Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျင်ဒွေးမြို့ဦးတည်သည့် စစ်ကောင်စီတပ်ကို ကန်ပက်လက် CDF တိုက်ခိုက်

ပြည်သူလူထုများအနေဖြင့်လည်း လတ်တလော အခြေအနေတွင် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်များကို လိုက်နာရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန် ဒေသခံသတင်းရင်းမြစ်က တိုက်တွန်းထားသည်။

(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ - Khonu Battalion)
(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ - Khonu Battalion)

▪︎စစ်ယာဉ်တန်းရှေ့မတိုးနိုင်၍ တိုက်လေယာဉ် ၅စီး ပစ်ကူပေး

“ဂျက်ဖိုက်တာ ၅စီးကို အသုံးပြုပြီး ပစ်ကူပေးလို့ နောက်ဆုတ်ရတဲ့ အနေအထားမဟုတ်ဘဲနဲ့ မြေပြင် တိုက်ပွဲဖြစ်ပြီးတော့မှ ကျည်ဆံကုန်လို့ နောက်ဆုတ်ရတဲ့ အနေအထားမျိုးပဲ”

မကွေးတိုင်း ဆောမြို့နယ်မှ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သွားသည့် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဆော – ကန်ပက်လက်နယ်စပ် မဆာတွီရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး ယနေ့ (ဇူလိုင် ၁၈ရက်) နံနက် ၁၀နာရီခွဲအကျော်တွင် လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ကန်ပက်လက်နှင့် ဆောဒေသခံများက ပြောသည်။

(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ - Khonu Battalion)
(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ – Khonu Battalion)

” မဆာတွီနားမှာ လေယာဉ်ပစ်တယ်ပြောတယ်။မဆာတွီကဆောမြို့နယ် အဆုံး ကန်ပက်လက်မြို့နယ်အစပေါ့။အဲဒီမှာ တိုက်ပွဲဖြစ်တာ။ CDFတွေကနေ သူတို့ ကားတန်းကို စောင့်ပြီးမှ ပစ်ပုံတူတယ်။ သူတို့ကတော့ ရှုံးမယ့်ပုံစံရှိရင် လေကြောင်းပဲ ကူတာ။ သူတို့ရှေ့တိုးလို့မရလို့ပေါ့”ဟု ဆောမြို့နယ် ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မဆာတွီရွာနှင့်အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ ၏ နေအိမ်များစွာပျက်စီးခဲ့သည်ဟု ကန်ပက်လက်နယ်ခံ သတင်းရင်းမြစ်က ပြောသည်။

“စစ်ကောင်စီကနေ လေယာဉ် ၅စီးနဲ့ မဆာတွီရွာရယ် ပြီးတော့ အနီးပတ်ဝန်းကျင်အားလုံးကို ဗုံးကြဲသွားတယ်လို့ ကြားရတာပေါ့။ အရပ်သားထိခိုက်မှုကတော့ လောလောဆယ် အနေနဲ့ စစ်ကြောင်း လာကတည်းက စစ်ကြောင်းသွားမယ့်လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေအားလုံးကို ပြောင်းရွှေ့ခိုင်းထားတဲ့ အနေအထားမျိုးဖြစ်တော့ အရပ်သားထိခိုက်မှုတော့မ ရှိဘူးလို့ ကြားတယ်။ နေအိမ်တွေကတော့ အများကြီးထိခိုက်တယ်လို့ ကြားရတာပေါ့”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က အထိနာသည်ဟု ပြောနိုင်ကြောင်းလည်း ဒေသခံက သုံးသပ်သည်။

Public Service Announcement
Public Service Announcement

“ဘာလို့လည်းဆိုရင် သူတို့ မတိုးနိုင်တာပေါ့။ CDF ကန်ပက်လက်က သူတို့ တက်လာလို့ မရအောင် ပိတ်ဆို့ပြီးတော့ လုပ်ထားတဲ့အခါမှာ သူတို့ လုံး၀ မတိုးနိုင်တဲ့အခါ လေယာဉ် ပစ်ကူ ယူပြီးတော့မှ လေယာဉ် ပစ်ကူပေးနေတဲ့ အချိန်အတွင်းမှာ စစ်ကြောင်းထိုးတယ်ပြောတယ်”ဟု ကန်ပက်လက်နယ်ခံ သတင်းရင်းမြစ်က ပြောသည်။

(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ - Khonu Battalion)
(ဗုံးကြဲတိုက်ခိုက်ခြင်းခံရသည့် မဆာတွီရွာအား တွေ့ရစဥ်။ဓာတ်ပုံ – Khonu Battalion)

စစ်ကောင်စီတပ်အနေဖြင့် ဆော – ကျင်ဒွေး မိုင်သုံးဆယ်ကျော်သာဝေးသည့် ခရီးကို ဇူလိုင် ၁၆ရက်တွင် စတင်ထွက်ခွာလာရာ ယင်းနေ့၌ပင် ဆောမြို့နယ် ရင်းကဲရွာအနီးတိုက်ပွဲဖြစ်ခဲ့သည်။ ရင်းကဲရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ နေအိမ် ၃၀၀ကျော်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။ ရင်းကဲရွာ၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ရဲဘော် ငါးဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အထိနာခဲ့သည်ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ကျင်ဒွေးသို့ ဦးတည်လျက်ရှိရာ သုံးရက်ကြာသည်အထိ မိုင်အနည်းငယ်သာ ရောက်ရှိနေကြောင်း၊ ကျင်းဒွေးမြို့သို့ရောက်ရှိရန် မိုင် ၂၀ကျော် ကျန်ရှိသေးပြီး CDF တပ်များကလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

” သူတို့အတွက်ကတော့ ရှေ့ဆက်ပြီး ပိုပြီး ခက်ခဲလာတာပဲရှိနိုင်တာပေါ့။ဘာလို့လဲဆိုတော့ ကျနော်တို့ ဒေသလေ။ ကျနော်တို့ ဒေသ ကျနော်တို့ နယ်မြေ ဘယ်လိုမျိုး သွားလာလှုပ်ရှားရမလဲဆိုတာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ဟာ အကုန်လုံးသိပြီးသားပဲ။ ဘယ်လိုပုံစံနဲ့လာလာ ပေါ့နော် ကျနော်တို့ အဆင်ပြေပြေနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်”ဟု ကန်ပက်လက်ဒေသခံက ပြောသည်။

အဓိက အခက်အခဲမှာ လက်နက်ခဲယမ်းပိုင်းဆိုင်ရာ လိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။

“လက်နက်လုံလောက်မှုလည်းမရှိဘူး။ ရှိတဲ့ လက်နက်မှာ အသုံးပြုဖို့ ကျည်ဆံဆိုလို့ရှိရင်လည်း မရှိတဲ့အနေအထား။ ဒီနေ့ ကျနော်ကြားရသလောက်ဆို ကျည်ဆံကုန်လို့ နောက်ဆုတ်ပေးလိုက်ရလို့ သူတို့ ရှေ့တိုးလို့ရတဲ့အနေအထား။စစ်ကောင်စီက ဂျက်ဖိုက်တာ ၅စီးကို အသုံးပြုပြီး ပစ်ကူပေးလို့ နောက်ဆုတ်ရတဲ့ အနေအထားမဟုတ်ဘဲနဲ့ မြေပြင် တိုက်ပွဲဖြစ်ပြီးတော့မှ ကျည်ဆံကုန်လို့ နောက်ဆုတ်ရတဲ့ အနေအထားမျိုးပဲ”ဟု ကန်ပက်လက် ဒေသခံကပြောသည်။

ရှေ့ဆက် ကျည်ဆံအလုံအလောက်ရှိပါက ယခုထက်ပိုပြီး တိုက်ခိုက်ပြနိုင်မည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

ပြည်သူလူထုများအနေဖြင့်လည်း လတ်တလော အခြေအနေတွင် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်များကို လိုက်နာရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန် ဒေသခံသတင်းရင်းမြစ်က တိုက်တွန်းထားသည်။

“အဲဒါမှ ရန်သူ စကစတပ်ကို အကောင်းဆုံး အနေနဲ့ ဟန့်တားချေမှုန်းနိုင်လိမ့်မယ်။ ပြည်သူတွေအနေနဲ့ CDF ကန်ပက်လက်နဲ့ အကောင်းဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ကန်ပက်လက် ဒေသခံက ပြောသည်။