Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇူလိုင် ၁၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တိုက်ပွဲမရှိပဲရေမျက်ရွာဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနှစ်စီးနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စေတီအချို့နဲ့ စာသင်ဆောင်ပျက်စီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက တံတားဦးမှတက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးဟာ ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ရေမျက်ကျေးရွာသို့ ဗုံးသုံးလုံးကြဲချကာ ​သေနတ်နဲ့လည်းပစ်ခတ်ခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖခေါင်းဆောင် ဦးမြင့်ထွေးက ပြောပါတယ်။ ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထီးတော်ပြတ်ကျသွားပြီး ကျန်ငါးဆူခန့်လည်း ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။

▪︎ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် AAPP ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

နိုင်ငံရေးအကျဥ်းသားများအား ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများနဲ့ပတ်သက်လို့ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံး တာ၀န်ခံကြရမယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ဇွန်လနှောင်းပိုင်းမှ ဇူလိုင် ပထမပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီဟာ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသား အနည်းဆုံး ငါးဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး ယင်းသို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် AAPP အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ကြောင်းနဲ့ မတရားကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

▪︎ဖယ်ခုံမှာ စစ်တပ်က နင်းမိုင်းများ​ထောင်ထားလို့ ဒေသခံပြည်သူများ​ နေရပ်မပြန်​သေးဖို့ KNDFအသိ​ပေး

ရှမ်း-ကရင်နီ နယ်စပ်၊ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများမှာ စစ်ကောင်စီက နင်းမိုင်းအများအပြားထောင် ထားခဲ့လို့ ပြည်သူများနေရပ်မပြန်သေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန် က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းကစလို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာမှာ ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေတာပါ။ အဲဒီဒေသရွာခံတွေနဲ့ မိုးဗြဲဘက်က ပြည်သူတွေ နေရပ်မပြန်ကြသေးဖို့နဲ့ မိုင်းရှင်းလင်းရေးမပြီးသေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်ကို စောင့်ပေးဖို့ KNDF ဖယ်ခုံဇုန် တာ၀န်ရှိသူက ပြောပါတယ်။

▪︎ထီးချိုင့်မှ ကသာသို့ စစ်တပ်အ​ပြောင်းအ​ရွှေ့လုပ်စဥ်​​ သေနတ်နဲ့ရမ်းပစ်လို့ ​သားအဖနှစ်ဦး​သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းမှတဆင့် တပ်အပြောင်းအရွှေ့ပြုလုပ်တဲ့ စစ်ကောင်စီတပ်က မြစ်ကမ်း​ဘေး​ကျေးရွာများကို သေနတ်နဲ့ ရမ်းသန်းပစ်ခတ်လို့ ​ဒေသခံသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံများကပြောပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ကြောင်းမှတဆင့် သံခွန်(ရေယာဉ်)နဲ့ ကသာဖက်သို့ ဆန်တက်စဉ် မြစ်ကမ်းဘေးရွာများကို သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။ ဒီရက်ပိုင်းမှာ ထီးချိုင့်နဲ့ ကသာမြို့တို့မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေလို့ ဒေသခံများ သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားပါတယ်။

(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)
(ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်၏ ​ရေယာဥ်တစ်စင်းကို ဇွနမလအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ)

▪︎နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ထုတ်ပယ်ဖို့ တိုင်ကြားချက်ကြောင့် ဆာဆာကာဝါဘက်မှ အပစ်ရပ်ခြောက်ဖွဲ့ ရပ်တည်

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်နေတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါကို ထုတ်ပယ်ဖို့ ဂျပန်အစိုးရထံ တိုင်ကြားမှုများ ရှိနေတဲ့အပေါ် ဆာဆာကာဝါက စိတ်ထိခိုက်နေလို့ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီများ လက်ခံရယူနေတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်ခြောက်ဖွဲ့က နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ထောက်ခံကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) စတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးမှုများ ပြုလုပ်တဲ့ အပစ်ရပ်အဖွဲ့များ ပူးပေါင်းကာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါဘက်မှ ရပ်တည်ကြောင်း ပြသခဲ့တာပါ။

(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)
(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်တို့ကို ၂၀၂၀ ခုနှစ်ကအတူတကွ​တွေ့ရစဥ်။ ဆာဆာကာဝါကို​ထောက်ခံ​ကြောင်း အပစ်ရပ် ၆ ဖွဲ့​၏ ထုတ်ပြန်ချက် ။ဓါတ်ပုံ-နီပွန်​ဖောင်​ဒေးရှင်း)

▪︎မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံပျက်ကွက်ကျရှုံးနေမှုအပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကိုယ်စားလှယ်များပြော

အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံမှ ထိရောက်စွာတားဆီးနိုင်မှု မရှိခြင်းနဲ့ ကျရှုံးနေမှုတို့အပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကို​ယ်စားလှယ်များက အာဆီယံအထူးကို​ယ်စားလှယ်ရုံးအကြီးအကဲကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya ဟာ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ကွန်ရက်များ နဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၆ ဦးကို ဇူလိုင် ၃ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။ လူငယ်ကိုယ်စားလှယ်များက အကြမ်းဖက်စစ်အုပ်စုမှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ ရွာများကို မီးရှို့မှု၊ တရားလက်လွတ်သတ်ဖြတ်မှုများ စတဲ့ နောက်ဆုံးရအခြေအနေများကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုကျူးလွန်တဲ့ ရာဇဝတ်မှုများရဲ့ ဆိုးရွားပြင်းထန်မှုနဲ့ အရှိန်မြင့်တက်လာမှုတို့ဟာ မြန်မာစစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်နဲ့ အာဆီယံရဲ့ ဂုဏ်သိက္ခာ ပျက်ပြားအောင် လျစ်လျူရှုခြင်းရဲ့ ထင်ရှားသော အထောက်အထားများဖြစ်တယ်လို့ လူငယ်များက အာဆီယံသံအမတ်ကြီးကို ပြောပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)
(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)

▪︎မင်းကင်းမှာ တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်အန္တရာယ်​ကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပျူရွာမှာ တပ်စွဲ​နေ​တဲ့ စစ်တပ်အတွက် လက်နက်ခဲယမ်းလာပို့တဲ့ စစ်​ကောင်စီတပ်နဲ့ မင်းကင်းPDFအမှတ် ၁၁ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရွာအတွင်းဝင်ရောက် အကြမ်းဖက်လို့​ ဒေခံသံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မင်းကင်းမြို့နယ်၊ မအူပျူရွာမှ စစ်ကောင်စီတပ်နဲ့ ပျူ​စောထီးအင်အား ၄၀ ကျော်ခန့်ဟာ အင်းရွာဘက်သို့ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့ပါတယ်။ ပြည်သူများရှောင်တိမ်းချိန်ရရန် မင်းကင်းPDF အမှတ် ၁၁ တပ်ရင်း-က ခုခံပစ်ခတ်ရာမှ နာရီဝက်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။