအချို့နှင့် စာသင်​​ဆောင်များပျက်စီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီတပ်က ယ​နေ့ ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စေတီအချို့နှင့် စာသင်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့( ဇူလိုင်လ ၁၀ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်က တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၂စီးသည် ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထိုဂျက်ဖိုက်တာသည် ရေမျက်ကျေးရွာသို့ ပေါင် ဗုံး ၃ လုံး ဖြင့်ကျဲချပြီး ​သေနတ်ဖြင့်ကပါပစ်ခတ်သဖြင့် စာသင်ဆောင်နှင့် ဘုန်းကြီးကျောင်းအနီးတစ်လုံး၊ ရွာအပြင်၌ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျန်တစ်လုံးမှာ ဓမ္မာရုံပေါ်ကျရောက်ခဲ့ပြီး မကွဲကြောင်း ရေဦးမြို့နယ် ပကဖခေါင်းဆောင် ဆရာဦးမြင့်ထွေးက ပြောသည်။

“စာသင်ဆောင်နဲ့ ဘုန်းကြီးကျောင်းစပ်ကြားကို တရစပ်ပစ်သွားတယ်။ သစ်ပင်သစ်ကိုင်းတွေ ပျက်စီးတယ်။ အဆောက်အဦးရဲ့ စာသင်ဆောင်တွေ မှန်တွေ ပျက်စီးသွားတယ်။ အနည်းဆုံး ပေါင် ၅၀၀ လောက်ယူဆရတဲ့လက်နက်ကြီးနဲ့ ပစ်သွားတာ။ မပေါက်ကွဲသေးတဲ့တစ်လုံးလည်း တွေ့တယ်။ ​စက်သေနတ်နဲ့ရော့ကတ်နဲ့ပစ်တဲ့သဘောရှိတယ်။ ထန်းပင်လိုဟာမျိုး ခါးကနေပြတ်ကျသွားတာရှိတယ်။”ဟု ၎င်းက ပြောသည်။

ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထီးတော်ပြတ်ကျသွားပြီး ကျန်ငါးဆူခန့်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။

လက်ရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရေဦးနယ်အနောက်ခြမ်းရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးနားစွင့် ဂရုစိုက်ကြရန်နှင့် အကာကွယ်ကောင်းသည့်နေရာများတွင်သာ တိမ်းရှောင်ထားပေးကြရန် ရေဦးအခြေပြု People’s Defense Comradeအဖွဲ့က သတိပေးထားသည်။