Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MAIလေကြောင်းလိုင်း၏ ဘဏ်အကောင့်များ စင်ကာပူUOBဘဏ် ပိတ်သိမ်းခြင်းကိုအလုပ်သမားတပ်ပေါင်းစု ထောက်ခံကြိုဆို

MAIဘဏ်အကောင့်များကို UOBက ပိတ်သိမ်းခြင်းသည် သယ်ယူပို့ဆောင်ရေး၊ခရီးသွားကဏ္ဍမှတဆင့် စစ်အုပ်စုရရှိသော နိုင်ငံခြား​ငွေပမာဏ အများအပြားကိုရပ်တန့်ခြင်း သည်ပုံပေါ်လာပြီ ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(စင်ကာပူနိူင်ငံရှိ UOB ဘဏ်ရုံးအ​ဆောက်အအုံ။ ဓါတ်ပုံ-UOB)
Singapore, Singapore - February 29, 2016: One Raffles Place and UOB Plaza in Downtown Core of Singapore skyline. United Overseas Bank is located in Plaza

▪︎သယ်ယူပို့ဆောင်ရေး၊ခရီးသွားကဏ္ဍမှတဆင့်စစ်အုပ်စုရရှိသောနိုင်ငံခြား​​ငွေများကိုရပ်တန့်ခြင်းမှာပုံပေါ်လာပြီဟုဆို

စင်ကာပူဘဏ် UOBက စစ်အုပ်စုနှင့် နီးစပ်သည့် ခရိုနီပိုင်ဆိုင်သည့် MAIလေကြောင်းလိုင်း၏ ဘဏ်အကောင့်များပိတ်သိမ်းခြင်းကို မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ ထောက်ခံကြိုဆိုကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။

အရပ်သားပြည်သူ့ကို ထိခိုက်စေမည့် လက်နက်များသာမက နှစ်မျိုးသုံးပစ္စည်းများကို ကြပ်မတ်ပြီး နိုင်ငံအတွင်းကုမ္ပဏီများကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းသည့် စင်ကာပူနိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း အဆိုပါတပ်ပေါင်းစုက ဆိုသည်။

“ပြီးခဲ့တဲ့တော်လှန်ရေးတုန်းကစီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ (Sanctions Resolutions) တွေရှိခဲ့တယ်။ ဒါပေမယ့် စစ်အုပ်စုက စင်္ကာပူ၊ မလေး၊ ထိုင်း တို့ကို အသုံးပြုပြီးတော့အသက်ရှင်ခဲ့တယ်။အခုနွေဦးတော်လှန်ရေးမှာတော့ စင်္ကာပူ၊ အင်ဒိုနီးရှား ၊မလေးရှား၊ ဖိလစ်ပိုင်တို့ဟာ အရင်က နေခဲ့တဲ့ အာဆီယံအတွင်း ဝင်ရောက်မစွက်ဖက်ရေးမူကို မသုံးတော့ဘဲနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆိုတာကို တိတိကျကျ ပြောဆိုလာတာတွေဟာ တော်တော်လေးကို ကောင်းမွန်ပါတယ်။”ဟု မြန်မာနိင်ငံအလုပ်သမားတပ်ပေါင်းစုမှ ဦးမောင်မောင်ကပြောသည်။

MAIဘဏ်အကောင့်များကို UOBက ပိတ်သိမ်းခြင်းသည် သယ်ယူပို့ဆောင်ရေး၊ခရီးသွားကဏ္ဍမှတဆင့် စစ်အုပ်စုရရှိသော နိုင်ငံခြား​ငွေပမာဏ အများအပြားကိုရပ်တန့်ခြင်း သည်ပုံပေါ်လာပြီ ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အုပ်စုသည် ပြည်သူများကိုမတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ရန် နိုင်ငံခြားငွေမျာ့းကို စစ်လက်နက်ပစ္စည်းများ၊ စစ်ထောက်ပံ့ရေး ပစ္စည်းများ၊ လောင်စာဆီများ ဝယ်ယူနေခြင်းဖြစ်သည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို ဘဏ်အကောင့်များဖွင့်လှစ်ခြင်း၊ ငွေကြေးစီးဆင်းမှုများ ပေးမလုပ်ကြပါရန်နှင့် စစ်အုပ်စုအား ပူးပေါင်းဆောင်ရွက် ခြင်းများပြုလုပ်ပါက (Secondary Sanctions)တဆင့်ခံအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခံရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက သတိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာတွင်ဘဏ်များပိတ်ခံနေရ၍ ကူဝိတ်နိုင်ငံကို ချဉ်းကပ်ပြီးဘဏ်အကောင့်များဖွင့်လှစ်နိုင်ရန် ကြိုးစားနေသည်ဟု ဦးမောင်မောင်ကပြောသည်။ ကူဝိတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုကို သတိထားပြီးစစ်ကောင်စီကိုကူညီနိုင်မည်မဟုတ်ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

MAIလေကြောင်းလိုင်းအနေဖြင့်၂၀၂၃ ခုနှစ်၊ဇူလိုင်လ(၃၁)ရက်နေ့မှ စတင်၍ UOB ဘဏ်ကို အသုံးပြု၍ ငွေပေးချေများကို ဆောင်ရွက်ရန်ခွင့်မပြုကြောင်းနှင့် MAI ၏ UOB ဘဏ်ရှိ ဘဏ်စာရင်းများ အားလုံးကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း UOBဘဏ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

MAIလေကြောင်းလိုင်းသည် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်နီးစပ်သည့် ခရိုနီဦးအောင်အောင်ဇော်ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၎င်းသည် 24 Hour လုပ်ငန်းစုကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ခရိုနီဦးအောင်အောင်ဇော်ပိုင်ဆိုင်သည့် 24 Hour လုပ်ငန်းစုသည် ကမ္ဘောဇလုပ်ငန်းစု ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် နီးစပ်သည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။