Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေး-ချင်းနယ်စပ် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးသေ၊ အများအပြား ဒဏ်ရာရဟု ကန်ပက်လက် CDF အသိပေး

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၁၉ရက်တွင် ဆောမြို့နယ်မှ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်း တစ်ခု ကန်ပက်လက်မြို့နယ်သို့ ဦးတည်ပြီး စစ်ကူပေးရန် စစ်ရေးလှုပ်ရှားလာနေသည်ဟု ဆောဒေသခံက ယနေ့ ပြောကြားသည်။

(ချင်းကာကွယ်​ရေးတပ်-CDFကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)
(ချင်းကာကွယ်​ရေးတပ်-CDFကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)

▪︎လက်နက်၊ခဲယမ်း၊ ရိက္ခာများအရေးပေါ်လိုအပ်နေ၍အမြန်ထောက်ပံ့ပေးရန်ပြည်သူများအားမေတ္တာရပ်ခံ

ချင်းပြည်နယ်နှင့်မကွေးတိုင်းအစပ် ဆောမြို့နယ်နှင့်ကန်ပက်လက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၆ရက်မှ ၁၉ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကို ယနေ့ ညနေပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်၁၆ ရက်က ဆောမြို့နယ် ဆွဲလွဲကျင်းရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင် ၁၈ရက် ကလည်း ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ် မဆာတွီရွာအကြား၌ တိုက်ပွဲဖြစ်ပွားရာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ဇူလိုင် ၁၈ရက်၌ပင် နောက်ထပ်တစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် မဆာတွီရွာကို ပစ်မှတ်ထားပြီး တိုက်လေယာဉ် ၅စီးဖြင့် အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ရာ BCM ဘုရားကျောင်းအပါအဝင်လူနေအိမ် (၇)လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု ​ဖော်ပြထားသည်။

ယနေ့တွင်လည်း မဆာတွီ ကျေးရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၅ ဦးထပ်မံသေဆုံး၍ ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟုအသိပေးထားသည်။

တိုက်ပွဲများအတွင်းပူးပေါင်းတပ်ဖွဲ့များဘက်ကရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ပြီးတစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟုဆိုသည်။ပြည်သူများအနေဖြင့်လည်း တိုက်ပွဲဝင်ရန်အရေးပေါ် လိုအပ်နေသည့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများအား အမြန်ဆုံး ထောက်ပို့ပေးပါရန်နှင့် ဆုတောင်းခြင်းဖြင့် ပါဝင်ပေးကြပါရန် ကန်ပက်လက် CDFက မေတ္တာရပ်ခံထားသည်။လက်ရှိတွင်ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့ကို ဦးလာသည့်စစ်ကောင်စီတပ် ယာဉ်တန်းကို CDFနှင့် ပူးပေါင်းတပ်ဖွဲ့က ဟန့်တားနိုင်ရန် ကြိုးပမ်းလျက်ရှိရာ အဓိက အခက်အခဲမှာ လက်နက်ခဲယမ်းလိုအပ်ချက်ဟု ကန်ပက်လက်ဒေသခံက ပြောကြားထားသည်။

“လက်နက်လုံလောက်မှုမရှိဘူး။ ရှိတဲ့ လက်နက်မှာ အသုံးပြုဖို့ကျည်ဆံဆိုလို့ရှိရင်လည်းမရှိတဲ့အနေအထား။ဒီနေ့ကျနော်ကြားရသလောက်ဆို ကျည်ဆံကုန်လို့ နောက်ဆုတ်ပေးလိုက်ရလို့ သူတို့(စစ်ကောင်စီစစ်ကြောင်း)ရှေ့တိုးလို့ရတဲ့အနေအထား၊စစ်ကောင်စီကဂျက်ဖိုက်တာ ၅စီးကို အသုံးပြုပြီး ပစ်ကူပေးလို့ နောက်ဆုတ်ရတဲ့ အနေအထားမဟုတ်ဘဲ နဲ့ မြေပြင် တိုက်ပွဲဖြစ်ပြီးတော့မှ ကျည်ဆံကုန်လို့ နောက်ဆုတ်ရတဲ့ အနေအထားမျိုးပဲ”ဟုကန်ပက်လက်ဒေသခံတစ်ဦးကဇူလိုင် ၁၈ ရက် က ပြောကြားသည်။

သို့ရာတွင်စစ်ကောင်စီတပ်အနေဖြင့် ရှေ့ဆက်တိုးလာပါက ပို၍ ခက်ခဲလာနိုင်ကြောင်း၊ နယ်မြေအနေအထားအရ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟုယူဆကြောင်း ဒေသခံကပြောသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၁၉ရက်တွင် ဆောမြို့နယ်မှ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်း တစ်ခု ကန်ပက်လက်မြို့နယ်သို့ ဦးတည်ပြီး စစ်ကူပေးရန် စစ်ရေးလှုပ်ရှားလာနေသည်ဟု ဆောဒေသခံက ယနေ့ ပြောကြားသည်။

ဆောနယ်မှကျင်ဒွေးသို့ဦးတည်သည့်စစ်ကောင်စီယာဉ်တန်းဝင်လာ၍ လမ်းတလျှောက်ကျေးရွာများမှ ဒေသခံ ပြည်သူများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။