Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ကိုထိန်လင်းက ယနေ့ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း
တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း

▪︎”ကျဆုံးသွားတဲ့ လူတွေကို အမှတ်ရသလို တိုက်ပွဲဝင်နေရတဲ့ လူတွေကိုလည်း သတိတရ ရှိပေးလို့လိုပါတယ်။ကြွေလွင့်သွားတဲ့လူတွေကတော့ ကြွေလွင့်ခဲ့ပြီပဲလေ။ ဒါပေမယ့် သူတို့ရဲ့ အိပ်မက်တွေကို ဖြည့်ပေးဖို့ အကောင်အထည်ဖော်ပေးဖို့၊ သူတို့မျှော်လင့်ချက်တွေ အလဟသ မဖြစ်ဖို့တော့ ကြိုးစားဖို့ လိုပါတယ်”- ကိုထိန်လင်း

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အလှည့်အပြောင်းကို အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားဖြစ်၍ တိုင်းပြည်ကို ပြည်တွင်းစစ်မီးထဲ ပိုမရောက်ရှိရေး ပြည်တွင်း၊ ပြည်ပ စည်းလုံးစွာ လုပ်ဆောင်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်က တိုက်တွန်းသည်။

“ခုနှစ်သက္ကရာဇ်တွေသာ ပြောင်းသွားတာ အခြေအနေတွေကတော့ ဒုံရင်းဖြစ်တာမို့ ကျွန်​တော် ပါးချင်တဲ့ သတင်းစကားကလည်း မနှစ်ကလို ပါပဲ။ ကျွန်​တော့ အဘိုး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး ခရီးရှည်အတွက် အသက်ပေးခဲ့ကြသူ အားလုံးအတွက် ဂုဏ်ပြုကြတဲ့ အချိန် ရောက်လာပြန်ပါပြီ။ စစ်တပ်ဟာ မရေမတွက်နိုင်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်များစွာကို ဆက်တိုက် ကျူးလွန်လျက်ရှိပြီး တိုင်းပြည်ကလည်း စစ်မီးတင်ရှို့ခံနေရပါတယ်။ သူတို့အနေနဲ့ ဒါတွေကို ရပ်ဖို့ဆိုတာကလည်း မနှစ်ကထက်တောင် အနိဌာရုံတွေက ပိုများနေတာကို တွေ့ရပါတယ်”ဟု​ပြောသည်။

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ကိုထိန်လင်းက ယနေ့ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ကျဆုံးသွားတဲ့ လူတွေကို အမှတ်ရသလို တိုက်ပွဲဝင်နေရတဲ့ လူတွေကိုလည်း သတိတရ ရှိပေးလို့ လိုပါတယ်။ ကြွေလွင့်သွားတဲ့လူတွေကတော့ ကြွေလွင့်ခဲ့ပြီပဲလေ။ ဒါပေမယ့် သူတို့ရဲ့ အိပ်မက်တွေကို ဖြည့်ပေးဖို့ အကောင်အထည်ဖော်ပေးဖို့၊ သူတို့မျှော်လင့်ချက်တွေ အလဟသ မဖြစ်ဖို့တော့ ကြိုးစားဖို့ လိုပါတယ်။ ရှင်လျက်နဲ့ ဆုံးရှုံးမှုတွေ နာကျင်မှုတွေကို ခံစားနေရသလို ဒီဒဏ်ရာတွေနဲ့ပဲ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တိုက်ပွဲဝင်နေရတာကလည်း ပိုနာကျင်ရပါတယ်”ဟု​၎င်းကတိုက်တွန်းသည်။

မြန်မာစစ်တပ်သည် မရေမတွက်နိုင်သည့် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော လုပ်ရပ်များစွာကို ဆက်တိုက် ကျူးလွန်လျက်ရှိပြီး တိုင်းပြည်မှာ စစ်မီးတင်ရှို့ခံနေရကာ စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်မှုများ ရပ်တန့်မည်မဟုတ်ဘဲ ယခင်ထက်ပင် ပိုမိုကျူးလွန်လာသည်ကို တွေ့ရကြောင်း ကိုထိန်လင်းက ပြောသည်။

“ကျွန်​တော့ အမေ အဖမ်းခံရကတည်းက စစ်တပ်က သူနဲ့ ကျနော် အဆက်အသွယ်လုပ်ခွင့် မပေးပါဘူး။ ကျွန်​တော်​တောင်းဆိုသမျှကိုလည်း ဘာမှအကြောင်းမပြန်ပါဘူး။ ဒါက ဗမာပြည်မှာ (တခြားလူတွေမှလည်း) ဖြစ်လေ့ရှိတဲ့ အရာပါပဲ။ လက်ရှိကြုံနေရတဲ့ အနိဌာရုံမြင်ကွင်း သတင်းတွေထက်စာရင်တော့ ဒါက မပြောပလောက်ပါဘူး”ဟု​​ဒေါ်​အောင်ဆန်းစုကြည်၏ အငယ်ဆုံးသားဖြစ်​သောကိုထိန်လင်းက သူ့အ​တွေ့အကြုံကိုပြောသည်။

တချိန်တည်းတွင် နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ မြန်မာပြည်တွင် ရှိမနေဘဲ ပြည်ပမှ လုံလောက်သည့် အကူအညီမရှိဘဲ မြန်မာပြည်သူများသည် စစ်တပ်ကို ခုခံ တိုက်ပွဲဝင်နေရကြောင်း နိုင်ငံတကာအစိုးရများ၏ ပျက်ကွက်နေမှုကို ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ အစိုးရများက အရေးယူလုပ်ဆောင်ရန် ပျက်ကွက်နေသော်လည်း နိုင်ငံတကာမှ ပြည်သူများက ၎င်းတို့ ကူညီနိုင်သည်များကို ကူညီပေးနေကြောင်းနှင့် ယင်းအကူအညီများမှာ လက်ရှိတွင် အမှန်တကယ် လိုအပ်နေကြောင်း ပြောသည်။

အဆုံးသတ်တွင် ကိုထိန်လင်းက “ပြောင်းလဲမှု ကြီးကြီးမားမား သိပ်မရှိဘူးလို့ ထင်ရပေမယ့် လက်ရှိ ပစ္စုပ္ပန်ကို အာရုံစိုက်မယ် ဆိုရင် ကျနော်တို့အားလုံး လုပ်နေတာက အနာဂတ်အတွက် အကောင်းအတွက်ချည်းပါပဲ။ ကျနော် နောက်ဆုံး အနေနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အပေါ် ယုံကြည်မှုအတွက် အသက်ပေးခဲ့တဲ့၊ အဖမ်းခံရချိန်မှာ သေဆုံးသွားတဲ့ ဗမာလက်ဝှေ့သမား တူးတူးကို အလေးပြုချင်ပါတယ်။ အခြားသော သူရဲကောင်းတွေလိုပဲ သူ့(နာမည်) ကို အောက်မေ့ သတိတရ ရှိနေမှာပါ” ဟု ပြောသည်။