Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးရရှိဖို့ ဆက်လက်ချီတက်သွားမယ်လို့ NUG ယာယီသမ္မတ ကတိပြု

စစ်အုပ်စုရဲ့ မတရားသတ်ဖြတ်ခံရတဲ့ ဦးဂျင်မီတို့လေးဦးအပါအဝင် အာဇာနည်ရဲဘော်များ ရည်မှန်းထားခဲ့သော စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးရရှိဖို့ ဆက်လက်ချီတက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGယာယီသမ္မတ ဒူဝါလရှီးလက ကတိသစ္စာပြုပါတယ်။ အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခဲ့တဲ့ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦးရဲ့ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားမှာ NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များရဲ့ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို ဒီနေ့ အလေးအနက် ကတိပြုလိုက်တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အရင်ကတည်းက ထားရှိခဲ့တဲ့ တော်လှန်ရေးသစ္စာ၊ တော်လှန်ရေး အဓိဋ္ဌာန်အတိုင်း တော်လှန်ရေးခရီးကြမ်းကို ဆက်လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြမယ်လို့ ယာယီသမ္မတက ကတိသစ္စာပြုပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဦးဂျင်မီတို့သာမက အဲဒီဖြစ်စဥ်ရှေ့ပိုင်းနဲ့ နောက်ပိုင်းမှာ တော်လှန်ရေးလှုပ်ရှားမှုရဲ့ ပေးဆပ်မှု ဆက်လက်ရှိနေပြီး အဲဒီပေးဆပ်မှုများက မြန်မာပြည်သူများလိုလားတဲ့ လူ့အဖွဲ့အစည်းအသိုက်အဝန်းတစ်ခုမှာ မည်မျှတန်ဖိုးကြီးသည်ကို အသက်များဖြင့် ရင်းနှီးကာ သက်သေပြနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

(ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် သေဒဏ်စီရင်ခံရသူလေးဦးအတွက် ချက်သမ္မတနိုင်ငံမှာ သြဂုတ် ၃ ရက်က ဂုဏ်ပြုပွဲကျင်းပနေတဲ့မြင်ကွင်း။ ဓာတ်ပုံ-Igor Blazevic၊ ဦးလင်းသန့်)
(ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် သေဒဏ်စီရင်ခံရသူလေးဦးအတွက် ချက်သမ္မတနိုင်ငံမှာ သြဂုတ် ၃ ရက်က ဂုဏ်ပြုပွဲကျင်းပနေတဲ့မြင်ကွင်း။ ဓာတ်ပုံ-Igor Blazevic၊ ဦးလင်းသန့်)

▪️နှစ်​သောင်းတန် ဂယက်​ကြောင့် ​ဒေါ်လာနဲ့ ​ရွှေ​ဈေးတဟုန်ထိုးမြင့်တက်

အာဏာသိမ်းစစ်ကောင်စီက ကျပ်ငွေနှစ်သောင်းတန်ထုတ်​ဝေမယ်လို့ ​ကြေညာလိုက်ပြီးနောက် ပြင်ပ​ငွေ​ကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ​ကျော်အထိ ခေါ်ဈေးရှိလာပေမယ့် ရောင်းသူမရှိဘူးလို့ ငွေလဲ​ကောင်တာပိုင်ရှင်အချို့ကပြောပါတယ်။ နှစ်သောင်းတန် သတင်းကြားရကတည်းက ဒေါ်လာဈေးကတက်နေတာဖြစ်ပြီး ငွေလဲနှုန်းတွေက တရိပ်ရိပ်တက်နေတာလို့ သူက ဆိုပါတယ်။ ဒေါ်လာဈေးသာမက ထိုင်းဘတ်၊ တရုတ်ယွမ်၊ ဂျပန်ယန်းဈေးများလည်း တရှိန်ထိုးမြင့်တက်လာတယ်လို့ သိရပါတယ်။ ​ရွှေ​ဈေးမှာလည်းတက်လာပြီး ပြည်တွင်းအခေါက် ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၃၆ သိန်းအထိမြင့်တက်လာပြီး ရွှေဆိုင်အများစုမှာ အရောင်းပိတ်ထားတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

(စစ်​ကောင်စီ ထုတ်​ဝေမည့် ၂၀၀၀၀ တန်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ ထုတ်​ဝေမည့် ၂၀၀၀၀ တန်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪️မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၅၅) တိုက်ခိုက်ခံရ

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၅၅)ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆)က ထုတ်ပြန်ပါတယ်။ ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲ – လွိုင်ကော် လမ်းမကြီး အတိုင်းဆင်းလာတဲ့ တပ်မ(၅၅)ကို ဖယ်ခုံPDF တပ်ရင်း(၁၀၀၆)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃တို့က ဇူလိုင် ၂၁ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိတယ်လို့ အသိပေးပါတယ်။ မနေ့ကအထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကန်းကျိုင်းနဲ့ ဆောင်ကန်း (ရှမ်း)ရွာတို့မှာ လက်ရှိတပ်စွဲထားကာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ
မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ

▪️ကွတ်ခိုင်တိုးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အေးရှားဝေါတိုးဂိတ်အနီးရှိ စစ်ကောင်စီ တပ်စွဲရာနေရာမှာ စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံက ပြောပါတယ်။ မနေ့ ညပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံး အခြေအနေများကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ရှမ်းမြောက်ဒေသနဲ့ ကချင်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိတဲ့ 7stars News ရဲ့ ဖော်ပြချက်မှာ အရက်မူးနေတဲ့ စစ်ကောင်စီအရာရှိက အောက်လက်ငယ်သားများကို ဆဲဆိုကြိမ်းမောင်းတဲ့အပေါ် တပ်သားတစ်ဦးက အရာရှိကို ပစ်ခတ်ခဲ့တာလို့ဖော်ပြပါတယ်။

(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ - CJ)
(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ – CJ)

▪️ဇင်းကျိုက်မြို့ရှိ စားသောက်ဆိုင်မှာ နယ်ထိန်းရဲအရာရှိတစ်ဦးနဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ နယ်ထိန်းရဲအရာရှိတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ပစ်ခတ်ခံရသူနှစ်ဦးဟာ နယ်ထိန်းဖြိုးဇော်အောင်နဲ့ သူ့အဖော်တစ်ဦးတို့ဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံကတစ်ဦးက ပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ မနေ့ ညနေပိုင်းက ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

▪️လက်နက်လာပို့တဲ့ စစ်တပ်က ချင်းတွင်းမြစ်ဘေးရှိကျေးရွာများကို ပစ်ခတ်နေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လက်နက်လာပို့တဲ့ စစ်ကောင်စီ​ရဲ့ မော်တော်ရေယာဉ်သုံးစင်းက ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို ပစ်ခတ်နေလို့ ကျေးရွာအများအပြားမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာတဲ့ စစ်ကောင်စီ မော်တော်သုံးစင်းဟာ ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မော်တော်ရေယာဥ်များဟာ မုံရွာမြို့သို့ လက်နက်လာပို့တယ်လို့ သိရပြီး ၎င်းတို့ရဲ့ ရမ်းသစ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများဟာ မိုးရွာနေတဲ့ကြားက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများက ပြောပါတယ်။

(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

အဆိုပါ မော်တော်ယာဉ်များသည် မုံရွာမြို့သို့ လက်နက်လာပို့သည်ဟုသိရပြီး မြစ်ကမ်းဘေးရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခက်နေ၍ ဒေသခံပြည်သူများ မိုးရွာနေသည့်ကြားက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

▪️ရွှေဘိုနယ် တည်သီးတောပျူစခန်းကို မဟာမိတ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေး​ရွာပျူစောထီးစခန်းကို မဟာမိတ်များပူးပေါင်းတိုက်ခိုက်ရာ ၉ ဦးသေဆုံးပြီး သေနတ် သုံးလက်နဲ့ စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ တည်သီးတောကျေးရွာအနီးရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ သေနတ် သုံးလက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် (ပကဖ) အဖွဲ့က အသိပေးပါတယ်။ တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ကာ အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ မဟာမိတ်အဖွဲ့များက ပြောပါတယ်။

(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)
(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)