Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်း – မကွေးအစပ် ကန်ပက်လက်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်း

ဇူလိုင် ၁၆ရက်မှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော််များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော််များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF)

“ရင်းကဲ(ရွာ)မှာ မီးရှို့တဲ့အဖွဲ့ပေါ့။ အတော်များများ ကျသွားတာ ။ မနေ့က တိုက်ပွဲမှာ” – ဆောနယ်ဒေသခံ

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့နယ်အကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင် ၁၆ရက်မှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့(ဇူလိုင် ၁၈ရက်)တွင် အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မဆွာတီရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊၅၊၆)များ၊ မကွေးခရိုင် တပ်ရင်း (၁)၊ မင်းဘူး ခရိုင်တပ်ရင်း(၁)၊ (၃၊၄၊၆)၊စလင်း(ပကဖ)နှင့် CDF ခေါနုတပ်ခွဲတို့မှ ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၅၀ထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲမတိုင်ခင်ကလည်း ဆောမြို့နယ် ရင်းကဲရွာအနီးတွင် ယင်းစစ်ယာဉ်တန်းကိုပင် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ စစ်ကောင်စီတပ်သားသေဆုံးထိခိုက်အခြေအနေကို သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။

အင်အား ၃၀၀ ခန့်ပါ အဆိုပါ စစ်ယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသည်မှာ လေး ရက်ဆက်ရှိပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) က ယနေ့ထုတ်ပြန်သည်။

“အထိနာနေတဲ့ စစ်ကောင်စီဟာလေကြောင်း တိုက်ခိုက်မှုတွေပါအသုံးပြုပြီးတိုက်ပွဲတွေပြင်းထန်နေချိန်မှာယနေ့ ၁၉.၇.၂၀၂၂ နေ့မှာလည်းပဲ မကွေးတိုင်း ဆောမြို့က အင်အား ၁၇၀ ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ ချင်းပြည်၊ကန်ပက်လက်ဖက်ကိုဦးတည်စစ်ကြောင်းထွက်လာပြန်ပါတယ်”ဟု ကန်ပက်လက် CDF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆောမြို့နယ်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီစစ်ကူတပ်များ ကန်ပက်လက်နယ်သို့ တက်သွားပြီဖြစ်ကြောင်း ပြောသည်။

“တက်သွားကြပြီ။ ၁၂၀ ကျော်။ ဟိုမှာက ၈၀ လောက်ကျသွားတယ်ဆိုတော့ ထပ်ဖြည့်တာ။ ရင်းကဲမှာ မီးရှို့တဲ့အဖွဲ့ပေါ့ အတော်များများ ကျသွားတာ ။ မနေ့က တိုက်ပွဲမှာ။ သူတို့ လေယာဉ် ၅ခါလောက်ပစ်သွားတာကိုး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က မဆာတွီရွာ နှင့် အနီးဝန်းကျင်ကို ဗုံး ၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည် ကန်ပက်လက်ဒေသခံက ပြောသည်။

မကွေးတိုင်းဆောမြို့နှင့် ချင်းပြည်၊ကန်ပက်လက်မြို့သည် ၁၂ မိုင်သာ ကွာဝေးသောကြောင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများဖြစ်လာနိုင်ကြောင်း ကန်ပက်လက် CDFက ယနေ့ ထုတ်ပြန်ပြီး ပြည်သူများ သတိရှိရန် တိုက်တွန်းထားသည်။

ထို့ပြင် အဝေးရောက် ပြည်သူများအနေဖြင့်လည်း မိမိဇာတိမြို့အား အကြီးအကျယ် စစ်ကြောင်းဖြန့် ထိုးစစ်ဆင်ခံနေရချိန်၌ကျရာကဏ္ဍမှ နိုင်ရာဝန်ထမ်းပေးရန် နှိုးဆော်ထားသည်။

တိုက်ပွဲတွင်အထိနာသည့် စစ်ကောင်စီတပ်သည်ဇူလိုင် ၁၆ရက်က ရင်းကဲရွာတစ်ရွာလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

ယခု စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဒေသများ၌လည်း ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်။ လက်ရှိတွင် ကန်ပက်လက် ဒေသခံ စစ်ရှောင်ဦးရေ ၁၅၀၀ခန့်ရှိကြောင်း ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေထားသည်။